iMyanmarHouse.com - Best Property Website for Myanmar
×

အစာလဲဆေး၊ ဆေးလဲအစာဆိုတဲ့ အတိုင်းကျန်းမာရေးနဲ့ ညီညွတ်မျှတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးမယ်ဆိုရင် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအတွက် အလွန်အထောက်အကူ ပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါဘယ ကင်းစင်ယုံသာမက ရုပ်ရည်လှပနုပျိုနေစေဖို့ကလဲ အစားအသောက်နဲ့ ဆိုင်နေလို့ပါ။ နဂို ရှိရင်းစွဲထက် အိုမင်းရင့်ရော်နေရင် ဘယ်သူမှ ပျော်နိုင်မယ်မထင်ပါဘူး။ အောက်ဖော်ပြပါ အစားအသောက်တွေကတော့ ရုပ်ကိုရင့်စေတဲ့အတွက် လျှော့နိုင်သမျှ လျှော့စားနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

ချိုသောအစားအသောက်များ

သကြားပါဝင်မှုများတဲ့ အစားအသောက်တွေစားရင် အရေပြားကို ထိခိုက်စေပါတယ်။ ကိုယ်ထဲကဆဲလ် တွေ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ သကြားပမာဏထက် များနေရင် ပိုနေတဲ့ သကြားမော်လီကျု (sugar molecules) တွေက ပရိုတင်းတွေနဲ့ ပေါင်းပြီး နောက်ဆုံးရလဒ်အဖြစ် ဓာတ်ပစ္စည်းတခု (advanced glycation end products) ထွက်ပေါ်လာပါတယ်။ အဲဒီဓာတ်ပစ္စည်းက အရေပြားကို တင်းရင်းနုပျိုစေတဲ့ ကိုလက်ဂျင် (collagen) ဆိုတဲ့ ပရိုတင်းကို ထိခိုက်ပျက်ဆီးစေပါတယ်။ အချိုစားတာများရင် ပြုံးအလှပိုင်ရှင် မဖြစ်နိုင်ဘူး ဆိုတာကတော့ အံ့သြစရာ မဟုတ်ပါဘူး။ သကြားတွေ သွားမှာကပ်နေရင် ဘတ်တီးရီးယားတွေ ပေါက်ဖို့ အားပေးရာရောက်ပြီး သွားပိုးစားတာ ဖြစ်တတ်ပါတယ်။ သွားတွေ ဖြူဖွေးလှပမှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် အချိုစားပြီး တိုင်းဆားရေနွေးနဲ့ အာလုတ်ကျင်းပြီး သွားမှာကပ်နေတာတွေကို ဖယ်ရှားသင့်ပါတယ်။

 အယ်လ်ကိုဟော

အသည်းကျန်းမာရေးကောင်းမှ အရေပြားရဲ့ ကျန်းမာရေးကောင်းနိုင်ပါမယ်။ အသည်းက သူ့လုပ်ငန်းတွေကို ကောင်းကောင်းလုပ်နိုင်နေရင် အရေပြားကို ထိခိုက်နိုင်မယ့် အဆိပ်အတောက်တွေကို အသည်းက ဖယ်ရှားရှင်းထုတ် နိုင်ပါတယ်။ အသည်းမကောင်းလို့ ကိုယ်ထဲမှာ အဆိပ်တွေ စုပုံနေရင်တော့ အရေပြားမှာ ဝက်ခြံ၊ ပါးရေတွန့်တာတွေ ထွက်လာနိုင်သလို အရမ်းဆိုးလာရင်တော့ ပင့်ကူပုံအနီစက်တွေ ထွက်လာနိုင်ပါတယ်။
အရက်ပြင်းတွေမှာပါဝင်တဲ့ အယ်လ်ကို ဟောဟာအသည်းကို ထိခိုက်စေယုံသာမက ကိုယ်တွင်းမှာ ရေဓာတ်ခန်းခြောက်စေတဲ့အပြင် အိပ်ရေးပျက်စေပါတယ်။ အိပ်ရေးပျက်နေတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတဲ့သူရဲ့ အရေပြားမှာ ပါးရေတွန့်တာ၊ အရေပြားတွေ ကြမ်းတမ်းလာတာ၊ ဆန့်ကျုံနိုင်သော သတ္တိ (elasticity) လျော့နည်းသွားတာကို တွေ့နိုင်ပါတယ်။

 ဝိုင်ဖြူ

သွားကျန်းမာရေးကို ထိခိုက်စေတဲ့ ဝိုင်ဖြူကလဲ နုပျိုချင်သူတွေ ရှောင်ကြဉ်ရမယ့် အရာတခုပါ။ ဝိုင်ဖြူမှာပါတဲ့ အက်ဆစ်ဓာတ်က သွားရဲ့အပေါ်ယံလွှာ ကြွေသားကို ထိခိုက်ပျက်စီးစေပြီး သွားမှာအရောင်တွေ တာရှည်စွန်းထင်း စေပါတယ်။ ဒါ့ကြောင့်ညတိုင်း ဝိုင်ဖြူတခွက်လောက် သောက်ပြီးမှ အိပ်တဲ့သူတွေ အနေနဲ့ မနက်ခင်းမှာ ကော်ဖီသောက်ရင် သွားမှာကော်ဖီရောင်တွေ စွန်းထင်းကျန်ခဲ့တာကို တွေ့ကြုံရပါလိမ့်မယ်။
ဝိုင်ဖြူအပြင် သံပုရာရည်လို အက်ဆစ်ပါတဲ့ အရည်သောက်ထားသူတွေ မလုပ်သင့်တာကတော့ ချက်ချင်းဆိုသလို သွားတိုက်တာမျိုး မလုပ်ဖို့ပါပဲ။ အက်ဆစ်စွန်းထင်နေတဲ့ သွားကိုသွားပွတ်တံနဲ့ တိုက်လိုက်ရင် ကြွေးသားတွေ အလွယ်တကူ ပျက်စီးနိုင်လို့ပါ။ ဒါ့ကြောင့် အက်ဆစ်ပါဝင်မှုများတဲ့ အရည်တွေသောက်ပြီးရင် ၁နာရီလောက်ခြားပြီးမှ သွားတိုက်သင့်ပါတယ်။

 တူးနေသောအကင်များ

အသားကင်မှာဖြစ်ဖြစ် ဟမ်ဘာဂါမှာပါတဲ့ အသားပြားမှာဖြစ်ဖြစ် တူးနေတဲ့ အမည်းဖတ်တွေကို ဖယ်ရှားဖို့ လိုပါတယ်။ မီးသွေးလို ကျွမ်းနေတဲ့ အမည်းဖတ်တွေမှာ ရောင်ရမ်းမှုကို အားပေးတဲ့ ဟိုက်ဒရိုကာဗွန် ပါဝင်နေပါတယ်။ ရောင်ရမ်းမှုတွေ ဖြစ်လာတာနဲ့ အရေပြားဆဲလ်တွေ ပျက်စီးမှု ပိုမိုများ ပြားလာတာကို ကြုံတွေ့ရပါမယ်။ အသားကင်ကို လုံးဝရှောင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အကင်မှာပါတဲ့ အမည်းဖတ်တွေကို ဖယ်ပြီးစားဖို့လိုတာ ဖြစ်ပါတယ်။

 ငန်သောအစားအသောက်များ

ဟင်းချက်တဲ့အခါ ဆား(ဆိုဒီယမ်ဓာတ်) မသုံးရင်တောင်မှ (ဗမာပြည်မှာတော့ မဖြစ်နိုင်လောက်ပါဘူး) အစားအသောက်ထဲမှာ အငန်ဓာတ်ပါဝင်မှု နည်းမယ်လို့ တထစ်ချယူဆလို့ မရပါဘူး။ ကြာရှည်ခံအောင် လုပ်ထားတဲ့ စည်သွပ်ဗူးတွေမှာ ဆိုဒီယမ်ဓာတ် အများအပြား ပါဝင်ပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ သွေးကြောထဲမှာ ရေတွေဝင်ရောက် ခိုအောင်းနေစေတာကြောင့် မျက်နှာကို ဖောသွပ်သွပ်ပုံ ပေါက်စေပါ တယ်။ မျက်နှာဖောနေတာအောင် လတ်တလောအရေးပေါ် သက်သာစေမယ့် နည်းကတော့ ကဖင်းပါတဲ့ မွိုက်ရှာရိုက်ဇာ (moisturizer) ကိုသုံးဖို့ပါပဲ။

 ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်လို ပြုပြင်စီမံထားသော အစားအစာများ

ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တွေမှာ တာရှည်အထားခံဖို့ ထည့်ထားတဲ့ ဆာဖိုက် (sulfites)နဲ့ တခြားဓာတ်ပစ္စည်းတွေဟာ အရေပြားဆဲလ်တွေကို ရောင်ရမ်းစေပြီး အိုမင်းရင့်ရော်မှုကို အားပေးပါ တယ်။ ဆားပါဝင်မှုများတဲ့အတွက် မျက်နှာကိုအန်းစေ၊ ဖောသွပ်သွပ်ဖြစ်စေပါတယ်။ အသင့်စားဖို့ လုပ်ထားတဲ့ အသားပြား (deli meat) အစားလတ်တလောလုပ်ထားတဲ့ ကြက်သား၊ ကြက်ဆင်သားတို့ကို အသားညှပ်ပေါင်မုန့် (sandwich)ထဲမှာ ထည့်စားသင့်ပါတယ်။ အသားလုံးဝ မစားရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း အစားအသီးအရွက်တွေ ပိုစားသင့်ပါတယ်။

 အပူအစပ်များ

အပူအစပ်စားတဲ့ အမျိုးသမီးတွေ သွေးဆုံးချိန်ရောက်ရင် ပိုပြီးအိုမင်းရင့်ရော် တတ်ပါတယ်။ အရေပြားက သွေးကြောတွေကို ကျယ်စေတဲ့အတွက် သွေးဆုံးပြီး အမျိုးသမီးတွေရဲ့ အရေပြားဟာ ပွရောင်းရောင်း ဖြစ်နေတတ်ပြီး နုပျိုလန်းဆန်းမှု ကင်းမဲ့နေ တတ်ပါတယ်။ ရံဖန်ရံခါစားတာ ကိစ္စမရှိပေမယ့် နေ့စဉ်နေ့တိုင်း အပူအစပ်တွေ စားနေရင်တော့ ပင့်ကူပုံ သွေးကြောထုံးတွေ၊ အရေပြားတလျှောက် နီရဲပြီး ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ အိမ်မှာစားရင် အပူအစပ်လျှော့စားဖို့ လိုသလိုဆိုင်မှာ ထွက်စားရင် လဲအစပ်လျှော့ခိုင်းဖို့ မမေ့ပါနဲ့။

 အဆီပါဝင်သောအစားအသောက်များ

ဝက်သား၊ အမဲသားလို အနီရဲရဲအသားတွေမှာ အဆီပါဝင်မှုများပါတယ်။ ဆီများတဲ့ အသားမှာ ဖရီးရယ်ဒီကယ် (free radical) ဆိုတဲ့ ဆဲလ်တွေကို ထိခိုက်ပျက်စီးစေတဲ့ ဓာတ်ပစ္စည်း ပါဝင်နေပါတယ်။ ဖရီးရယ်ဒီကယ်တွေ ကိုယ်ထဲမှာများလာရင် အရေပြားဆဲလ်အပါအဝင် ဆဲလ်တွေရဲ့ အိုမင်းရင့်ရော်မှု ပိုမြန်လာစေပါတယ်။
ဟမ်ဘာဂါကို ကြုံရင်ကြုံသလို တခါတလေ စားလို့တော့ ရပါတယ်။ ဒါပေမယ့် နေ့တိုင်းနီးပါး စားတာမျိုးတော့ မလုပ်သင့်ပါဘူး။ စားတဲ့အခါမှာလဲ အဆီမပါတဲ့ ကြက်သား၊ ကြက်ဆင်သားမျိုးနဲ့ ဟမ်ဘာဂါကို သာစားသင့်ပါတယ်။ ဖရီးရယ်ဒီကယ်တွေဟာ ဆဲလ်ထဲမှာ ဓာတ်တိုးမှုဖြစ်စဉ် (oxidation)ကို ဖြစ်စေပြီး ပျက်စီးစေတာကြောင့် အန်တီအောက်ဇီးဒန့် (antioxidant) ဆိုတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုများတဲ့ အစားအသောက်တွေကိုလဲ များများစားပေးဖို့ လိုပါတယ်။
အဆီစားများတဲ့ သူရဲ့အရေပြားဟာ တခြားသူတွေလောက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။ နေလောင်ဒဏ် ခံထားရခြင်းဟာ အိုမင်းရင့်ရော်ခြင်းရဲ့ နံပါတ်တစ်အကြောင်းရင်း ဖြစ်တာကြောင့် စားသောက်တဲ့ အထဲမှာ အဆီပါဝင်မှုနည်းအောင် ဆင်ခြင်သင့်ပါတယ်။ အစားအသောက်ထဲမှာ ပါဝင်တဲ့အချိုးအစားကို ဖော်ပြရာမှာ အဆီဓာတ်ပါဝင်မှု ၀ (Trans fat 0g) လို့ဖော်ပြထားယုံနဲ့ လုံးဝမပါဘူးလို့ မထင်ပါနဲ့။ အဆီ ၀.၅ ဂရမ် အောက်ပါဝင်တာလဲ ဖြစ်နိုင်ပါတယ်။

 အားဖြည့်အချိုရည်များ

အားဖြည့်အချိုရည် သောက်လိုက်ရင် လန်းဆန်းသွားလို့ ကလေးတုန်းက လိုနုပျိုရွှင်လန်းမှုတွေ ရရှိတယ်လို့ ခံစားရနိုင်ပါတယ်။ တကယ်တမ်းကတော့ အားဖြည့်အချိုရည်တွေဟာ သွားရဲ့ အပေါ်ယံကြွှေလွှာကို တခြားဖျော်ရည်တွေထက် ပိုမိုထိခိုက်စေပါတယ်။ ဒါ့အပြင် အက်ဆစ် ပါဝင်မှုများတဲ့အတွက် သွားမှာ ကော်ဖီရောင် စွန်းကျန်ခဲ့တာ၊ ဆေးလိပ်အစီခံရောင် စွန်းကျန်ခဲ့တာမျိုးကို ပိုပြီးဖြစ်စေလို့ နုပျိုရွှင်လန်းတဲ့ အပြုံးမျိုးရဖို့ အနှောင့်အယှက်ဖြစ်ပါတယ်။

 ကဖင်းပါသောအရည်များ

ကဖင်းပါတဲ့ လက်ဖက်ရည်၊ကော်ဖီ၊ ရေနွေကြမ်းစတာတွေဟာ ဆီးဆေးတွေလိုပဲ ဆီးသွားများစေပါတယ်။ ဆီးသွားများရင် ရေဓာတ်ခန်းခြောက်စေတဲ့အတွက် အရေပြားရဲ့ စွတ်စိုတောက်ပမှုကို ကျဆင်းစေပါတယ်။ လူကိုကြည့်ရတာ လန်းဆန်းရွှင်လန်းမနေပဲရှိတဲ့ အသက်ထက်ပိုပြီး ရင့်ရော်တယ်လို့ အထင်ခံရတတ်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီကြိုက်တဲ့ သူတွေအနေနဲ့ ကိုယ်ကြိုက်တာကိုလဲ မဖြတ်ချင်၊ ရုပ်လဲမရင့်ချင်ဘူးဆိုရင်တော့ မွိုက်ရှာရွိုက်ဇာ (moisturizer) သုံးပေးဖို့ လိုပါတယ်။

 နုပျိုရွှင်လန်းစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို ရွေးချယ်စားသုံးနိုင်ကြပါစေ။

 Credit : free4reader


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top