iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ခါက ယောက်ျားတစ်ယောက်ဟာ ဇနီးသည် နှစ်ယောက် ရှိပါသတဲ့။ ဇနီးကြီးဟာ သူ့ထက် အသက်များစွာကြီးပြီး ဇနီးငယ်ကတော့ သူ့ထက် အသက်များစွာ ငယ်ပါသတဲ့။ အဲဒီလို အသက်အရွယ်မတူတဲ့ ဇနီးနှစ်ယောက်ဟာလည်း သူတို့ရဲ့ခင်ပွန်းသည်ကို အင်မတန်မှပဲ ချစ်တယ်။ အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ခင်ပွန်းယောက်ျားရဲ့ ခေါင်းထက်က ဆံပင်တွေဟာ တစ်ဖြည်းဖြည်းနဲ့ ဖြူစပြုလာတယ်။

အဲဒီလို ဆံပင်ဖြူလာတာကို သူ့ရဲ့ ငယ်ရွယ်တဲ့မိန်းမက မကြိုက်ပဲဖြစ်လာပြန်တယ်။ သူ့အထင်အရ မည်းနက်တဲ့ ဆံပင်တွေကသာ သူ့ခင်ပွန်းကို နုပျိုစေပြီး သူမနဲ့ ရှေ့သွားနောက်လိုက် ညီမယ်လို့ ယူဆနေခဲ့တယ်။ ဒါကြောင့် သူဟာ သူ့ခင်ပွန်းရဲ့ ဆံပင်ဖြူတွေကို ရသလောက် နှုတ်ပစ်ခဲ့တယ်။ ဇနီးကြီးရဲ့အမြင်ကတော့ ဇနီးငယ်နဲ့ သဘောထားခြင်းကွဲလွဲနေခဲ့ပြန်တယ်။ သူ့ခင်ပွန်းဆံပင်ဖြူလာမှသာ အိုမင်းတဲ့အသွင်ပေါက်လာပြီး သူနဲ့ အသက်အရွယ်ချင်း မတိမ်းမယိမ်းလို့ထင်ရမယ်။

လူတော်တော်များများက သားအမိလို့ အထင်မှားစရာ အကြောင်းမရှိတော့တဲ့အတွက် သူနဲ့ပိုပြီး လိုက်ဖက်တဲ့လင်မယားဖြစ်လာမယ်လို့ ထင်နေခဲ့ပြန်တယ်။ ဒါကြောင့် သူလည်းပဲ သူ့ခင်ပွန်းရဲ့ အမည်းရောင်ဆံပင်တွေကို ရသလောက် နှုတ်ပြန်တယ်။ ခင်ပွန်းသည်ယောက်ျားဟာလည်း မိန်းမကြီးနဲ့တွေ့တဲ့အခါ ဆံပင်အမည်းတွေအနှုတ်ခံရပြီး၊ မိန်းမအငယ်နဲ့ တွေ့တဲ့အခါ ဆံပင်အဖြူတွေ အနှုတ်ခံရရှာတယ် နောက်ဆုံးမှာတော့ ခင်ပွန်းသည်အမျိုးသားရဲ့ ဦးခေါင်းမှာ ဆံပင်ရယ်လို့တစ်ချောင်းတစ်လေတောင် မကျန်တော့ပဲ တစ်သက်လုံး ဦးပြည်းကတုံးအဖြစ်သာနေထိုင်ခဲ့ရတော့တယ်။

ဒီပုံပြင်ဟာ ကျနော်တို့ကို သတိပေးထားတာတွေရှိတယ်။ တစ်ခါတစ်ရံမှာ ကျနော်တို့ဟာ အမြင်မတူတဲ့ ၀န်းကျင်နှစ်ခုကို တစ်ပြိုင်နက်တည်းဖြတ်သန်းနေကြရတယ်။ ကိုယ့်ဇနီးသည်နဲ့ ကိုယ့်အမေကြား၊ ကိုယ့်ချစ်သူနဲ့ မိဘကြား စတဲ့ မတူညီတဲ့ပတ်ဝန်းကျင်တွေမှာ ကျင်လည်ကြရမယ်။ အဲဒီလို ကိုယ့်ကို ချစ်မြတ်နိုးသူတွေကြားမှာ မှန်ကန်တဲ့အတွေးအမြင်နဲ့ ဘယ်ဘက်ကမှ မလိုက်ပဲ အမှန်တရားကို သာ တစိုက်မတ်မတ် ဆုတ်ကိုင်ထား သင့်တယ်။

 တစ်ကယ်လို့ကိုယ်ဟာ အမှန်တရားဘက်ကမလိုက်ဘဲ နီးရာဘက်ကိုရောက်တိုင်း အရောင်ပြောင်း တတ်တယ်ဆိုရင်တော့ မကြာခင်မှာ လုံးပါးပါးမှာ အသေအချာပဲဖြစ်တယ်။ အပြင်လောကမှာလည်း နှစ်ဘက်ဆွေမျိုးတွေ အလှည့်ကျနှိပ်စက်တဲ့အတွက် စီးပွားအပြင် အိမ်ထောင်ပါ ပြိုကွဲသွားကြရတဲ့ လင်မယားတွေဟာလည်း ခေါင်းပြောင်နေတဲ့ခင်ပွန်းသည်ရဲ့ နမူနာတွေပဲဖြစ်မယ်။

Yield to all and you will soon have nothing to yield. အကုန်လုံးကို အလိုလိုက်နေရင်တော့ နောင်တစ်ချိန်မှာ မင်းအတွက် ဘာမှ ကျန်တော့မှာမဟုတ်ဘူး ဆိုတဲ့ စကားလိုပဲ နောက်ဆုံးမှာတော့ ကိုယ်ပဲနစ်နာရလိမ့်မယ်။ ထိပ်ပြောင်ခြင်းမှ ကင်းဝေးကြပါစေ...

Credit :Phyo Thuta

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top