iMyanmarHouse.com - Best Property Website for Myanmar
×











လူမှုလောကမှာ လူတွေဟာ မိမိတို့နဲ့ သက်ဆိုင်ရာနယ်ပယ်မှာ ရှင်သန်နေထိုင်ကြရပါတယ်။ စီးပွားရေးလုပ်ငန်းကို လုပ်သူက စီးပွားရေးနယ်ပယ်မှာ ကျင်လည်ရသလို ပညာရေးနဲ့သက်ဆိုင်သူတွေက ပညာရေးနယ်ပယ်မှာ ရှင်သန်ကြရပါတယ်။ ဒီလိုဘဲ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ရှင်သန်လှုပ်ရှားကြတဲ့အခါ လူတိုင်းအတွက် အဆင်ပြေမှု၊ မပြေမှု ဆိုတာ ရှိကြပါတယ်။ အဆင်မပြေမှုကြုံတွေ့ရတဲ့အခါ စိတ်မပျော်ရွှင်မှုဖြစ်ကြရတာကို လူတိုင်းခံစားသိရှိကြပါတယ်။

တကယ်လို့ မိမိ ပတ်ဝန်းကျင်မှာ မကောင်းမြင်ဝါဒသမားတွေ ဝိုင်းရံနေတာကြောင့် စိတ်ပင်ပန်းနေခဲ့ရရင် အကောင်းမြင်စိတ်လေးနဲ့ စိတ်ချမ်းသာစွာ နေထိုင်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ဒါပေမယ့် မိမိရဲ့ စိတ်မပျော်ရွှင်မှု၊ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်တစ်ခုခု ရှိနေခြင်းဟာ စိတ်ကို ညစ်နွမ်းစေရုံမက ဦးနှောက်မှတ်ဥာဏ်စွမ်းရည်ကို ပါ လျော့ကျစေတာကြောင့် ဘဝတိုးတက်ဖို့ကြိုးစားရာမှာ အတားအဆီးတစ်ခုဖြစ်နေတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

(၁) အခြေအနေမှန်ကို စစ်ဆေးပြီးနားလည်ပါ။
အသက်ကို ပြင်းပြင်းရှုပြီး အရင်ဆုံးစိတ်ရဲ့ ငြိမ်သက်မှုကို ရယူလိုက်ပါ။ ပြီးတော့ မိမိ ဖြစ်ပျက်နေတဲ့ အခြေအနေကို အသေးစိတ်စဉ်းစားကြည့်ပါ။အဲဒီအချိန်မှာမိမိ အတွက် အဆိုး၊အကောင်းကို ခွဲခြားသိမြင်လာပြီး ပြသာနာကို ဖြေရှင်းနိုင်မယ့် အဖြေရရှိလာပါလိမ့်မယ်။

ဥပမာ -လူတွေ အများအားဖြင့် ကြုံတွေ့ကြရတဲ့ အခက်အခဲတွေမှာ အလုပ်ပြုတ်တာ၊ ငွေကြေး အဆင်မပြေတာတွေ၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူရည်းစား၊ မိသားစုနဲ့ ဆက်ဆံရေး အဆင်မပြေမှုဆိုတဲ့ ကိစ္စတွေများပါတယ်။ ဒါပေမယ့် ဒီလိုပြသနာရပ်တွေဟာ အချိန်တစ်ခုခုမှာ ပြေလည်သွားနိုင်တဲ့အရာတွေဖြစ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

(၂) အခက်အခဲရဲ့ အရင်းခံကို နားလည်သဘောပေါက်ပါ။
တစ်ခါတစ်ရံ လူတွေမှာ အကြောင်းကိစ္စတွေများပြီး ရှုပ်ထွေးနေတတ်ကြပါတယ်။ အဲဒီအချိန်မှာ အဓိကနဲ့ သာမညကို ခွဲခြားပြီး အရေးကြီးတဲ့အရာကို ဦးစားပေးလုပ်ဆောင်ဖို့လိုပါတယ်။ ပြသနာတစ်စုံတစ်ရာ ကြုံလာတဲ့အခါလည်း ပြသနာရဲ့ ဇစ်မြစ်ကို သိအောင်ကြိုးစားပါ။ ဇစ်မြစ်ကို သိမှ အဲဒီ ပြသနာကို အကောင်းဆုံးဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ အလုပ်ပြုတ်ခဲ့ရင် အလုပ်သစ်ထပ်မံရှာလိုက်ပါ။ ဒါဟာ ကမ္ဘာလောကကြီးမှာ ခံစားစရာ အကြောင်းမဟုတ်ပါ။သင့်အတွက် ဒိထက်ကောင်းမွန်တဲ့ အလုပ်တစ်ခု က ကြိုဆိုနေမယ်လို့ ခံစားလိုက်ပါ။အပေါင်းအသင်း၊ မိတ်ဆွေတွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေရှိခဲ့ရင်လည်း ဒီအကြောင်းအရင်းကို ပြန်လည်ပြေလည်အောင် ဖြေရှင်းရင်း နွေးထွေးတဲ့ ဆက်ဆံရေးကို ပြန်လည်ကြိုးစားတည်ဆောက်လို့ ရနိုင်ပါတယ်။

(၃) စိတ်ဓာတ်ကျမှု ကို ကျော်လွှားပါ။
ဖိစီးမှုတွေနဲ့ ပြည့်နေတဲ့လူ့ဘဝ မှာ စိတ်ဓာတ်ကျမှုကို အလွယ်တကူ ဖြေလျော့နိုင်တာတွေ ရှိပါတယ်။အဲဒီအတွက်ဘာတွေလိုအပ်သလဲဆိုတော့ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မိမိတို့ရဲ့ အတွင်းသဏ္ဍာန် မှာ ခိုကပ်မနေဖို့ ချေမှုန်းတိုက်ဖျက်ဖို့လိုပါတယ်။

ဒါ့အပြင် မိသားစု ၊မိတ်ဆွေတွေနဲ့ စကားပြောဆိုဆွေးနွေးနေထိုင်ပါ။မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေရဲ့ နွေးထွေးတဲ့ အားပေးစကားလက်ကမ်းကြိုဆိုမှုတွေဟာ စိတ်ဓာတ်ကျမှု ကို ပြေပျောက်စေပါတယ်။

(၄) ဝါသနာပါရာအလုပ်တစ်ခုမှာ ပျော်မွေ့နေထိုင်လိုက်ပါ။
စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့အချိန်မှာ အတတ်နိုင်ဆုံး မိမိရဲ့စိတ်ကိုဖြေသိမ့်နိုင်မယ့်အရာတစ်ခုကို လုပ်ဆောင်ပါ။ ဥပမာ- မိမိဝါသနာပါရာအလုပ်တစ်ခုခုဖြစ်တဲ့ ပန်းချီဆွဲခြင်း၊ ချက်ပြုတ်ခြင်း၊ စာရေးခြင်း၊ စက်ဘီးစီးခြင်း ၊ စာဖတ်ခြင်း။ ပြီးရင် စိတ်ထဲမှာ မကောင်းတဲ့အရာတွေကို မတွေးမိအောင် မိမိကိုယ်မိမိ စဉ်းစားဖို့ အချိန်မရှိအောင် အလုပ်ပေးထားလိုက်ပါ။ ဒီလို မိမိဝါသနာပါရာအလုပ်တစ်ခုကို အလေ့အကျင့်လုပ်ပြီး ပျော်မွေ့ခြင်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဘဝရှင်သန်မှုကိုရရှိစေပါတယ်။

(၅) အကောင်းဘက်ကိုပဲတွေးပါ။ မကောင်းစိတ်ကို အဝင်မခံပါနဲ့။
မပျော်မရွှင်ဖြစ်နေတဲ့လူတွေကို ကြည့်လိုက်တဲ့အခါ အဓိကတွေ့ရတဲ့အချက်က သူတို့ဟာ အမြဲတမ်း မကောင်းတဲ့အကြောင်းအရာကိုတွေးနေတတ်ကြလို့ပါ။ ဒါကြောင့် အတတ်နိုင်ဆုံး အကောင်းဘက်ကို တွေးလိုက်ပါ။ မိမိဘဝမှာသာယာခဲ့တဲ့နေ့တွေ၊ ပြုံးပျော်ရွှင်ခဲ့တဲ့နေ့တွေ ကိုတွေးပြီး ပြန်ပြီးအားမွေးလိုက်ပါ။ အဲဒီလိုနေ့မျိုးတွေကို ပြန်လည်ရရှိဖို့ ကြိုးစားမယ့် ခွန်အားတွေ နှလုံးသားထဲမှာ စီးမျော ဝင်လာပါလိမ့်မယ်။ လူတိုင်းအတွက် ပြသာနာတွေဆိုတာ အမြဲတမ်း ကြုံတွေ့ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူ့ဘဝဖြစ်နေလို့ပါပဲ။ ဒါပေမယ့် အဲဒီ ကြုံတွေ့နေရတဲ့ ပြသနာရပ်တွေအပေါ် ခံစားပြီး ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟသအဖြစ်ခံမှာလား။ ဒီအရာတွေကိုကျော်လွှားပြီး ပျော်ရွှင်မှုကို ကြိုးစားခြင်းဟာ ဘဝအတွက် တန်ဖိုးရှိတဲ့အနှစ်သာရကိုပိုင်ဆိုင်စေပါတယ်။

(၆) အပြင်ကိုထွက်ပါ၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံ စကားပြောပါ။
စိတ်ပင်ပန်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်တွေမှာ အိမ်ထဲမှာ အောင်းပြီး မနေပါနဲ့။ အပြင်ကို ထွက်ပြီး လေကောင်းလေသန့်တွေကို ရှုရှိုက်ပါ။ စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်ကို သွားရောက်ပြီး သဘာဝရှုခင်းအလှတွေကို ကြည့်ကာ စိတ်ရဲ့လေးလံမှု ကို ဖြေလျော့ပါ။

ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဆီကို သွားလည်ပါ။ သူတို့နဲ့ စကားပြောဆိုပါ။ လူတိုင်းမှာ မတူညီတဲ့ ခံစားချက်အတွေးတွေ၊ အတွေ့အကြုံတွေ ရှိကြပါတယ်။ သူတို့ဆီက ရလာတဲ့အတွေ့အကြုံတွေ ၊ခံစားချက်တွေက မိမိ အတွက် ဖြေသာစရာ၊ဆင်ခြင်စရာတွေ ရရှိပြီး ဘဝမှာ မိမိတစ်ယောက်တည်း သာ ကံဆိုးမိုးမှောင်ကျနေတာမဟုတ်ဘဲ မိမိလို ရင်ဆိုင်ဖြတ်သန်းနေရသူတွေ အများကြီးပါလားဆိုတာ နားလည်သဘောပေါက်မိတဲ့အချိန်မှာ မိမိကိုယ်မိမိ ပြန်လည်ပြင်ဆင်နိုင်လာပါလိမ့်မယ်။

(၇)ငါဟာ င့ါဘဝရဲ့ အရှင်သခင်ဆိုတဲ့စိတ်ကို မွေးလိုက်ပါ။
ကျွန်ုပ်တို့ကို ကံကြမ္မာ ကပေးအပ်လာတဲ့လက်ဆောင်တွေထဲမှာ မိမိဘဝကိုမိမိ ရွေးချယ်ပိုင်ခွင့်ရှိခြင်းဘဲဖြစ်ပါတယ်။ဒီအတွက် မိမိရဲ့ ရွေးချယ်လုပ်ဆောင်မှုတွေဟာ မကောင်းတာလည်း ရှိနိုင်သလို ကောင်းတာလည်း ရှိနိုင်ပါတယ်။ဒါပေမယ့် မိမိဖြစ်ချင်တဲ့အရာတွေကို မိမိဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ လွတ်လပ်မှုက ဘဝအတွက် တကယ့်ကောင်းကျိုးတရားဘဲဖြစ်ပါတယ်။ဒါကြောင့်မိမိဖြစ်ချင်တဲ့အရာကို ကြိုးစားရာမှာ အရှက်အကြောက်မကြီးပါနဲ့။ ကျွန်ုပ်တို့အတွက် အခုရရှိနေတဲ့လူ့ဘဝဟာ အသေချာဆုံးဘဝတစ်ခုဘဲဖြစ်ပါတယ်။ နောင်ကျွန်ုပ်တို့သေဆုံးသွားတဲ့အခါ နောက်ထပ်ရရှိလာမယ့်ဘဝဟာ အခုလက်ရှိပိုင်ဆိုင်နေတဲ့ဘဝလိုမျိုး မသေချာဘူးဆိုတာလူတိုင်းနားလည်ကြပါတယ်။ ဒါကြောင့် ရရှိနေတဲ့ အသေချာဆုံးဘဝမှာ မိမိအတွက် ပျော်ရွှင်စွာ ရှင်သန်နေထိုင်ခြင်း က မိမိအတွက်ဘဲဖြစ်တယ်ဆိုတာ နားလည်ကြဖို့လိုပါတယ်။

လူတွေအတွက် ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေ ဟာ တကယ်တော့ လက်တွေ့ကျတဲ့လူ့ဘဝဖြစ်တာကြောင့် ဒီအရာတွေအပေါ်မှာ လွှမ်းမိုးမခံဘဲ အခက်အခဲကြုံလာတိုင်း ဝမ်းနည်းကြေကွဲနေတာထက်လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရင်း ရခဲလှတဲ့ လူ့ဘဝ ကို တန်ဖိုးရှိစွာ၊ပျော်ရွှင်စွာနဲ့ ရှင်သန်သွားနိုင်မှာ ဖြစ်တယ်ဆိုတာ ဖော်ပြလိုက်ရပါတယ်။

Credit : yangonLife

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top