iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင်းဟာ မွေးရာပါ လူအချင်းချင်း အကဲခတ်ပညာတွေ တတ်မြောက်ခဲ့ကြသူတွေမို့ မိမိတို့ရဲ့ ပင်ကိုယ်အသိနဲ့ ဘယ်လို လူမျိုးကိုတော့ ပေါင်းသင်းရမယ် … ဘယ်လိုလူမျိုးကိုတော့ မပေါင်းသင်းသင့်ဘူးရယ်လို့ ကိုယ်ဘာသာ ဆုံးဖြတ်ပြီး လူနေမှုပတ်ဝန်းကျင်တစ်ခုကို ထူထောင်ကြပါတယ်။ ဒီအထဲမှာမှ သင့်ကို လူတွေက ဘာလို့ ပေါင်းသင်းဆက်ဆံခြင်း မပြုတာလဲ၊ သင့်မှာ အခြားသူတွေလို ဘာလို့ သူငယ်ချင်း အများကြီးမရှိရတာလဲ … စိတ်ထဲမှာ အဲဒီလိုခံစားမှု ဖြစ်နေရင် အောက်ပါအချက်တွေထဲက တစ်ခုခုနဲ့ ငြိစွန်းနေတယ်ဆိုတာကို သတိပေးဖော်ပြလိုက်ပါတယ်။

(၁) နေရာတကာ အတွန့်တက်လွန်းအားကြီးလို့

အတွန့်တက်လွန်းသူ၊ ဆရာလုပ်လွန်းသူ၊ ချေးများလွန်းသူ၊ ပစိပစပ်များလွန်းသူတွေကို ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။ ဒီတော့ ကိုယ့်မှာ တစ်ခြား ဘာအပြစ်မှ မရှိရင်တောင် နေရာတကာမှာ အတွန့်တက်လွန်းတာမျိုးရှိ နေရင်လည်း သူငယ်ချင်း နည်းပါးနိုင်ပါတယ်။

(၂) ချစ်သူရချိန်မှာ သူငယ်ချင်းတွေကို ဂရုစိုက်ရကောင်းမှန်းမသိလို့

ချစ်သူမရခင်တုန်းက တစ်တွဲတွဲလုပ်ခဲ့တဲ့ သူငယ်ချင်းတွေကို ချစ်သူရတဲ့အခါ ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ မထင်ခြင်းဟာလည်း သူငယ်ချင်းတွေရဲ့စိတ်ကို ငြိုငြင်စေပါတယ်။

(၃) အတ္တကြီးလွန်းလို့

အတ္တကြီးတဲ့သူရဲ့ အပြုအမူက ဘယ်လိုဟာလဲဆိုတာ အကုန်လုံး ကုန်စင်အောင်ပြောဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေအပေါ်မှာ ကိုယ်ကျိုးစွန့်အနစ်နာခံမှု မရှိခြင်း၊ ငွေ တစ်ထောင်နှစ်ထောင်လောက်ကိုပင် မရမက စာရင်းဇယား
နဲ့ ကပ်သက်တောင်းခြင်း၊ အယူသာရှိပြီး အပေးမရှိခြင်း-စတာတွေဟာ အတ္တကြီးသူတစ်ယောက်ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

(၄) သူငယ်ချင်းတွေနဲ့ပတ်သက်ရင် မျက်နှာလွှဲခဲပစ်လုပ်တတ်လို့

သူငယ်ချင်းတို့ရဲ့ ဘယ်အရေးပဲဖြစ်ဖြစ် မသိလိုက်မသိဘာသာ နေတာ၊ ကူညီဖို့ လက်တွန့်တာ၊ ခေါင်းရှောင်မှုတွေ လုပ်တာ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငြင်းပယ်ခြင်းဟာလည်း ရှိရင်းစွဲသူငယ်ချင်းတွေကိုတောင် စိတ်ကုန်စေတဲ့အမူအယာတွေ ဖြစ်ပါတယ်။

(၅) အတေးအမှတ်ကြီးလို့

နောက်တစ်ခုကတော့ သူငယ်ချင်းအချင်းချင်းအပေါ်မှာ ညှာတာမှုမရှိ၊ စိတ်ထဲမှာ အညှိုးအတေးကြီးလွန်းတာမျိုးပေါ့။အကွက်ဝင်တာနဲ့ လက်စားချေမယ်၊ နှိပ်ကွပ်မယ်၊ နောက် မလှန်ဝံ့အောင် ဆော်ထည့်လိုက်မယ်-ဆိုတဲ့ စိတ်နဲ့ သူငယ်ချင်း
တွေအပေါ် ရန်သူလို ဆက်ဆံခြင်းကြောင့်လည်း သူငယ်ချင်း ရှားပါးနိုင်ပါတယ်။

(၆) မနာလိုဝန်တိုမှုများလို့

သူငယ်ချင်းအချင်းချင်း ပြိုင်ချင်ရင် ပြိုင်လို့ရပါတယ်။ တစ်ယောက်က အောင်မြင်တဲ့အခါ ကျန်တဲ့သူငယ်ချင်းတွေက ချီးကျူးရမယ် … တစ်ယောက် ကျဆုံးတဲ့အခါ ကျန်တဲ့သူငယ်ချင်းတွေက ၀ိုင်းဝန်းအားပေးရမယ် … ဒီလိုမဟုတ်ပဲ … ကိုယ်အောင်မြင်ပြီဆိုရင် သူငယ်ချင်းတွေရှေ့မှာ လက်မတစ်ထောင်ထောင်နဲ့၊ သူများအောင်မြင်ပြီဆိုရင် စိတ်ထဲကနေ ကြိတ်မနာလိုဝန်တိုမှုတွေ ဖြစ်နေရင်လည်း သူငယ်ချင်းဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။

(၇) အတင်အဖျင်းပြောလွန်းလို့

နောက်ဆုံးအချက်ကတော့ သူငယ်ချင်းတွေအပေါ် တည်ကွက်လုပ်ပြီး အတင်းအဖျင်းပြောတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေရှ့မှာ အခြားသူများအကြောင်း အရေမရ အဖတ်မရ ပြောတာပဲဖြစ်ဖြစ် သူငယ်ချင်းတွေကို စိတ်ပျက်စေမှာ အမှန်ပါဘဲ။

Credit : Shwemom

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top