iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ချစ်သူကို သင်တကယ်ချစ်တာလား၊ စွဲလမ်းတွယ်တာမှု သက်သက်လားဆိုတာ သိနိုင်ဖို့ ခက်ခဲတဲ့ ကိစ္စရပ်ပါ။ ဒီဆောင်းပါးက အချစ်စစ်နဲ့ စွဲလမ်းမှုကြားက ကွာခြားချက်အချို့ကို ရှင်းပြပေးမှာပါ။ ဒီအချက်တွေကို အခြေခံပြီး သင့်ရဲ့ လက်ရှိအချစ်ရေးကို ကောင်းမွန်အောင် ပြုလုပ်ဖို့ အထောက်အကူပေးနိုင်သလို အနာဂတ်မှာဖြစ်လာမယ့် အချစ်ရေးကိုလည်း အကောင်းဆုံး တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်။

၁။ ချစ်ခြင်းက အတ္တကင်းတယ်၊ စွဲလမ်းမှုက အတ္တကို အခြေခံတယ်

သင်ချစ်မိတဲ့အခါ သင်ချစ်တဲ့သူ ပျော်ရွှင်ဖို့ကိုပဲ အာရုံစိုက်မှာပါ။ သင့်ချစ်သူက အမြဲတမ်း ချစ်ခြင်းတရားကို ခံစားရပြီး ပြည့်စုံကျေနပ်စေဖို့ပဲ သင်အမြဲစဉ်းစားမိလိမ့်မယ်။ ငါက ဘာပိုလုပ်ပေးရတယ်၊ သူကတော့ ငါလုပ်ပေးသလို မလုပ်ဘူးဆိုပြီး အပြစ်လိုက်ရှာ ငြူစူနေမှာ မဟုတ်ဘူး။ သင့်ချစ်သူကို စိတ်ပိုင်းဆိုင်ရာအရ အတင်းအကျပ်ကြီး သင်ဖြစ်စေချင်သလို ဖြစ်ခိုင်းပြီး သူ့ကို ကြိုးကိုင်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။

လူတစ်ယောက်ကို စွဲလမ်းတွယ်တာရုံ သက်သက်သာဆိုရင်တော့ သူ သင့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်စေဖို့ပဲ ဆန္ဒရှိလိမ့်မယ်။ သူ့အပေါ် အရမ်းမှီခိုလာပြီး သင့်ကို စွန့်ပစ်မသွားစေဖို့ သူ့ကို ထိန်းချုပ်ဖို့တောင် ကြိုးစားနိုင်တယ်။ သင့်ကိုယ်ပိုင်ပြဿနာတွေကို ကိုယ့်ဘာသာ ဖြေရှင်းမယ့်အစား သင့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းဖို့ သင့်ရဲ့ချစ်သူကို အသုံးချလိမ့်မယ်။ သင်စိတ်ညစ်ရတာ၊ စိတ်တိုနေရတာတွေကို ပြေပျောက်အောင် လုပ်ပေးဖို့၊ သင့်ကို ပျော်ရွှင်အောင်ထားဖို့ သူ့မှာ တာဝန်ရှိတယ်လို့ သင်ယူဆတယ်။

၂။ ချစ်ခြင်းက ချုပ်ချယ်မှုကင်းတယ်၊ စွဲလမ်းမှုက ထိန်းချုပ်မှုရှိတယ်

အပြန်အလှန်ချစ်ခြင်းတရားက သင်အစစ်အမှန်ကို ပြသဖို့ အခွင့်အရေးပေးတယ်။ သင့်ချစ်သူက သင့်ရဲ့ မူရင်းစိတ်အမှန်အတိုင်းနေဖို့ အားပေးတယ်။ အဲဒါကြောင့် သင့်ရဲ့အားနည်းချက်တွေကို သူမြင်သွားမှာ သင် ကြောက်နေမှာ မဟုတ်ဘူး။ အပြန်အလှန်ယုံကြည်မှုက နှစ်ယောက်စလုံးရဲ့ ကိုယ်ပိုင်စွမ်းရည်တွေ တိုးတက်လာစေဖို့ အင်အားကောင်းစေတဲ့ အထောက်အကူပစ္စည်း ဖြစ်ပါတယ်။

စွဲလမ်းမှုကတော့ ချစ်ခြင်းနဲ့ ပြောင်းပြန် အပြုအမူတွေကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ သင့်ချစ်သူကို သူ့သူငယ်ချင်းတွေနဲ့ ဂိမ်းကစားတာတို့အတွက် အချိန်ဖြုန်းတာ မကြိုက်ဘူး။ သင်ကျေနပ်စေမယ့် အရာတွေကို လုပ်ဖို့ပဲ တွန်းအားပေးမယ်။ သူ့ရဲ့စိတ်ခံစားချက်ကို အလေးမထားဘဲ သင်နဲ့အတူနေဖို့အထိ သူ့ကို ကြိုးကိုင်ခြယ်လှယ်ဖို့တောင် သင်ကြိုးစားနိုင်တယ်။

၃။ ချစ်ခြင်းက နှစ်ဖက်စလုံးကို တိုးတက်စေတယ်၊ စွဲလမ်းမှုက ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်

အချစ်စစ်ဆိုရင် တစ်ဦးနဲ့တစ်ဦး အားသာချက်တွေကို ချီးမွမ်း၊ အားနည်းချက်တွေကို ဖေးမတဲ့အတွက် သင်ဟာ အရင်ကထက် ပိုပြီး ရဲရင့်လာမယ်။ သင့်ချစ်သူက သင်တိုးတက်စေဖို့ အားပေးမှာ ဖြစ်သလို သင်လည်း သူ့ကို အားပေးမှာ ဖြစ်တယ်။

စွဲလမ်းတွယ်တာမှုမှာတော့ သင့်ရဲ့ ထိန်းချုပ်မှုတွေနဲ့ ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်မှုတွေက သင့်ရဲ့တိုးတက်မှုကိုရော သင့်ချစ်သူရဲ့ တိုးတက်မှုကိုရော ပိတ်ပင်ထားတယ်။ သင့်ရဲ့ မဖြေရှင်းနိုင်တဲ့ပြသနာတွေက သူ့အပေါ်မှာ မလိုအပ်ဘဲ မှီခိုလွန်းတယ်။ နှစ်ဖက်စလုံးရဲ့ တိုးတက်မှုကို ကန့်သတ်ထားတဲ့အတွက် အချစ်ရေးက ကောင်းမွန်သာယာဖို့ ခက်ခဲပါတယ်။

၎။ ချစ်ခြင်းက ထာဝရတည်မြဲတယ်၊ စွဲလမ်းတွယ်တာမှုက ခဏပန်းပဲ

အချစ်စစ်ကို အချိန်က တိုက်စားမသွားနိုင်ပါဘူး။ သင်တို့နှစ်ဦး အကြောင်းတစ်ခုခုကြောင့် ယာယီ ဒါမှမဟုတ် ထာဝရ ကွဲသွားနိုင်တယ်။ ဒါပေမဲ့ တကယ်ချစ်တာဆိုရင် သူဟာ သင့်နှလုံးသားထဲက နေရာတစ်ခုမှာ အမြဲရှိနေမှာဖြစ်သလို သူ့ဘဝတစ်လျှောက်လုံး ကောင်းမွန်စေဖို့ အမြဲဆန္ဒပြုနေလိမ့်မယ်။

သင်က သူ့ကို စွဲလမ်းမှုသက်သက်ဆိုရင်တော့ သင်တို့ ကွဲသွားချိန်မှာ သူ့ကို မကျေမချမ်းနိုင် ဖြစ်နေနိုင်တယ်။ သစ္စာဖောက်ခံရတယ်လို့တောင် ခံစားရနိုင်တယ်။ သင့်ကို ပျော်ရွှင်အောင် လုပ်ပေးဖို့ သူဝတ္တရားမကျေခဲ့ဘူးဆိုတဲ့ ခံစားချက်နဲ့ သင် ဒေါသတွေ ပွားနေလိမ့်မယ်။

၅။ အချစ်စစ်က အတ္တတွေကို လျော့စေပြီး စွဲလမ်းမှုက အတ္တတွေကို တိုးပွားစေတယ်

တကယ်ချစ်မိတဲ့အခါ သင့်ရဲ့ အတ္တတွေက တဖြည်းဖြည်း နည်းသွားလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ကိုယ်ကောင်းစိတ်တွေ လျော့ပြီး ပိုချစ်လာလိမ့်မယ်။ သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးက နှစ်ဦးစလုံးကို ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်ပေါ်စေလိမ့်မယ်။ သင်တို့ရဲ့ အားနည်းချက်တွေကို အချင်းချင်းမျှဝေပြီး နှလုံးသားနဲ့ စကားပြောကြလိမ့်မယ်။

စွဲလမ်းတွယ်တာမှုကို အခြေခံတဲ့ အချစ်ရေးကတော့ အတ္တတွေ ကြီးစိုးနေတယ်။ မကျေနပ်ချက်တွေနဲ့ ပြဿနာတွေ အပြည့်ဖြစ်နေမယ်။ ဒါကြောင့် လူအများအပြားဟာ အလိုမပြည့်နိုင်တဲ့ အချစ်ရေးအိမ်ထောင်ရေးထဲမှာ စီးမြောပြီး ပြဿနာတွေ ထပ်တလဲလဲဖြစ်နေတာပေါ့။ သင့်ရဲ့ပြဿနာတွေကို သေချာစဉ်းစား အဖြေရှာဖို့ ခက်ခဲလိမ့်မယ်။ အဲဒီစိတ်က သင့်ရဲ့အချစ်ရေးအပေါ် မှီခိုမှုကို အားပေးတဲ့အတွက် သူမရှိရင် သင်ပျော်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရလိမ့်မယ်။ သင့်ရဲ့ပြသနာတွေဖြေရှင်းဖို့ သင့်ချစ်သူကို အားကိုးတယ် ဒါမှမဟုတ် ပြဿနာတွေကို မေ့ပျောက်ဖို့ အတွက် သူ့ကို ကူညီပေးစေချင်တယ်။



Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top