iMyanmarHouse.com - Best Property Website for Myanmar
×

အိမ်ထောင်တစ်ခုကို တည်ထောင်တဲ့အခါ အဓိကအကျဆုံးက ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်ရေး ဖြစ်ဖို့ပါ။ အဲဒီလို ဖြစ်ဖို့အတွက် နှစ်ဦးစလုံးကြိုးစားဖို့ တာဝန်ရှိပြီး အခုဖော်ပြမှာကတော့ အိမ်ထောင်ရှင်ကောင်းဖြစ်ဖို့  အမျိုးသားရော အမျိုသမီးပါ သိသင့်တဲ့အရာတွေဖြစ်ပါတယ်။

၁။ သင်လက်ထပ်လိုက်တဲ့ သူက သင့်ရဲ့အရင်းနှီးဆုံး မိသားစုဝင်ဖြစ်တယ်။

အရင်တုန်းကလို မိဘက အဓိကလို့ ထားလို့မရတော့ပါဘူး။ ကိုယ့်အိမ်ထောင်ဘက်က အဓိက ဖြစ်သင့်ပါပြီ။ ငါ့မိဘကသာ အရေးကြီးဆုံးလို့ ယူဆပြီး မိဘကိုပဲ ပထမဦးစားပေးလို့ သဘောထားနေရင် အိမ်ထောင်ရေးက အဆင်မပြေနိုင်ပါဘူး။  ဇနီးမောင်နှံတိုင်ပင်ညှိနှိုင်းပြီး နှစ်ဖက်မိဘအရေးတွေကို ကူညီဆုံးဖြတ်သင့်ပါတယ်။

၂။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် လက်မထပ်သင့်ဘူး

ချစ်သူဘဝမှာ ခဏခဏပြဿနာတက်လို့၊ တစ်ယောက်နဲ့ တစ်ယောက်မယုံကြည်လို့ စတဲ့ ပြဿနာမျိုးကြောင့် လက်ထပ်တာမျိုးမဖြစ်သင့်ပါဘူး။ သင်နဲ့ သင့်ရဲ့အိမ်ထောင်ဖက်ရဲ့ ဆက်ဆံရေးက အရာရာအဆင်ပြေ ချောမွေ့မနေသေးသရွေ့ လက်ထပ်ဖို့ မဆုံးဖြတ်သင့်ပါဘူး။

၃။ ယောက်ျားအလုပ် မိန်းမအလုပ် မခွဲသင့်ဘူး

အိမ်အလုပ်တွေကို မိန်းမအလုပ်၊ ယောက်ျားအလုပ်ဆိုပြီး ခွဲခြားနေလို့ မရပါဘူး။ တစ်ဦးမအားရင် တစ်ဦးက ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးရပါမယ်။

၎။ ပျော်ရွှင်စရာအိမ်ထောင်ရေးဖြစ်ဖို့ နှစ်ဖက်စလုံးက ကြိုးစားရမယ်

အိမ်ထောင်ပြုတယ်ဆိုတာ တခြားဆက်ဆံရေးတွေလိုပဲ တစ်ဖက်တည်းက ကောင်းနေရုံနဲ့ မဖြစ်ပါဘူး။ တစ်ယောက် အပေးချည်းပဲဆိုရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ ကိုယ့်အပေါ် အမြဲဆိုးနွဲ့နေသူကို ချစ်လို့ ခွင့်လွှတ်တယ်ဆိုပြီး လက်ထပ်ဖို့ ဆုံးဖြတ်တာမျိုး မလုပ်ပါနဲ့။ ရေရှည်မှာ ခံနိုင်ရည်ရှိမှမဟုတ်ပါဘူး။

၅။ လက်မထပ်ခင်ကတည်းက ကလေးကိစ္စနဲ့ ပတ်သက်ပြီး သဘောတူထားဖို့ လိုပါတယ်

နှစ်ဦးစလုံးက ကလေးလိုချင်တာ ဒါမှမဟုတ် ကလေးမလိုချင်တာ သေချာဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ တစ်ယောက်က ကလေးချစ်သူဖြစ်ပြီး တစ်ယောက်က ကလေးယူဖို့ အစီအစဉ်မရှိဘူးဆိုရင် လက်ထပ်ဖို့ အဆင်မပြေပါဘူး။

၆။ လက်ထပ်ခြင်းက တစ်ဘဝစာ မဟုတ်ဘူး

သူနဲ့ ကိုယ်နဲ့ လက်ထပ်လိုက်လို့ ဘယ်တော့မှ မခွဲရတော့ဘူးဆိုပြီး မမှတ်ပါနဲ့။ အဆင်မပြေမှုတွေ များလာတဲ့အခါမှာ လမ်းခွဲကြတဲ့သာဓကတွေ အများကြီး ရှိပါတယ်။ ကိုယ်ပိုင်ပစ္စည်းတစ်ခုလို သဘောထားပြီး လုပ်ချင်သလိုလုပ်၊ ပြောချင်သလို ပြောမယ်ဆိုရင် သင်တို့နှစ်ယောက် တစ်ချိန်ချိန်မှာ လမ်းခွဲရပါလိမ့်မယ်။

၇။ လေးစားမှုက အဓိက ဖြစ်တယ်

ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို လေးစားပါ။ ရိုင်းစိုင်းတဲ့ အပြောတွေ လုပ်ရပ်တွေ၊ ပြောင်လှောင်မှုတွေနဲ့ ရန်စကားတွေက သင့်ရဲ့အိမ်ထောင်ရေးကို ပျက်စီးစေပါလိမ့်မယ်။

၈။ အိမ်ထောင်ရေးမှာ နင့်ပစ္စည်း၊ ငါ့ပစ္စည်းဆိုတာ မရှိတော့ပါဘူး၊ ငါတို့ပစ္စည်းဆိုတာပဲ ရှိပါတယ်

သင်ပိုင်သမျှ အရာအားလုံးကို င့ါပစ္စည်းဆိုတဲ့ အပြောမျိုး မပြောဖြစ်ဖို့ ရှောင်ရပါမယ်။ သင်ပိုင်ဆိုင်သမျှကို သူပိုင်သလို သူပိုင်ဆိုင်သမျှကိုလည်း သင်ပိုင်ပါတယ်။

၉။ ရိုးသားမှုနဲ့ ဆွေးနွေးခြင်းက အလိုအပ်ဆုံးအရာ ဖြစ်တယ်

ပြဿနာကို ထိပ်တိုက်ရင်မဆိုင်ဘဲ ရှောင်လိုက်တာမျိုးက ဖြေရှင်းရမယ့် နည်းလမ်းမဟုတ်ပါဘူး။ ပိုလို့တောင် ဆိုးသွားပါလိမ့်မယ်။

၁၀။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါစေ

လက်ထပ်မယ်လို့ ဆုံးဖြတ်လိုက်တာ သင်ကိုယ်တိုင်ပါ။ ဘယ်သူ့ကို လက်ထပ်မယ်လို့ ရွေးချယ်တာလည်း သင်ကိုယ်တိုင်ပါပဲ။ သင့်ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားဆိုတာ သင်သာလျှင် သိနိုင်ပါတယ်။

Credit: duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top