iMyanmarHouse.com - Best Property Website for Myanmar
×

အနုပညာလောကထဲသို့ ဆယ်ကျော်သက်အရွယ်တွင် ဝင်ရောက်ခဲ့ပြီး အချိန်တိုအတွင်း ပရိသတ် အသိအမှတ်ပြုမှု ကို ရရှိခဲ့သည့် မင်းသမီးတစ်ဦးဖြစ်လာသူက ငွေမှုံရတီဖြစ်သည်။

ငွေမှုံရတီသည်   လက်ရှိတွင် နာမည်ကျော် သရုပ်ဆောင် ရွှေမှုံရတီ၏ ညီမငယ်လည်းဖြစ်ပြီး ၎င်း၏ သရုပ်ဆောင်လောကသို့ ဝင်ရောက်လာသည့် အတွေ့အကြုံအချို့နှင့် နောက်ပိုင်းတွင် အစ်မဖြစ်သူ ရွှေမှုံရတီနှင့် အနုပညာလုပ်ငန်းများ တွဲဖက်လုပ်ကိုင်မှု အပါအဝင် လတ်တလော လှုပ်ရှားမှုများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ပထမဆုံးအနေနဲ့ ညီမလေးအနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်လာပုံကို ပြောပြပေးပါ။

ညီမ စစချင်း မော်ဒယ်သင်တန်း စတက်ခဲ့တာပါ။ ပြီးတော့ သရုပ်ဆောင်သင်တန်း တက်ခဲ့တယ်။ အဲဒါတွေကတော့ ကျောင်းနဲ့မို့လို့ ခဏလေးပဲတက်ဖြစ်ခဲ့တာ ပါ။ နောက်ပိုင်းမှာတော့ ကိုခန့် (ခန့်စည်သူ)နဲ့ ဗီဒီယိုကား စရိုက် ဖြစ်ခဲ့တယ်။ အဲဒီလိုနဲ့ ဒီအနုပညာ လောကထဲကို ဝင်ဖြစ်ခဲ့တာပါ။

မော်ဒယ်သင်တန်းနဲ့ သရုပ်ဆောင် သင်တန်းတွေကိုကော ဘယ်မှာ တက်ခဲ့တာလဲ။

မော်ဒယ်သင်တန်းက ကိုဂျွန်လွင်ဆီမှာပါ။ သရုပ်ဆောင်သင်တန်းကတော့ စကားဝါမှာပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကတက်ခဲ့တာ။

အခု ညီမလေး အသက်ဘယ်လောက်ရှိပြီလဲ။ ကျောင်းကကော ဘယ်နှတန်းတက်နေတာပါလဲ။

ညီမ အခု အသက် (၁၄)နှစ် ကျော်ပါပြီ။ ကိုးတန်းတက်နေပါတယ်။ အိမ်နားက N3 Private ကျောင်းမှာပါ။

အခု ဗီဒီယိုကားတွေရိုက်တာကော ဘယ်နှကားလောက်ရှိပြီလဲ။ ဘယ်လိုဇာတ်လမ်းမျိုးတွေရိုက်ဖြစ်လဲ။

ရိုက်ထားတာကတော့ ၁၀ ကားကျော်ကျော်လောက်ရှိပြီ။ ပရိသတ်တွေ ကြိုက်စေမယ့် ဇာတ်လမ်းလေးတွေ ရိုက်ဖြစ်ပါတယ်။ အသစ် တစ်ယောက်အနေနဲ့ ဇာတ်ကို သိပ်မရွေးဖြစ်ဘူး။ ဒါပေမဲ့ ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်လေးတွေပါပဲ။

ကိုယ်တိုင်ကကော ဒီအရွယ်မှာ ဘယ်လို ဇာတ်ရုပ်တွေကို အဓိက ရိုက်ကူးချင်လဲ။ ညီမလေးက ဆယ်ကျော်သက် ဆိုတော့ လူငယ်ဆန်ဆန် ဇာတ်လမ်းမျိုးလေးတွေနဲ့ ပိုလိုက်ဖက်မယ် ထင်ပါလား။

ညီမအနေနဲ့ အဲဒီလိုမျိုး မရှိဘူးပေါ့နော်။ ဒါပေမဲ့ ညီမကတော့ ကိုယ်ကြိုက်မယ့်ဇာတ်ထက် ပရိသတ်ကြိုက်မယ့် ဇာတ်ကိုပိုရွေးပြီး ရိုက်ချင်ပါတယ်။ ပရိသတ်ကို အလေးထားတဲ့ သဘောပါ။

ညီမလေး ကိုယ်တိုင်ကကော ဒီ သရုပ်ဆောင်တဲ့အလုပ်ကို ဝါသနာပါလို့ လုပ်ဖြစ်ခဲ့တာလား။ ဒါမှ မဟုတ် အစ်မနဲ့ မိသားစုကအားပေးလို့ ကျောင်းတက်နေဆဲမှာပဲ အနုပညာလောကကို ဝင်ရောက် ဖြစ်ခဲ့တာလား။

အဓိကကတော့ ညီမကိုယ်တိုင်က ဝါသနာပါလို့ လုပ်ဖြစ်ခဲ့ တာပါ။ စိတ်ဝင်စားတာလည်း ပါတာပေါ့နော်။ အိမ်ကသရုပ်ဆောင်လုပ်ပါလို့ ဖိအားပေးတာမျိုး မဟုတ်ခဲ့ပါဘူး။ ဘယ်သူမှ ဖိအားပေးတာမျိုး မရှိပါဘူး။

အနုပညာအလုပ်တွေနဲ့ ပညာရေး ကိုကော ဘယ်လိုစနစ်တကျဖြစ်အောင် နောက်ပိုင်းလုပ်ဆောင် သွားမလဲ။

ညီမ အခုလည်း ဘက်မျှအောင် လုပ်နေပါတယ်။ အားတဲ့ အချိန်ဆိုရင် စာသင်တယ်။ အလုပ်ရှိရင်တော့ အလုပ်ပေါ့နော်။ အချိန်ကိုတော့ ကန့်သတ်ပြီး ခွဲထားပါ တယ်။

မိသားစုကကော အခုအနုပညာ အလုပ်တွေကို စလုပ်တော့ အားပေးလား။ ပညာရေးမှာ ထိခိုက်သွားမှာစိုးလို့ ကန့်ကွက်တာမျိုးရှိ ခဲ့သလား။

အားပေးပါတယ်။ ဘာမှ မပြောကြပါဘူး။ ဒါပေမဲ့ ၁၀ တန်း ရောက်ရင်တော့ ပညာရေး ထိခိုက်မှာစိုးလို့တဲ့။ အနုပညာအလုပ်တွေဘက်ကို နည်းနည်းလျှော့ လုပ်ရမယ်လို့ ပြောထားပါတယ်။

ညီမလေးရဲ့ ဝါသနာကကော သ ရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ဖို့ပဲလား။ တခြားကော ဘာဝါသနာ ပါတာရှိသေးလဲ။

ဟုတ်ကဲ့။ ညီမက အနုပညာ နဲ့ပတ်သက်ပြီး အားလုံးဝါသနာပါ တယ်။ အခု နယ်ဘက်တွေမှာ လည်း သီချင်းတွေ လိုက်ဆိုဖြစ်ပါ တယ်။ ၁၀ တန်းပြီးရင်တော့ ကျောင်းက ဘာဆက် တက်ဖြစ်မလဲဆိုတာ အဲဒီကျမှပဲ ရွေးချယ် ပြီး စဉ်းစားပါမယ်။

အခုရိုက်ကူးထားတဲ့ ဗီဒီယိုကား တွေမှာ ဘယ်သရုပ်ဆောင်တွေနဲ့ တွဲရိုက်ပြီးပြီလဲ။ သူတို့နဲ့ ရိုက်ကူး တဲ့အခါမှာ ညီမအတွက် ဘယ်လို အတွေ့အကြုံသစ်တွေ ရသလဲ။

ညီမ အခု ကိုဟိန်းဝေယံ၊ ကိုဖြိုးငွေစိုး၊ ကိုနေဒွေး၊ ကိုခန့် (ခန့်စည်သူ) အများကြီးပါပဲ။ သူ တို့က စီနီယာတွေဆိုတော့ အတွေ့အကြုံတွေ အများကြီးရှိတာပေါ့နော်။ ညီမတို့လို အသစ်တွေ အတွက် စီနီယာတွေနဲ့ တွဲရိုက်ဖို့ ဆိုတာ မလွယ်ပါဘူး။ အခုလို ရိုက်ရတဲ့အတွက် ဝမ်းလည်းသာတယ်။ ပျော်လည်း ပျော်တယ်။ နောက်ထပ် နောက်ထပ်လည်း အတွေ့အ ကြုံတွေ ရဦးမယ်လို့ ထင်ပါတယ်။

ညီမရိုက်ကူး ထားတဲ့ ဇာတ်လမ်း တွေထွက်လာတဲ့အခါ ပရိသတ်ဆီကကော ညီမလေး သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဘယ်လိုဝေဖန်မှုတွေ ပြန်ကြားနေရပြီလဲ။

တော်တော်များများကတော့ မထွက်လာသေးပါဘူး။ အခုထွက်လာပြီးတဲ့ နှစ်ကားကိုလည်း ပရိသတ်တွေက ဝေဖန်ပေးပါတယ်။ ညီမက ဖေ့စ်ဘွတ်ခ်အမြဲသုံးဖြစ် နေတာဆိုတော့ ပရိသတ်တွေက အားပေးစကားတွေ၊
ဝေဖန်စကားတွေ၊ လိုအပ်ချက်တွေကို ပြောပြပါတယ်။ ပထမ ကိုဖြိုး (ဖြိုးငွေစိုး)နဲ့ ကားမှာပဲ ဝေဖန်ချက်ကြားရ ပါသေးတယ်။ ညီမလိမ်းတဲ့ မိတ်ကပ် အရမ်းနည်းတယ်လို့ ပြောကြတယ်။ ဒါပေမဲ့လည်း အဲဒါက အိမ်မှာပဲ အမြဲနေရတဲ့ ကောင်မလေး တစ်ယောက်က မိတ်ကပ်အများ ကြီးမလိမ်းထားတဲ့ ဇာတ်ရုပ်မို့ပါ။

ဒီရက်ပိုင်းကော ဘာအနုပညာ လှုပ်ရှားမှုတွေ ဆောင်ရွက်ဖြစ်ဖို့ရှိလဲ။ နောက်ထပ်ကော ဘယ်လို ဇာတ်လမ်းမျိုးတွေ ရိုက်ကူးသွားမှာလဲ။

ဒီရက်ပိုင်းတော့ ညီမစာမေးပွဲရှိလို့ ခဏနားထားပါတယ်။ စာဘက်ကိုပဲ ပိုလုပ်ဖြစ်နေပါတယ်။ စာမေးပွဲပြီးမှ ပြန်ပြီး ကားရိုက်ဖြစ်ပါမယ်။

ရွှေမှုံရတီကကော အနုပညာလုပ် ငန်းတွေနဲ့ပတ်သက်ပြီး ညီမလေး ကို ဘယ်လိုသင်ကြားပေးတာတွေ ရှိပါလဲ။

သရုပ်ဆောင်ပိုင်းမှာ ညီမ လိုအပ်တာလေးတွေရှိရင် ပြောပြ သင်ကြားပြပေးပါတယ်။ သူနဲ့အ တူတူ ညီမတို့နှစ်ယောက် ရုပ်ရှင်အတူရိုက်ကူးဖို့တော့ မရှိသေးပါ ဘူး။

ငွေမှုံရတီဆိုတာထက် ပရိသတ် တွေက ရွှေမှုံရတီရဲ့ ညီမလို့ ပိုသတိထားမိ တာမျိုးကော ကြုံရလား။

အစကတော့ အဲဒီလိုသိကြပါတယ်။ နောက်ပိုင်းကျတော့လည်း ငွေမှုံရတီဆိုပြီး ပိုသိလာကြပါ တယ်။ ညီမအနေနဲ့ကတော့ ညီမကို အသစ်တစ်ယောက် လို့မြင်စေချင်တယ်။ ရွှေမှုံရတီအခံကြောင့် ဖြစ်လာတယ်လို့ မသိစေချင်ဘူး။

အဆိုပိုင်းကိုလည်း ဝါသနာပါတယ်ဆိုတော့ နောက်ပိုင်းမှာ မင်း သမီးတစ်ယောက်အပြင် အဆိုတော်တစ်ယောက် အနေနဲ့ကော ဆက်ရပ်တည်သွားမှာလား။

အဓိကကတော့ သရုပ်ဆောင်ပဲလုပ်သွားမှာပါ။ အခွင့်အရေး ရှိသလိုတော့ သီချင်းတွေကိုလည်း ဆိုသွားမှာပေါ့နော်။ အခုလည်း သီချင်းတွေဆိုဖြစ်နေပါ တယ်။

အသက် (၁၄)နှစ်အရွယ်လေးနဲ့ မင်းသမီး တစ်ယောက်ဖြစ်လာရတာကိုကော ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလား။

ဟုတ်။ ညီမဂုဏ်ယူပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ အသစ်တစ်ယောက်ဖြစ်လို့ ဂုဏ်ယူမိပါတယ်။

ညီမလေး ရုပ်ရှင်စရိုက်တော့ စီနီယာတွေနဲ့ တွဲရိုက်ကူးရတဲ့အချိန် မှာ ကြောက်စိတ်ဖြစ်တာတွေကော ရှိခဲ့လား။

ညီမကတော့ အဲဒီလိုတော့ မရှိခဲ့ပါဘူး။ သူတို့နဲ့ တွဲရိုက်ဖြစ်တဲ့ အခါမှာလည်း ထွေထွေထူးထူး အခက်အခဲတွေ မကြုံခဲ့ရပါဘူး။ အကုန်လုံးကလည်း သင်ပေးကြပါ တယ်။

အခု ညီမလေးက တက်သစ်စ မင်း သမီးတစ်ယောက် အနေနဲ့ နောက်ပိုင်းမှာ အနုပညာတွေ ဒီထက်ပိုပြီး ပရိသတ်တွေကို ချပြသွားမယ်ဆိုတော့ ပရိသတ်ကိုကော ဘာပြောချင်တာရှိပါသလဲ။

ဟုတ်ကဲ့။ ညီမကြိုးစားနေပါတယ်။ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးပါ။ တောင်းပန်ပါတယ်လို့။ ကြားထဲမှာ ရိုက်ထားတဲ့ကားတွေ မထွက်သေးဘူးဆိုပေမယ့် ညီမပရိသတ်နဲ့ မစိမ်းသွားအောင် နေပါ့မယ်လို့။

ကျေးဇူးတင်ပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top