iMyanmarHouse.com - Myanmar's No. 1 Property Website
×











ဂီတသက်တမ်း ၈ နှစ်ရှိပြီဖြစ်တဲ့ အမွန်းက နိုဝင်ဘာ (၁၀) ရက်နေ့လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းတွေကစားရင်း ကျင်းပပြုလုပ်ခဲ့တဲ့ Automatic Albumနဲ့ ပတ်သက်ပြီး အခြေအနေ ဘယ်လိုရှိသလဲဆိုတာ မေးမြန်းကြည့်လိုက်တော့

-Automatic အခွေလေးရဲ့ အခြေအနေ ဘယ်လိုရှိလဲ။

ဒီအခွေထဲက သီချင်းတော်တော်များများကို ပရိသတ်တွေကြိုက်ကြတယ်လို့ကြားတယ်။သူတို့ကိုယ်တိုင်လဲ အမွန်းရဲ့ ဖေ့စ်ဘုတ်အောက်က ကွန်မန့်တွေမှာ အကြိုက်ဆုံး သီချင်းလေးတွေလာပေးကြတယ်။ သူတို့တွေရဲ့ ခံစားချက်နဲ့ အမွန်းသီချင်းလေးတွေနဲ့ထပ်ထူကျတယ်လို့ကြားရလို့ အမွန်းအနေနဲ့ပီတိဖြစ်မိပါတယ်။ ဆက်ပြီးတော့မှလဲ ဒီအခွေအတွက် ဒီဗီဒီကို အမွန်းပြင်ဆင်နေပါတယ်။

-အခွေရောင်းအားကရော ဘယ်လို အနေအထားရှိလဲ။

တချို့ဆိုင်တွေမှာ ရောင်းရတယ်ပြောတယ်။ တချို့ဆိုင်တွေမှာ အခွေကုန်သွားတယ်လို့ပြောတယ်။ အဲ့ဒီတော့ ရောင်းအားလဲ ကောင်းတယ်လို့ပြောလို့ရတယ်လို့ အမွန်းအနေနဲ့မြင်ပါတယ်။ ဆက်ပြီးတော့လဲ နားမထောင်ရသေးတဲ့သူတွေလဲ ရှိမှာပါ။ ဖြည်းဖြည်းချင်းတော့ လူတန်းစေ့နားထောင်နိုင်အောင် အမွန်းအနေနဲ့လဲရရင်ရသလို ပရိုမိုးရှင်းပွဲလေးတွေလဲလုပ်ဖြစ်နေပါတယ်။

-အခွေထဲက တီးလုံးပိုင်းလေးတွေက အရမ်းမိုက်တယ်ပေါ့။ ဒီကလုပ်တဲ့ အခွေနဲ့မတူဘူး။ အဲ့ဒီအပိုင်းကိုလဲသိချင်ပါတယ်။

ဟုတ်ကဲ့။ အဓိကကတော့ အမွန်းအနေနဲ့အသံသွင်း၊ အသံဖမ်း၊ တီးလုံး၊ အဆိုပိုင်းဆိုင်ရာတွေ၊ Mixing တွေ၊ Mastering တွေအကုန်လုံး LA မှာ အပြီးသတ်ခဲ့ပါတယ်။ အဲ့ဒီတော့ ကွာလတီအနေနဲ့လဲ မြှင့်တင်ထားတယ်လို့ပြောလို့ရတဲ့ အယ်လ်ဘမ်တစ်ခုပေါ့။ ပရိသတ်တွေကလဲ ဒီဟာလေးကို ခံစားရတယ်။ ကြားသိရတယ်ပေါ့နော်။ သူတို့တွေလဲ ဒီကွာလတီကို သဘောကျတယ်ပေါ့နော်။ အဲ့ဒီလိုကြားရတဲ့အတွက်ဝမ်းသာမိပါတယ်။

-ပရိုမိုးရှင်းက ရန်ကုန်တစ်ခုတည်းလုပ်တာတွေ့ရတယ်နော်။

ဟုတ်ပါတယ်။ အခုလောလောဆယ် အမွန်း ရန်ကုန်တစ်ခုပဲလုပ်ရသေးတယ်။ နယ်တွေမှာလဲ လုပ်ချင်ပါသေးတယ်။ ဒါပေမဲ့ အခုကပွဲရာသီဆိုတော့ ပွဲတွေကဆက်နေတဲ့အတွက်ကြောင့် အမွန်းသီချင်းသွား ဆိုတဲ့ နေရာတွေမှာတော့ ပရိသတ်နဲ့ရင်းနှီးအောင် အဲ့ဒီအခွေထဲကသီချင်းလေးတွေလဲဆိုဖြစ်တယ်။ အချိန်ရဦးမယ်ဆိုရင်တော့ အမွန်းနယ်ဖက်တွေထိဆင်းပြီး ပရိုမိုးရှင်းလုပ်ဦးမှာပါ။ အခုတော့ စီစဉ်နေဆဲပေါ့။

-ပါဝင်တဲ့ သီချင်းလေးတွေက ဆန်းတယ်ပေါ့။ စည်းနဲ့ဝါးလိုသီချင်းမျိုး၊ နောက် အပူငြိမ်းကြပါစေဆိုတဲ့ သီချင်းမျိုးလေးတွေဆို အဓိပ္ပါယ်တစ်မျိုးနဲ့ရေးထားတယ်ပေါ့။ အဲ့ဒီအပိုင်းလေးကိုလဲသိချင်ပါတယ်။

အနုပညာရှင်တစ်ယောက်ရဲ့တာဝန်ကဘာလဲဆိုတော့ လူတိုင်းခံစားရတဲ့ ခံစားချက်တွေကို လူတိုင်းက မဖော်ပြတတ်ဘူး။ အဓိက တေးရေးတေးဆိုတွေပေါ့။ သူတို့တွေကဖွင့်ဟပေးရတဲ့ တာဝန်ရှိတယ်လို့ထင်တယ်။ အဲ့ဒီအတွက် အမွန်းကိုယ်တိုင်လဲ လူတစ်ယောက်ဖြစ်တယ်။ အမွန်းခံစားခဲ့ရတာတွေကလဲ များတယ်။ အဲ့ဒီလိုချရေးတဲ့အထဲမှာမှ ဒီလိုမျိုးအရာတွေလဲပါလာတယ်။ အဲ့ဒီခံစားချက်တွေက ပရိသတ်နဲ့သွားပြီးထပ်တူညီနေတာမျိုးရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါလူတိုင်းက ကြုံဖူးကြတာကြီးပဲလေ။ အဓိကက အမွန်း ဘယ်လိုခံစားမိတယ်မဟုတ်ဘူး။ အမွန်းကြားသိရတဲ့အကြောင်းအရာတွေကို ချရေးတတ်တဲ့လူတစ်ယောက်ဖြစ်နေလို့ပါ။

-အပူငြိမ်းကြပါစေဆိုတဲ့သီချင်းလေးက အမွန်းရဲ့ ခံစားချက်အစစ်လား။

ဟုတ်တယ်။ အမွန်းလဲကြုံခဲ့ဖူးတယ်။ အမွန်းရည်းစားထားခဲ့စဉ် အချိန်ကာလကပေါ့ကွယ်။ နေ့တိုင်းလိုလိုလဲ သူငယ်ချင်းမိန်းကလေးတွေဆီကလဲ ကြားနေရတယ်လေ။

-လက်ရှိအချစ်ရေးကရော။

အလုပ်ကို ရည်းစားတော်ထားပါတယ်။ အလုပ်နဲ့နပန်းလုံးပြီး နေ့စဉ်နေ့တိုင်း ဖြတ်သန်းနေရတဲ့အတွက်ကြောင့်မို့လို့ အမွန်းဆီမှာ လူသားတစ်ယောက်ကို ဒိတ်လုပ်ရလောက်တဲ့အထိ ချိန်းတွေ့ရလောက်တဲ့အထိ အချိန်မပေးနိုင်သေးပါဘူး။ အမွန်းရဲ့ အချိန်အားလုံးကို ဒီအလုပ်ထဲမှာပဲနှစ်ထားပါတယ်။

-လက်ရှိဂီတလှုပ်ရှားမှုအနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။

အမွန်း Automatic နဲ့ပတ်သက်တဲ့ ပရိုမိုးရှင်းပွဲတွေမှာ သီချင်းလေးတွေကို အမွန်းမိတ်ဆက်ပေးနေတယ်။ နောက် Automatic ရဲ့ မြူးဇစ်ဗီဒီယိုထွက်လာဖို့အတွက်ကို အမွန်းပြင်ဆင်နေတယ်။ ပွဲတွေအများကြီးလက်ခံထားတယ်။ တန်ဆောင်တိုင်ကို ကန်တော်ကြီးမှာရှိမယ်။ ဒီဇင်ဘာလထဲမှာ ပွဲတွေတော်တော်များများ လက်ခံထားတယ်။ ခရစ်စမတ်ကိုတော့ မေမြို့ပန်းပွဲတော်မှာ အမွန်းရှိပါမယ်။

-မြူးဇစ်ဗီဒီယိုကို ဘာဖြစ်လို့ ဟိုမှာမရိုက်တာလဲ။

ဘာလို့ဒီမှာပဲရိုက်ရတာလဲဆိုတော့ ဟိုမှာရိုက်မယ်ဆိုရင် မတရားဈေးကြီးပါတယ်။ ဒီမှာရောင်းတဲ့အခါကျတော့လဲ ၃၀၀၀ ဆိုရင်တောင် လူတွေကနည်းနည်းအော်ဟစ်ချင်တယ်။ ဒါပေမဲ့ အမွန်းရဲ့ပရိသတ်အစစ်အမှန်တွေကတော့ မညည်းမညူနဲ့အားပေးကြပါတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်မယ်ဆိုရင် တေးရေး၊ တေးဆို၊ အတီးခ၊ Mixing ခတွေကိုအမေရိကန်မှာလုပ်တဲ့အတွက်ကြောင့် အင်မတန်ကို ကုန်ကျပါတယ်။ ဒါပေမဲ့ အမွန်းပရိသတ်ကို ပေးချင်တဲ့အတွက်ကြောင့် စီဒီကိုတောင် ဘာ စပွန်ဆာမှမပါပဲ အမွန်းထုတ်လိုက်တယ်။ ဘုတ်တွေထွက်တော့မှ နင်စပွန်ဆာမထည့်ဘူးဆိုတော့မှ ဟယ်ငါမေ့သွားတယ်ဆိုပြီး အဲ့ဒီလောက်ကိုအမွန်းရင်းနှီးထားတယ်။ ဟိုမှာတစ်ပုဒ်စာတင်ကို အမွန်းရဲ့ဘားချပ်အရဆို ဒီရဲ့တစ်ခွေလုံးစာနဲ့ယှဉ်လိုက်မယ်ဆိုရင် အရမ်းကို ဈေးကကွာဟနေတယ်။ အဲ့ဒါကြောင့် အမွန်း Automatic အခွေအတွက်ကိုတော့ ဒီမှာပဲ အပြီးသတ်ရိုက်ပါမယ်။ ဒါရိုက်တာတွေကတော့ ကိုသုံးပေါင်ပေါ့ ကင်မရာပိုင်းဆိုင်ရာတာဝန်ယူပေးတယ်။ စတိုရီပိုင်းဆိုင်ကတော့ အမွန်းရယ်၊ အမွန်းရဲ့ မန်နေဂျာ ဖြစ်တဲ့ တန်ဟိုက်ဘရိတ်ရယ်ကတာဝန်ယူထားပေးပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top