iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်နဲ့ ခရီးအတူ ထွက်လိုက်ရင် အဲ့ဒီလူရဲ့အကျင့်တွေကို သိသွားတတ်ကြတာမို့ ပိုခင်မင်သွားတတ်တာမျိုး ရှိသလို၊ ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ မိတ်ပျက်သွားတာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ ကိုယ်သွားမယ့် ခရီးလေး ပျော်ရွှင်ဖွယ်ဖြစ်အောင်၊ သူငယ်ချင်းတွေလည်း အခေါ်အပြော မပျက်ရအောင် သင့်အနေနဲ့ ခရီးမသွားခင် ကိုယ်နဲ့အတူသွားမယ့် သူငယ်ချင်းကို ဒီလိုမေးခွန်းလေးတွေ ကြိုမေးထားဖို့ လိုပါတယ်။

၁။ခရီးစဉ်အတွင်း သုံးမယ့်ငွေ ဘယ်လောက်ယူဖြစ်မလဲဆိုတာ မေးပါ။
ခရီးတစ်ခုတောင် အတူသွားဖို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းတွေကြားမှာ ဒီလိုမေးခွန်းမျိုး ပွင့်ပွင့်လင်းလင်း မေးထားဖို့ လိုပါတယ်။ ခရီးစရိတ်ကဘယ်လောက်၊ တည်းခိုဖို့ဘယ်လောက်၊ ဈေးဝယ်ဖို့ ဘယ်လောက်စသဖြင့် သေချာ မေးမြန်းထားဖို့ လိုပါတယ်။

၂။ခရီးစဉ်အတွင်း fast food နဲ့ လမ်းဘေးအစားအစာ စားဖြစ်မယ်ဆို သူ့အတွက် အဆင်ပြေမလား မေးပါ။
ဒီမေးခွန်းဟာ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်ကို အရေးကြီးတဲ့ မေးခွန်းမျိုးပါ။ လမ်းဘေးစာ မစားနိုင်တဲ့ သူငယ်ချင်းနဲ့ဆိုရင် စားသောက်ဆိုင်လိုက်ရှာတာမျိုး၊ ဟိုတယ်စာပဲ စားမယ်ဆိုရင် စားစရိတ်ပိုကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ တစ်နေရာကို မသွားခင် သူငယ်ချင်းနဲ့ ဟိုကျရင် ဘယ်လိုအစားအစာမျိုး စားမယ်ဆိုတာလောက်တော့ ကြိုညှိုနှိုင်းသင့်ပါတယ်။

၃။ကိုယ်နဲ့သွားမယ့်သူက အစီအစဉ်သေချာဆွဲပြီးသွားတတ်သူလား၊ ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်တတ်သူလား မေးပါ။
ခရီးတစ်ခု စီစဉ်ပြီဆိုကတည်းက ဘယ်နှစ်ရက်နေမယ်၊ ဟိုမှာ ဘယ်နေရာတွေ ဘယ်နေ့လျှောက်လည်မယ်စသဖြင့် အစီအစဉ်ဆွဲထားတယ်ဆိုရင် သူ့ကိုပြောပါ။ သူကရော ဘယ်လိုလူမျိုးလဲ ဆိုတာ ခရီးမထွက်ခင်သိအောင် လုပ်ပါ။

၎။ခရီးစဉ်အတွင်း သူမဖြစ်မနေ လုပ်ဆောင်ချင်တဲ့ အရာက ဘာများလဲဆိုတာမေးပါ။
ခရီးစဉ်အတွင်း သူဘာတွေ မြင်တွေ့ချင်တယ်၊ ဘာတွေလုပ်ချင်တယ်ဆိုတာမျိုး သူငယ်ချင်းကိုမေးပါ။ သင်ကြိုက်တာတွေချည်း လုပ်၊ ဒါမှမဟုတ်သွားနေမယ်ဆိုရင် သူလည်း စိတ်မပျော်ရွှင်ပဲ အိမ်ပြန်သွားရပါလိမ့်မယ်။ ဒီတော့ သေချာမေးမြန်းထားလိုက်တာ ကောင်းပါတယ်။

၅။ခရီးစရိတ်ကို ကိုယ့်အတွက် ကိုယ်ရှင်းမှာလား၊ နှစ်ယောက်ပေါင်းပြီး အတူတူသုံးမှာလား မေးပါ။
ဒီအချက်က အရေးကြီးပါတယ်။ ပထမဆုံးအချက်နဲ့လည်း တူပါတယ်။ ခရီးစရိတ်ကို ကိုယ့်ဘာသာကိုယ် ကိုင်သုံးမယ်ဆိုရင်လည်း သုံးပါ။ မဟုတ်ပဲ နှစ်ယောက်အတူ အားလုံးပေါင်းလိုက်ပြီး အဲ့ထဲက ပြန်သုံးချင်တယ်ဆိုရင်လည်း အတူသွားမယ့် သူငယ်ချင်းကို သေချာမေးပါ။ တစ်ခါတစ်လေ ကိုယ်ယူလာမယ့်ငွေက နည်းနေလို့ သူငယ်ချင်းကို စိုက်ပေးခိုင်းမယ်ဆိုရင်လည်း သေချာအကူအညီတောင်းဖို့ လိုပါတယ်။ ဟိုရောက်တဲ့အခါ ကိုယ်ချည်းပဲရှင်း၊ သူချည်းပဲ ရှင်းနေရရင် ဘယ်လောက်ခင်ခင် ဇာတ်လမ်းတွေ ရှုပ်လာနိုင်ပါတယ်။

၆။သင့်သူငယ်ချင်းဟာ အိပ်ယာနောက်ကျမှ ထတတ်သူလား၊ စောစောအိပ်ယာဝင်တတ်သူလား၊ ပါတီပွဲတွေဘာတွေ ကြိုက်လာ စတာတွေကိုလည်း မေးထားပါ။
သင့်သူငယ်ချင်းက တစ်နေရာရာသွားဖို့ အမြဲ အတင်းခေါ်နေရတဲ့သူ၊ ဒါမှမဟုတ် အိပ်ပြီးရင် မနည်းကို နှိုးရတဲ့သူဆိုရင်တော့ ခရီးစဉ်အတွက် သူ့ကို သေချာပြောပြထားဖို့ လိုပါလိမ့်မယ်။ ခရီးတစ်ခုသွားပြီဆိုရင် ပျော်စရာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေမယ့် ခရီးမျိုးကို ပြသနာတက်တာ၊ စိတ်ညစ်ရတာတွေကြောင့်တော့ မပျက်စီးစေချင်ပါဘူး။

၇။ခုလို ခရီးထွက်ရခြင်း အကြောင်းအရင်းများ ရှိသလား ဆိုတာကိုမေးပါ။
နှစ်ယောက်စလုံး စိတ်ပြေလက်ပျောက် ခရီးထွက်တာမျိုးလား၊ သွားမယ့်နေရာရဲ့ အလှအပကို သီးသန့်ခံစားဖို့ ခရီးထွက်တာမျိုးလား၊ ဒါမှမဟုတ် စာမေးပွဲတွေဘာတွေ ဖြေပြီးလို့ အပျော်ခရီးထွက်တာမျိုးလား စတာမျိုးကိုလည်း  သိထားဖို့လိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top