iMyanmarHouse.com - Best Property Website for Myanmar
×










တစ်နေ့ ရပ်ကွက်အတွင်း မှ မိတ်ဆွေ တစ်ဦး၏ သမီး စေ့စပ်ပွဲတွင် မင်္ဂလာစကား ပြောပေးရန် ဖိတ်သဖြင့် သွားရောက် ခဲ့သည်။ မြန်မာ လူမျိုးတို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ နှင့်အညီ နှစ်ဖက်မိဘ ဆွေမျိုး မိတ်သင်္ဂဟ စုံစုံလင်လင်ဖြင့် မိသားဖသား ပီပီသသ စေ့စပ်သည့် မင်္ဂလာပွဲ တစ်ပွဲ ဖြစ်သည်။ မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ နှင့်အညီ စေ့စပ်ပွဲတွင် အမျိုးသားဘက် မှ တတ်နိုင်သည့် လက်ဖွဲ့ပစ္စည်း များကို တင်၍ တောင်းသည့် ဓလေ့သည်လည်း ရှိနေ သေးသည်ကို တွေ့မြင်ရသည်။ စေ့စပ်ပွဲ အခမ်းအနား ပြီးသည့်နောက် စကားဝိုင်းဖွဲ့၍ ကြုံရာဆုံရာ စကားများ ပြောနေသည့် ထဲမှ အသက် ၈၇ နှစ်ရှိ အဘိုး ဦးထွန်းပေါ် ဆိုသူ၏ စကားများက မဆန်းဘဲနှင့် ထူးခြား နေသည်မို့ သတိပြု၍ နားထောင် နေမိသည်။ ''ကျွန်တော်က အခုအသက် ၈၇ နှစ်ထဲ ရောက်နေ ပါပြီ။ ငယ်ငယ် ကတည်းက အခု အသက်အရွယ် ထိ လိမ်မပြောဘူး။ ညာမပြောဘူး။ မဟုတ်တာ ဆိုတာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ တောမှာနေ တောမှာကြီးပြီး တောအလုပ် ကိုပဲ ငယ်ငယ် ကတည်းက ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ စည်းနဲ့ကမ်းနဲ့ လုပ်တယ်။ စည်းနဲ့ကမ်းနဲ့ သုံးတယ်။ စုဆောင်းတယ်။

သား၊ သမီးတွေ မြေးတွေ ရှိတယ်။ ဆုံးမသင့်တာ ဆုံးမတယ်။ ပြောသင့်တာ ပြောတယ်။ ပြောဆိုဆုံးမ ရမှာက ကျွန်တော့် တာဝန်ပဲ။ နားထောင်တာ၊ နားမထောင်တာ ကတော့ သူတို့ တာဝန်ပဲ။ အထူးသဖြင့် ငယ်ရွယ်တဲ့ သူတွေဟာ ဘဝအကြောင်း ကောင်းကောင်း မသိကြသေးဘူး။ သက်ကြီးစကား သက်ငယ်ကြား ဆိုသလို အသက်အရွယ် ကြီးသူတွေဟာ ဘဝရဲ့ အတွေ့အကြုံ တွေ အများကြီး ရှိကြတယ်။ ဒါကြောင့် ကြီးသူ တွေရဲ့ စကားကို နာယူမှတ်သား ကြရတယ်။ လောကမှာ အတန်းပညာ တစ်ခုတည်း ပြည့်စုံရုံနဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ မပြည့်စုံ နိုင်ဘူး။ အတန်း ပညာနဲ့ အသိပညာ ဗဟုသုတတွေ ပေါင်းစပ်ပြီး လုပ်မှ ဘဝတစ်ခု ပြည့်စုံ အောင်မြင်နိုင်မှာ ဖြစ်တယ်။ ပြီးတော့ အစစအရာရာ စည်းကမ်းရှိဖို့ လိုအပ်ပါတယ်။စည်းကမ်းဆိုလို့ သတိရလို့ ပြောရအုံးမယ်။ ကျွန်တော်က ငယ်ငယ် ကတည်းက အခုထိ ရေချိုးရင် ရေတွင်းထဲက ရေကို ပုံးနဲ့ငင် ကန်ထဲ ထည့်ပြီးမှ ဖလားနဲ့ ခပ်ချိုးတယ်။ ဘာကြောင့် ဒီလို ချိုးလဲဆိုတော့ ရေကို အဟောသိကံ မဖြစ်အောင် ချိုးတာ ဖြစ်ပါတယ်။ ဖလားနဲ့ ခပ်ပြီးချိုး တော့ ရေနည်းနည်း နဲ့ ခန္ဓာကိုယ်ပေါ် နှံ့နှံ့စပ်စပ် ရေစိုတယ်။ ရေငင်ပြီးပုံး လိုက်ချိုးရင် ကိုယ်ပေါ်စိုတဲ့ ရေက နည်းနည်း ဘေးရောက် သွားတဲ့ရေက များများ ဒီတော့ရေက အလဟဿ ဖြစ်သွားတာပေါ့။ အဲဒါ ကျွန်တော့် မြေးတွေက ပြောကြတယ်။

တို့အဘက ရေတောင်မှ နှမြောတယ်လို့ ဆိုကြတယ်။ ဒါ ရေကို နှမြောတာ မဟုတ်ဘူး။ ရေချိုးတာက အစ စည်းကမ်းနဲ့ ချိုးတာ'' ဟုပြောသည်။ ထိုအချိန်တွင် နားထောင် နေကြသူများ ထဲမှ ရှေ့နေတစ်ဦး က ''အဘပြောတဲ့ ရေစည်းကမ်းကို ထောက်ခံ ပါတယ်။ ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ် တစ်အုပ်ထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက စာရေးဆရာ တစ်ဦး အမေရိကန် နိုင်ငံကို ရောက်တော့ မိတ်ဆွေ သန်းကြွယ် သူဌေးကြီး အိမ် သွားလည်တယ်။ အဲဒီမှာ အိမ်သာ တက်ချင်လို့ ရေအိမ်ဝင် ပါတယ်။

ကိစ္စပြီးလို့ ပြန်ထွက် လာတော့ ရေဘဲ (ခလုတ်) ပိတ်ဖို့ မေ့နေခဲ့တယ်။ နောက်တော့ သူ့မိတ်ဆွေ သန်းကြွယ် သူဌေးကြီးက ပြောတယ်။ မိတ်ဆွေ စည်းကမ်း မရှိဘူး။ ရေအိမ်ဝင်ပြီး ရေဘဲ မပိတ်ခဲ့တဲ့ အတွက် ရေတွေ အလဟဿ ဖြစ်ကုန်ပြီလို့ ပြောသတဲ့။ ဒီတော့ စာရေးဆရာက သန်းကြွယ် သူဌေးကြီး ဖြစ်နေပြီး ရေတောင်မှ နှမြောတယ် လို့ပြောတော့ ဒါနှမြော လို့ပြောတာ မဟုတ်ဘူး စည်းကမ်း မရှိတာကို ပြောတာ'' ဟု ဆိုပါသည်။ ဒါကြောင့် အဘ ဦးထွန်းပေါ် နှင့် အမေရိကန် သန်းကြွယ် သူဌေးကြီး တို့သည် အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အလုပ်အကိုင်၊ အပြောအဆို အားလုံးကို သူ့နေရာနှင့် သူ စည်းနှင့် ကမ်းနှင့် စနစ်တကျ နေထိုင်ကြ ခြင်းကြောင့် ဘဝ၏ အောင်မြင် တိုးတက်ခြင်း အကျိုးတို့ ဖြစ်ထွန်းနေကြ ခြင်းဖြစ်သည်။ အတုယူဖွယ်ရာ ဗဟုသုတများ ဖြစ်သည်။ မျက်မှောက် ကာလတွင် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ခုလုံး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက် အကောင် အထည်ဖော် လျက်ရှိ နေသည်။ ဒီမိုကရေစီ၏ အခြေခံ သဘောတရား သည် ''စည်းကမ်း'' ဖြစ်သည်။

ဒီမိုကရေစီ ၏ အနှစ်သာရ သည် ''ငြိမ်းချမ်း သာယာခြင်း'' ဖြစ်သည်။ ဤသို့ အားဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရာတွင် နိုင်ငံသူ နိုင်ငံသား အားလုံးတို့က တံတွေးထွေး၊ အမှိုက်ပစ် တာက စလို့ အစားအသောက်၊ အနေအထိုင်၊ အဝတ်အစား၊ အသွားအလာ၊ အလုပ်အကိုင်၊ အပြောအဆို၊ အရေးအသား၊ လူ့ဝန်းကျင် နယ်ပယ် အားလုံး ဖွံ့ဖြိုးတိုးတက် စေရန် စည်းကမ်းရှိ ကြရမည်သာ ဖြစ်ပါသည်။

Credit : Yadanarpondaily

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top