iMyanmarHouse.com - Best Property Website for Myanmar
×

လူတွေဟာ အလုပ်အတွက်ဘဲဖြစ်ဖြစ်၊ ဝါသနာကြောင့်ဘဲဖြစ်ဖြစ် စာဖတ်ကြတာရှိပါတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်ဖြစ် စာဖတ်တယ်ဆိုတာဟာ လူတွေကို အကျိုးကျေးဇူးပြုစေတာအမှန်ပါ။စာဖတ်ခြင်းဟာ လူတွေအတွက် ဗဟုသုတပိုင်းဆိုင်ရာမှာ ကြွယ်ဝပြည့်စုံစေရုံမက ကျန်းမာရေးအကျိုးကျေးဇူးကိုပါ ရရှိစေကြောင်းလေ့လာဖော်ပြထားကြပါတယ်။

မှတ်ဥာဏ်အားကောင်းစေခြင်း
ပုံမှန်စာဖတ်ခြင်းဟာ ဦးနှောက်အတွင်း ကြွက်သားတွေကို ပုံမှန်လှုပ်ရှားမှုဖြစ်စေတာကြောင့် ကျန်းမာသန်စွမ်းတဲ့ကြွက်သားတွေဖြစ်လာစေပါတယ်။ ဒါကြောင့် စာဖတ်ခြင်း ဟာ ဦးနှောက်ကိုလေ့ကျင့်ခန်းလုပ်သလိုမျိုးဖြစ်စေပြီး မှတ်ဥာဏ်အားကိုကောင်းစေပါတယ်။

လေ့လာတွေ့ရှိချက်အရ ဥာဏ်ရည်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဖြစ်တဲ့စာဖတ်ခြင်း၊ ချက်စ်ထိုးခြင်း၊ ဥာဏ်စမ်းပဟေဠိဖြေခြင်းတို့ဟာ လူရဲ့သိမြင်နိုင်စွမ်းရည်ကိုအားကောင်းစေပြီး ပုံမှန်စာဖတ်ခြင်းဟာ စိတ်အာရုံပျက်ယွင်းတဲ့ရောဂါမျိုးကို ကာကွယ်ပေးတယ်လို့ဖော်ပြထားပါတယ်။

စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း
စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ချဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်နေတဲ့အချိန်မှာ စာရဲ့အနှစ်သာရဆွဲဆောင်မှုအားက စာဖတ်သူ ကို သီးခြားကမ္ဘာတစ်ခုကိုပို့လိုက်စေသလိုဖြစ်စေတာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ချရာမှာ ထိရောက်စေတာဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ပတ်သက်လို့ဖြစ်ဖြစ် ၊ လူမှုရေးကိစ္စနဲ့ပတ်သက်လို့ဘဲဖြစ်ဖြစ် အဆင်မပြေမှုတွေကြုံတွေ့ကောင်းကြုံတွေ့ရနိုင်ပါတယ်။အဲဒီလိုအခြေအနေမျိုးမှာ ခွန်အားဖြစ်စေ မယ့် စာအုပ်တစ်အုပ်ကိုဖတ်လိုက်ခြင်းဖြင့် ဖိစီးမှုတွေကို ဖယ်ရှားလို့ရနိုင်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်အရ စာဖတ်ခြင်း ဟာ စိတ်ကို တည်ငြိမ်စေသလို နှလုံးခုန်နှုန်း ကိုလျော့ကျစေကြောင်း၊ကြွက်သားတင်းနေတာတွေပျော့ပြောင်းလာစေကြောင်း ဖော်ပြထားကြပါတယ်။

နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူပြုခြင်း
လူတွေပြောစမှတ်ပြုကြတဲ့ စာဖတ်ခြင်းဟာ အိပ်ဆေးတစ်မျိုးဖြစ်တယ်ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။မှန်ပါတယ်။ သက်တောင့်သက်သာနဲ့ စာဖတ်ခြင်းဟာ သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ဖို့များစွာအထောက်အကူပြုပါတယ်။လျှပ်စစ်မီးရောင်တွေဟာ လူရဲ့ ဦးနှောက်ကိုနိုးထစေတာကြောင့် အိပ်ယာမဝင်ခင် တစ်နာရီလောက်ကပင် မိမိရဲ့ ကိစ္စအဝဝကို ရပ်နားဖို့လိုပါတယ်။ ဥပမာ- တီနဗွီကြည့်တာ၊ ကွန်ပျုတာအသုံးပြုတာ၊ ဖုန်းပြောတာတွေကို ရပ်ဖို့လိုအပ်ပါတယ်။ ဒီအတွက် အိပ်ယာပေါ်မှာ တစ်နာရီလောက် သက်တောင့်သက်သာနဲ့ စာအုပ်လေးတစ်အုပ်ကိုဖတ်နေလိုက်ခြင်းက သင့်ရဲ့တစ်ညတာကို နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ဖို့များစွာ အထောက်အကူပြု စေမှာဖြစ်ပါတယ်။

အာရုံစူးစိုက်မှုအားကောင်းခြင်း
စာဖတ်ခြင်းဟာ လူရဲ့အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းစေပါတယ်။ စာအုပ်ကိုအာရုံစူးစိုက်ပြီး စိတ်ပါဝင်စားစွာ ဖတ်နေရချိန်မှာ ဘေးပတ်ဝန်းကျင်အပေါ် အာရုံဖြန့်ကျက်မှု ကင်းဝေးနေပါတယ်။ ဒီလို အာရုံစူးစိုက်ပြီး ပုံမှန်စာဖတ်တဲ့အလေ့အကျင့်ရှိလာတဲ့အခါ လူရဲ့ အာရုံစူးစိုက်နိုင်မှုစွမ်းရည်ဟာ အားကောင်းလာခြင်းဘဲဖြစ်ပါတယ်။

မျဝေခံစားခြင်း ၊စာနာခြင်းတရားတို့ဖြစ်ပေါ်စေခြင်း
စာအုပ်တစ်အုပ်ကိုဖတ်လိုက်တဲ့အခါ စာအုပ်ထဲကပေးလာတဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေက လူရဲ့ စိတ်ကို သက်ဝင်လာပြီး စာနာစိတ်တွေဖြစ်ပေါ်လာစေပါတယ်။ စာအုပ်၊စာပေဟာ လူတွေအတွက် မတူညီတဲ့ စရိုက်လက္ခဏာတွေ၊ အတွေးအမြင်တွေ၊ဗဟုသုတတွေကိုပေးတာကြောင့် စာဖတ်ခြင်းက လူတွေအတွက်ရသစုံခံစားမှုတွေရစေပါတယ်။

စိတ်ဓာတ်အားတက်ကြွစေခြင်း
ခွန်အားဖြစ်စေတဲ့စာမျိုးဖတ်ရတဲ့အခါ စိတ်ဓာတ်ကိုခွန်အားဖြစ်စေပြီး ရယ်ရွှင်ပျော်မြူးဖွယ်ဖတ်ရတဲ့အခါ လည်း ကိုယ်စိတ်နှစ်ပါး ကိုကြည်လင်ရွင်လန်း စေပြန်တယ်။အသိပညာဗဟုသုတတွေတိုးပွားလာခြင်း၊ စကားလုံးဝေါဟာရတွေကြွယ်ဝလာခြင်း၊စာအရေးအသားကောင်းလာခြင်း နဲ့ ဆင်ခြင်ဝေဖန်နိုင်စွမ်းအားကောင်းခြင်းတို့ကြောင့် စိတ်ဓာတ်အားတက်ကြွလာစေကာ ဘဝကို ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့အင်အားဖြစ်စေပါတယ်။

Credit : Yangon Life

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top