iMyanmarHouse.com - Best Property Website for Myanmar
×

အသည်းကွဲနေတဲ့ သူငယ်ချင်း၊ အပေါင်းအသင်းတွေကို နှစ်သိမ့်ပေးရတာ၊ အတူရှိပေးရတာ ကိုယ့်အတွက် မပင်ပန်းပေမယ့် ခံစားနေရသူနေရာက ကြည့်ရင်တော့ သိပ်မသက်သာလှဘူးပေါ့။ သူက တကယ့်ကို ခံစားနေရတဲ့ ဝေဒနာရှင်ကိုး။ ဒါပေမယ့် သင့်သူငယ်ချင်းကို  ဒီအခြေအနေကနေ အမြန်ဆုံးရုန်းထွက်နိုင်ဖို့ ဒီနည်းလေးတွေအတိုင်း ကြိုးစားကြည့်ခိုင်းလိုက်ပါ။ ခုပြောပြမယ့် နည်း (၁၀)နည်းဟာ သူ့အတွက် အသည်းကွဲဝေဒနာကို လျှင်မြန်စွာကုစားနိုင်မယ့်နည်းလေးတွေ ဖြစ်သလို သူ့ရည်းစားဟောင်းကိုလည်း လျှင်မြန်စွာမေ့သွားနိုင်ပါလိမ့်မယ်။

၁။အိမ်သန့်ရှင်းရေး၊ ရှင်းလင်းရေ လုပ်ပါ။

သင့်အိမ်မှာ၊ သင့်အခန်းထဲမှာရှိတဲ့ စုံတွဲဓာတ်ပုံတွေ၊ သူ့ရှပ်အကျီတွေ၊ သူပေးထားတဲ့အရုပ်စတဲ့ သူနဲ့သင့်ကြားက သံယောဇဉ်ကြိုးအနှောင်အဖွဲ့ အားလုံးကို ရှင်းထုတ်ပစ်လိုက်ပါ။ ဒီတော့ ရှင်းလိုက်တဲ့နေရာမှာ အဲ့ဒီအစား ဘာပုံလေးတွေ ထားမလဲ။ အိမ်ကို ဘယ်လိုပြင်ဆင်မလဲဆိုတာ ပြန်စဉ်းစားကြည့်လိုက်ပါ။ သင့်ရဲ့အိမ်၊ သင့်ရဲ့အခန်းကို စိတ်အပြောင်းအလဲဖြစ်အောင် ပြင်ဆင်ဖို့ လိုပါတယ်။

၂။ဖြစ်ခဲ့တာတွေ ချက်ချင်းကို မေ့ပစ်ပြီး အနာဂတ်အတွက် စတင်ပြင်ဆင်လိုက်ပါ။

သင့်ရှေ့မှာ မမြင်မတွေ့နိုင်တဲ့ စိတ်လှုပ်ရှားစရာတွေ၊ ပရောဂျက်အသစ်တွေ၊ အောင်မြင်မှုတွေ၊ ပန်းတိုင်တွ အများကြီးရှိနေတယ်ဆိုတာ မမေ့ပစ်လိုက်ပါနဲ့။ သင်ခရီးထွက်ချင်ရင် ထွက်ပစ်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးပြီး ပျော်စရာအမှတ်တရလေးတွေ ဖန်တီးချင်လည်း ရပါသေးတယ်။ သူမရှိတော့လို့ ငါ့မှာ အနာဂတ်မရှိတော့ဘူးလို့ တွေးစရာမလိုပါဘူး။ ခု တကယ်ကို သူမရှိတော့တဲ့အတွက် သင်လုပ်စရာရှိတာတွေကို အရှုံးမပေးပဲ လုပ်ဆောင်ပြရတော့မှာပါ။ အရှုံးသမားတစ်ယောက်လို နေမလား၊ အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ဆက်လျှောက်လှမ်းမလား သင်ကိုယ်တိုင် ရွေးချယ်ပါ။

၃။ လူမှုကွန်ယက်တွေ၊ Instagram တွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေပါ။

ဆိုရှယ်မီဒီယာတွေကို အသည်းကွဲတဲ့အချိန် သုံးတဲ့အခါ သင့်အနေနဲ့ ပျော်ရွှင်မှုဆိုတာထက် နာကျင်မှုတွေသာ ပိုခံစားရပါလိမ့်မယ်။ တကယ်လို့ သူနဲ့ ကိုယ်နဲ့ ကြားက သူငယ်ချင်းတွေက ဘာတွေဖြစ်တာလဲဆိုပြီး လာစပ်စုရင် လည်း သင်ပိုခံစားရပါဦးမယ်။ နောက်တစ်ချက်က တခြား အတွဲပုံတွေမြင်ရင်လည်း သင်ခံစားရဦးမှာပါပဲ။ ဒီတော့ တတ်နိုင်ရင်တော့ ဒါတွေမသုံးပဲနေလိုက်တာ အကောင်းဆုံးပါပဲ။ သုံးမယ်ဆိုရင်တော့ သင်လုပ်ဆောင်ရမှာက သူ့ကို Unfriend မဖြစ်မနေ လုပ်လိုက်ဖို့နဲ့ unfollow လုပ်ဖို့ပါပဲ။ သူဘာတွေလုပ်နေသလဲဆိုပြီး သူ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို သွားသွားကြည့်ပြီး ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်နေမိတာတွေ ရပ်တန်းက ရပ်လိုက်ပါ။

၎။ခပ်မြူးမြူး သီချင်းအမိုက်စားတွေ နားထောင်ပါ။

အသည်းကွဲနေချိန် Elton John ရဲ့အကြံအတိုင်း အဆွေးသီချင်းတွေ နားထောင်ဖို့တော့ မတွေးလိုက်ပါနဲ့။ အသည်းကွဲတဲ့အချိန်မှာ သင့်စိတ်ကို မြူးကြွသွားစေမယ့်၊ ပျော်ရွှင်သွားစေမယ့်၊ စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် သီချင်းမျိုးတွေကတော့ အကောင်းဆုံးပါ။ သီချင်းခပ်မြူးမြူးလေးတွေ ရွေးနားထောင်ကြည့်လိုက်ပါ။

၅။သင့်ရည်းစားဟောင်းနဲ့ပတ်သက်ပြီး သင်လုံးဝမကြိုက်တဲ့ သူ့အမှားတွေကို စာရင်းပြုစုပါ။

ခုချိန်မှာ ဒါကိုစာရင်းပြုစုပြီး ဘာလုပ်မှာလဲလို့ သင်ထင်ချင်စရာရှိပါတယ်။ ဒါပေမယ့် ခုလို သင်မကျေနပ်ချက်တွေအားလုံး ချရေးပြီး သင်လမ်းခွဲလိုက်တာ မှန်ကန်တဲ့အကြောင်း အတည်ပြုပါ။ ဒီအချက်ဟာ သင့်စိတ်ကိုအတိုင်းအတာ တစ်ခုအထိ ပေါ့ပါးသွားစေပါလိမ့်မယ်။

၆။သူဆွေမျိုးသားချင်း နဲ့ သူငယ်ချင်းတွေကိုလည်း စာရင်းထဲက ထုတ်ပစ်နိုင်ပါပြီ။

သူနဲ့ပတ်သက်ပြီးမှ ခင်မင်သွားရတဲ့ သူ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကိုလည်း သင့်စာရင်းထဲက ထုတ်လိုက်ပါ။ ခုလို ကွဲပြဲကြပြီဆိုကတည်းက သူတို့ကလည်း သူတို့လူဘက်က ပါနိုင်ခြေ ပိုများပါတယ်။ မဟုတ်လို့ သူတို့နဲ့ သင်အဆက်အသွယ် ဆက်ရှိနေရင်လည်း သင့်ရည်းစားဟောင်းအကြောင်း သင့်ကို သတိပေးနေသလို ပြန်ကြား သိနေရပါလိမ့်မယ်။

၇။နေရာဟောင်းတွေကို တတ်နိုင်သမျှ မသွားပါနဲ့။

သူနဲ့နှစ်ယောက်သွားဖူးတဲ့ နေရာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ သူနဲ့မတော်တဆတွေ့နိုင်တာမျိုးတွေ ရှိနိုင်သလို သူနဲ့သွားခဲ့ဖူးတာကို ပြန်အမှတ်ရနိုင်တာကြောင့်ပါ။ သင့်မှာ ရွေးချယ်စရာတွေ ရှိဦးမှာမို့ အခြား နေရာသစ်လေးတွေကိုသာ စဉ်းစားကြည့်ပါ။

၈။ဒိတ်လုပ်တဲ့ သင့်ရဲ့အကျင့်မှာ ပြုပြင်စရာရှိတာတွေ ပြုပြင်ပါ။

သင်က တစ်ယောက်နဲ့ကွဲပြီးသွားလို့ ဒီအနာတရကို အမြန်ဆုံးကျက်အောင် အသစ်ထပ်ထားတတ်ပါသလား။ ဒီလိုအကျင့်မျိုးရှိခဲ့ရင် ဒါကိုပြုပြင်ပါ။ ဒီလိုမဟုတ်ပဲ သင်က တစ်ယောက်နဲ့ပြတ်သွားရင် တဆွေးတမြည့် နောက်တစ်ယောက်ထားဖို့ စိတ်မကူးတော့ပဲ တစ်ယောက်တည်း နေတော့မယ်လို့ စိတ်ကူးတာမျိုးလည်း မလုပ်ပါနဲ့။ သင့်ရဲ့ ဒိတ်လုပ်တဲ့အကျင့်မှာ ဘယ်အရာတွေက အားသာချက်၊အားနည်းချက် ဖြစ်မလဲဆိုတာကို တွေးပြီး ပြန်ဆင်ခြင်ပါ။ သေချာအောင် ချရေးပါ။ တကယ်လို့များ နောက်ထပ်တစ်ယောက်ရှိလာခဲ့ရင် သင်ဘယ်အရာတွေ လိုချင်သလဲဆိုတာ ခုကတည်းက စဉ်းစားပါ။ လူတွေက ငါဘာတွေမကြိုက်ဘူးဆိုတာကို သေချာသိပေမယ့်၊ ကိုယ်ဘာလိုချင်သလဲဆိုတာကိုတော့ သေချာမသိကြပါဘူး။ အဲ့ဒါကို သိအောင်လုပ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ပြီ သင်ကိုယ်တိုင်လည်း အဆင်သင့်ဖြစ်ပြီဆိုမှ ဒိတ်ပြန်လုပ်ဖို့ တွေးပါ။

၉။တကယ်မဖြစ်နိုင်တဲ့၊ ရိုမန်တစ်အရမ်းဆန်လွန်းတဲ့ ဇာတ်ကားတွေကြည့်ပြီး စိတ်ကူးမယဉ်ပါနဲ့။

ဇာတ်ကားတွေထဲမှာ ချစ်သူနှစ်ဦးဟာ ဘယ်လိုချစ်ကြောင်း သက်သေတွေပြ၊ ရိုမန်တစ်သိပ်ဆန်တဲ့ ဇာတ်ကွက်တွေလုပ်ပြပြီး ကြည့်ရှုသူတွေ မျောသွားအောင်၊ ယုံသွားအောင် အမြဲ အယုံသွင်းတတ်ကြပါတယ်။ အပြင်မှာ ဒီလိုမလုပ်ရင်ပဲ တကယ်မချစ်ကြတော့သလို ဖြစ်အောင် ရိုက်ကူးထားတတ်ကြပါတယ်။ အရမ်းရိုမန်တစ်ဆန်တဲ့ ကားတွေက ကြည့်ကောင်းပေမယ့် တကယ်မဖြစ်နိုင်ဘူးဆိုတာ တွေးထားပါ။ ဒါတွေကြည့်ပြီး စိတ်ကူးအရမ်းမယဉ်ပါ နဲ့။ ကိုယ့်အချစ်ရေးကတော့ ဒီကားထဲကလို မဟုတ်ပါလားဆိုပြီးတော့လည်း အတွေးမရောက်ပါနဲ့။ လက်တွေ့ဆန်ပါ။ ဖြစ်လာတဲ့အမှန်တရားကို လက်ခံနိုင်အောင် ကြိုးစားပါ။ လက်တွေ့ဆန်တဲ့ ဇာတ်ကားတွေကို ရွေးကြည့်ပါ။

၁၀။သူ့ဖုန်းနံပါတ်၊ အခြား password စတာတွေကို ဖျက်ပစ်လိုက်ပါ။

ဒါက လုပ်ရခက်ပေမယ့် တကယ့်ကို အရေးကြီးတဲ့အချက်ပါပဲ။ သူ့ဖုန်းနံပါတ်ရှိနေရင် တစ်ခါတစ်လေ စိတ်မထိန်းနိုင်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ အတူ သောက်ဖြစ်တဲ့အခါ မထင်မှတ်ပဲ ဖုန်းခေါ်တာတို့၊ Message ပို့တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါမျိုးတွေ ကိုယ့်ဘက်က မလုပ်မိဖို့ အရမ်းအရေးကြီးပါတယ်။ သင့်ဘက်က ပြတ်သားနိုင်ဖို့ အားမွေးမယ်ဆိုရင်  ဒါတွေကို အရင်ဆုံးပြုလုပ်သင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top