iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ရဲ့ နေ့စဉ် နေထိုင်စားသောက်မှု အလေ့အထတွေက ကျန်းမာရေးနဲ့ လူ့သက်တမ်းကို တိုက်ရိုက် သက်ရောက်မှု ရှိနေပါတယ်။ ကျန်းမာရေးနဲ့ မညီတဲ့ အလေ့အထဆိုးတွေကြောင့် ပုံမှန်ထက် သက်တမ်းတိုစေနိုင်ပါတယ်။ သင့်ရဲ့သက်တမ်းကို ပုံမှန်ထက်တိုစေတဲ့ အချက်အချို့ကို ဖော်ပြထားပါတယ်။

၁။ အချိုရည်အသောက်များခြင်း

အချိုရည်တစ်ခွက်မျှ သောက်ခြင်းကလည်း ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။ အချိုရည်က ခန္ဓာကိုယ် ဆဲလ်တွေရဲ့ ခုခံနိုင်စွမ်းကို လျော့နည်းစေပြီး အိုမင်းရင့်ရော်ခြင်း၊ ဖျားနာခြင်းနဲ့ ရောဂါဘယတွေ ဖြစ်စေပါတယ်။

တစ်နေ့လျှင် အချိုရည် လီတာတစ်ဝက် သောက်ခြင်းက ခုခံအားစနစ် ဆဲလ်တွေကို ပုံမန်ထက် ၅ နှစ်နီးပါးအထိ ပိုမိုစောလျင်စွာ ပျက်စီးစေပါတယ်။ ဒီ အခြေအနေက ဆေးလိပ်သောက်ခြင်းနဲ့ အတူတူပင် ဖြစ်ပါတယ်။ အချိုရည်သောက်ခြင်းကြောင့် ဆဲလ်များ ပျက်စီးမှုက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားနည်းစေပြီး လူ့သက်တမ်းကို တိုစေပါတယ်။

၂။ တီဗီကြည့်ချိန်များလွန်းခြင်း

တီဗီကြည့်ခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ အများစုက ထင်မြင်မိကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သုတေသနအရ တစ်နာရီကြာ တီဗီကြည့်ခြင်းက ဆေးလိပ်သောက်သလိုပင် ကျန်းမာရေးဆိုးကျိုး ဖြစ်စေပါတယ်။ တီဗီကြည့်နေစဉ်မှာ လှုပ်ရှားမှုမရှိဘဲ အသင့်ပြင်ဆင်ထားတဲ့ အစားအစာနဲ့ အချိုရည်တွေ သောက်သုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒါ့ပြင် တီဗီကြည့်ချိန် အလွန်များသူတွေဟာ ထိုင်ရမှမထ စားသောက်လေ့ရှိတဲ့ အစားအစာ၊ အချိုရည်တွေကြောင့် အဝလွန်မှု ဖြစ်လာနိုင်ပါတယ်။ အဝလွန်မှု နောက်ဆက်တွဲ ကျန်းမာရေးဆိုကျိုးအဖြစ် နှလုံးရောဂါနဲ့ ကင်ဆာရောဂါများပင် ဖြစ်ပွားနိုင်ပြီး သက်တမ်းတိုနိုင်ပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက လူ့အသက်ကို တိုစေကြောင်း သုတေသန ရလဒ်အများအပြားက ဖော်ပြထားပါတယ်။

ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်က အဆုတ်ကို ထိခိုက်စေပြီး အဆုတ်မှာ ချွဲသလိပ်များထွက်ရှိမှု များပြားနိုင်ပါတယ်။ အကျိုးဆက်အားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ပြီး လူ့သက်တမ်းတိုစေပါတယ်။

၎။ ပြုပြင်ထားသော အစားအစာများ

နေ့စဉ် စားနေတဲ့ အစားအစာတွေက လူတစ်ဦးရဲ့ သက်တမ်းကို တိုက်ရိုက် သက်ရောက်မှု ရှိနေပါတယ်။

ကျန်မားရေးနဲ့ မကိုက်ညီတဲ့ အစားအစာတွေနဲ့ ဓာတုဗေဒပစ္စည်းများ အသုံးပြုပြီး ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေက လူ့သက်တမ်းကို တိုစေပါတယ်။

၅။ အိပ်ရေးမဝခြင်း

အိပ်စက်ခြင်းက စိတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ အိပ်ပျော်နေစဉ်မှာ ဦးနှောက်က တစ်နေ့တာ အဖြစ်အပျက်တွေကို မှတ်ဉာဏ်အဖြစ် သိမ်းဆည်းတဲ့ လုပ်ငန်းစဉ်တွေ ပြုလုပ်ပါတယ်။

ဒါ့ပြင် ဦးနှောက်စွမ်းရည်ကို ပြန်လည် ပြည့်ဝေစေပါတယ်။ အိပ်ရေးဝဝ မအိပ်ရသူတွေဟာ ခန္ဓာကိုယ်မှာ သက်ရောက်မှုတွေရှိပြီး သက်တမ်းတိုတတ်ပါတယ်။

၆။ အရက် အလွန်အကျွံသောက်ခြင်း

အသင့်အတင့် ပမာဏနဲ့ ဝိုင်နီလို ယမကာတွေ သောက်သုံးခြင်းက ကောင်းကျိုးရှိနိုင်ပေမဲ့ အရက်ကို အများအပြား သောက်သုံးခြင်းကတော့ သက်တမ်းတိုစေတဲ့ အန္တာရယ် ရှိပါတယ်။ အရက်သောက်ခြင်းက လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မှားယွင်းစေပြီး ဆိုးကျိုးတွေ ကြုံရနိုင်ပါတယ်။

အရက်က လူ့ခန္ဓာကိုယ်မှာ အရေးပါတဲ့ အသည်းကို တိုက်ရိုက်ထိခိုက်မှု ရှိပါတယ်။ အသည်းက အရက်ရဲ့ အာနိသင်ကို ဖျက်ဆီးပစ်ရတဲ့ ဇီဝလုပ်ဆောင်မှုတွေ လုပ်ဆောင်ရပါတယ်။

အရက် အလွန်အကျွံသောက်တဲ့အခါ အရက်အာနိသင်ကို ဖျက်ဆီးပစ်ဖို့ အသည်းရဲ့ လုပ်ဆောင်မှုတွေလည်း မနားတမ်းဖြစ်လာပြီး အသည်းဆဲလ်တွေ ပျက်စီးလာနိုင်ပါတယ်။ ဒီ အခြေအနေက အသည်းရောဂါ ဖြစ်ပွားမှုကို ဦးတည်စေပြီး သက်တမ်းတိုနိုင်ပါတယ်။

၇။ လေ့ကျင့်ခန်း မလုပ်ခြင်း

ကျန်းမာရေး သုတေသနတွေက မကြာခဏ ဖော်ပြနေသလိုပဲ လှုပ်ရှားမှုနည်းခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းက ပုံမှန် လူ့သက်တမ်းထက် လျော့နည်းနိုင်ပါတယ်။

လှုပ်ရှားမှုနည်းပြီး လေ့ကျင့်ခန်း လုပ်လေ့မရှိသူတွေဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု နှေးကွေးပြီး ဆဲလ်တွေက လိုအပ်တဲ့ အာဟာရဓာတ် လုံလောက်စွာ မရရှိနိုင်တော့ပါဘူး။ ဒါ့ပြင် လှုပ်ရှားမှုနည်းပြီး လေ့ကျင့်ခန်း မလုပ်တာကြောင့် နောက်ဆက်တွဲအဖြစ် အဝလွန်မှု ဖြစ်လာနိုင်ပါတယ်။ လှုပ်ရှားမှုနည်းပြီး လေ့ကျင့်ခန်း မလုပ်ခြင်းရဲ့ ဆိုးကျိုးအဖြစ် ရောဂါဖြစ်ပွားပြီး ပုံမှန်ထက် သက်တမ်းတိုစေပါတယ်။

Credit : Duwun
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top