iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းကလေးတစ်ယောက်အတွက် အပြောလွယ်ပြီး အလုပ်ခက်တာက ချစ်သူကိုယုံပြီး မပုံဖို့ပါပဲ ။ မိန်းကလေးတွေက ချစ်မိတာနဲ့ ဘာပြဿနာ အချက်ပေးခေါင်းလောင်းသံကိုမှ မကြားတတ်တော့ပါဘူး။ သူအပြောနဲ့ အလုပ်ညီရဲ့လား။ ကိုယ်နဲ့ နီးဖို့အတွက် တကယ်ပဲ အားထုတ်ကြိုးပမ်းမှုရှိရဲ့လား။ ကိုယ့်ကို အပျော်သဘောသက်သက် တွဲတာလားဆိုတာတွေကို လေ့လာပြီးမှ ယုံကြည်စေချင်ပါတယ်။

ချစ်သူနှစ်ယောက်ရဲ့ ပန်းတိုင်က လက်ထပ်ခြင်းလို့ ဆိုကြပါတယ်။ ကိုယ်နဲ့ လက်ထပ်ဖို့အရေး ဆုံးဖြတ်ချက်ချဖို့ တွေဝေနေမယ် ဝေ့လည်လည် လုပ်နေမယ်ဆိုရင် စဉ်းစားမနေပါနဲ့။ လမ်းခွဲလိုက်ပါ။ ဆုံးဖြတ်ချက်ချဖို့တွေဝေတယ်ဆိုတာကိုက သူ့ဆုံးဖြတ်ချက်ပါပဲ။ သူသာကိုယ်နဲ့ တစ်ဘဝလုံးလက်တွဲချင်ရင် သူကိုယ်နဲ့အတူနေရအောင် မဖြစ်မနေကြိုးစားမှာပါ။

ဒါပေမဲ့ မသင့်တော်ဘူးဆိုတာ သိလာတဲ့အချိန်မှာ ချက်ချင်းရပ်နိုင်ဖို့ဆိုရင် ကိုယ့်ဘက်က လုံခြုံဖို့လိုပါတယ်။ အခုဆိုရင် လူအများစုက အချစ်ကို တန်ဖိုးမထားဘဲ ပေါ့ပျက်ပျက်သဘောထားလာကြတာ များပါတယ်။မြန်မာ့လူ့အဖွဲ့အစည်း ဘယ်လောက်ပဲ ခေတ်မီလာပြီဆိုဆို မိန်းကလေးတစ်ယောက် စောင့်ထိန်းအပ်တဲ့ တရားတွေကို မထိန်းနိုင်ရင် အနစ်နာဆုံးက အဲ့ဒီ မိန်းကလေးပဲ ဖြစ်မှာပါ။ ချစ်သူဘဝမှာ ယောက်ျားလေးဘက်ကရော မိန်းကလေးဘက်ကပါ စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းခဲ့ရင် နှစ်ဦးနှစ်ဘက်စလုံးအတွက် အကောင်းဆုံးဖြစ်မှာပါ။ လူနှစ်ယောက် ဘဝတစ်ခု ထူထောင်တဲ့နေရာမှာ လိင်ကိစ္စထက် အရေးပါတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို သိလာတဲ့အချိန်မှာ ခြေလွန်လက်လွန် ဖြစ်ထားခဲ့ကြရင် ဘယ်သူ့အလွန် ဖြစ်လာနိုင်ပါသလဲ။ သူသာကိုယ့်ဘက်မှာ မရှိရင် ပြဿနာကို အဓိက ဖြေရှင်းရမယ့်သူ၊ တလောကလုံးကို ရင်ဆိုင်ရမယ့်သူက ကိုယ်တစ်ယောက်တည်း ဖြစ်မယ်ဆိုတာကို မိန်းကလေးတွေ ကြိုပြီး တွေးထားစေချင်ပါတယ်။ ချစ်သူဘဝ နှစ်ဦးသား စိတ်တူကိုယ်တူမှားခဲ့ကြပေမဲ့ ယောက်ျားလေးဘက်က နှမချင်း မစာနာဘဲ ရှောင်ထွက်သွားခဲ့ရင် မိန်းကလေးတွေအနေနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို အချစ်မျက်ကန်းပြီး မစဉ်းစားထားဘဲ မနေကြပါနဲ့။

လူတိုင်းမှာ ကြိုပြီး မမြင်နိုင်တဲ့ ကံဆိုတာ ရှိပါတယ်။ ဒီကံကြမ္မာကြောင့် လက်ထပ်မယ်လို့ ကတိထားခဲ့တဲ့ ချစ်သူက သစ္စာဖောက်သွားရင် ဖြစ်ဖြစ်၊ရုတ်တရက် ဆုံးသွားတာမျိုး၊လက်ထပ်လို့ မရနိုင်တဲ့ အခြေအနေမျိုး တစ်ခုခုဖြစ်သွားခဲ့ရင် လွန်ကျူးပြီးခဲ့တဲ့ အခြေအနေကို ဘယ်သူတာဝန်ယူမှာလဲ။ ဘယ်သူ့ကို တာဝန်ယူခိုင်းဖို့ စဉ်းစားမှာလဲ။ ဒီလိုအကြောင်းတွေပြောလို့ ဖြစ်မလာသေးတဲ့ ကိစ္စကိုကြိုတွေးပြီး အဆိုးဘက်ကပဲ မြင်နေတယ်လို့ ထင်ကောင်းထင်ကြမှာပါ။ ဒါပေမဲ့ ဖြစ်လာခဲ့ရင် ကြုံရမယ့် အန္တရာယ် သိပ်ကြီးလို့ ကြိုပြီး သတိပြုစေချင်တဲ့စိတ်နဲ့ သတိပေးတယ်လို့ မှတ်စေချင်ပါတယ်။

အကယ်၍ အပေါ်မှာ ပြောခဲ့သလို ချစ်သူသမီးရည်းစား သဘာဝထက်မပိုအောင် စောင့်ထိန်းနိုင်ကြရင် ကိုယ့်ဘဝလက်တွဲဖော် မဖြစ်ထိုက်ဘူးလို့ ယုံကြည်လာတဲ့အချိန်မှာ အလွယ်တကူ နောက်ဆုတ်နိုင်မယ်။ ဒါမှမဟုတ် ပြင်ဆင်ဖို့အတွက် အချိန်ယူနိုင်မယ်။ လမ်းခွဲရရင်တောင် တန်ဖိုးရှိရှိ လမ်းခွဲနိုင်မယ်။ ချစ်သူသဘာဝထက် ကျော်လွန်ခွင့်ပေးခဲ့တဲ့ မိန်းကလေးတွေအနေနဲ့ အဲ့ဒီလူနဲ့ လမ်းခွဲရရင် သူများမသိရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ တန်ဖိုးမထားနိုင်တာ အသေအချာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ ထိန်းသိမ်းနိုင်စွမ်းနိမ့်လို့ ကိုယ့်အပြစ်ကိုယ့်ခံရတာလို့ သိသွားလို့ပါ။ဒါပေမဲ့ နောင်တရလို့ နောက်တစ်ကြိမ်ဆိုတာ ပြင်ခွင့်မရတော့ပါဘူး။ဘဝမှာ တစ်ကြိမ်သာရတဲ့ တန်ဖိုးတစ်ခုကို ကိုယ်အလဟဿ ဖြစ်အောင် လုပ်ခဲ့မိပြီလေ။



Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top