iMyanmarHouse.com - Best Property Website for Myanmar
×

ရေနွေးကြမ်း၊ လက်ဖက်စိမ်းရည်၊ လက်ဖက်ရည်ချို စတဲ့ လက်ဖက်ခြောက်ဖြင့် ပြုလုပ်ထားတဲ့ သောက်ဖွယ်ရာတွေက ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့ အချက်တွေကို စုစည်းဖော်ပြထားပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်းဘေးဆိုတဲ့ စကားအတိုင်း အလွန်အကျွံ မဟုတ်ဘဲ သင့်တင့်တဲ့ ပမာဏသာ သောက်သုံးသင့်ကြောင်းလည်း ပညာရှင်တွေက အကြံပြုထားပါတယ်။

၁။ ကင်ဆာရောဂါ ဖြစ်ပွားမှု လျှော့ချပေးနိုင်

လက်ဖက်ရည်မှာ Polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပြီး ကင်ဆာကို တိုက်ဖျက်နိုင်ပါတယ်။

ဒါ့ပြင် လက်ဖက်ရည်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အိုမင်းရင့်ရော်မှုကို နှေးကွေးစေတာကြောင့် အရွယ်တင်နုပျိုနိုင်ပါတယ်။ လက်ဖက်ရည်မှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အူမကြီး၊ ရင်သား၊ အစာအိမ်၊ အဆုတ်၊ အရေပြား၊ ပန်ကရိယ၊ အူသိမ်၊ ခံတွင်း၊ ဆီးကြိတ်၊ သားအိမ်နဲ့ အသည်းကင်ဆာ အပါအဝင် ကင်ဆာရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

၂။ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါကို ကာကွယ်နိုင်

ပညာရှင်တွေရဲ သုတေသနအရ လက်ဖက်ရည်သောက်ခြင်းက လေဖြတ်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

သွေးကြောအတွင်း သွေးခဲများဖြစ်ခြင်း သို့မဟုတ် သွေးပျစ်ခြင်းတို့ကြောင့် ကိုလက်စထရော ပမာဏမြင့်တက်ရာက လေဖြတ်ခြင်းနဲ့ နှလုံးရောဂါ ဖြစ်စေပါတယ်။ လက်ဖက်ရည်သောက်ခြင်းက သွေးကြောအတွင်း သွေးခဲမှု၊ သွေးပျစ်မှုတို့ကို လျှော့ချပေးပြီး ခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းစေကာ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

၃။ ဝိတ်ကျစေတယ်

လက်ဖက်ရည်သောက်ခြင်းက အစာခြေစနစ် ကောင်းမွန်မှုပြီး ကိုယ်အလေးချိန်ကျစေကြောင်း တွေ့ရှိထားပါတယ်။

လက်ဖက်ရည်မှာ ပါဝင်တဲ့ ကဖင်းဓာတ်နဲ့ Polyphenols ဓာတ်တွေက ခန္ဓာကိုယ်တွင်း စွမ်းအင်အသုံးပြုမှု မြင့်တက်စေကာ ကယ်လိုရီလောင်ကျွမ်းမှုကြောင့် ဝိတ်ကျစေပါတယ်။ အထူးသဖြင့် လက်ဖက်စိမ်းရည် သောက်ခြင်းက ဝိတ်ကျလိုသူတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။

၎။ ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေတယ်

လက်ဖက်ရည် ပုံမှန်သောက်ခြင်းက အယ်လ်ဇိုင်းမားကဲ့သို့ ဦးနှောက်နဲ့ဆက်နွယ်တဲ့ ရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

လက်ဖက်စိမ်းရည်မှာ ပါဝင်တဲ့ Polyphenols က ဦးနှောက်ရဲ့ သင်ယူနိုင်စွမ်းနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေကို ကောင်းမွန်အောင် ကူညီနိုင်သလို မှတ်ဉာဏ်အတွက်လည်း အထောက်အကူ ပြုပါတယ်။

၅။ စိတ်ဖိစီးမှု လျှော့ကျစေတယ်

လက်ဖက်ရည် ပုံမှန်သောက်သူတွေဟာ စိတ်ဖိစီး ခံစားရမှု လျော့နည်းတယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်သောက်ခြင်းက သွေးတိုးကျစေပြီး စိတ်ဖိစီးခံစားရမှုကို လျောပါးစေကြောင်း သုတေသနတွေက ဖော်ပြပါတယ်။

၆။ ဆီးချိုအတွက် သင့်တော်

လက်ဖက်စိမ်းရည်က ဆီးချိုရောဂါ ခံစားရသူတွေအတွက် သင့်တော်ပါတယ်။ လက်ဖက်စိမ်းရည်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ဆီးချိုရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်တွင်း သကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

၇။ အရိုးကျန်းမာရေး ကောင်းမွန်စေတယ်

လက်ဖက်ရည်သောက်ခြင်းနဲ့ အရိုးကျန်းမာရေး ဆက်နွယ်မှုရှိကြောင်း သုတေသနရလဒ်တွေက ဖော်ပြပါတယ်။ အထူးသဖြင့် လက်ဖက်စိမ်းရည် သောက်ခြင်းက အရိုးတွေကို ပိုမို ကြံ့ခိုင်သန်မာစေပါတယ်။
၈။ ကိုယ်ခံအားစနစ် မြင့်တက်စေတယ်

လက်ဖက်စိမ်းရည် ပုံမှန် သောက်ခြင်းက ကိုယ်ခံအားစနစ်ကို မြင့်တက်စေပြီး ခန္ဓာကိုယ်က ပိုးမွှားများကို တွန်းလှန်ရာမှာ အကူအညီပေးပါတယ်။

၉။ မျက်လုံးကျန်းမာရေး ကောင်းမွန်စေတယ်

လက်ဖက်ရည်က မျက်လုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။ မျက်လုံးဟာလည်း အခြား လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ ဓာတ်တိုးပစ္စည်းများကြောင့် ဇီဝဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်နိုင်ပါတယ်။ လက်ဖက်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

Credit: duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top