Credit : Thithtoolwin
ကျွန်တော်တို့တွေဟာ ချောင်းဆိုးပြီဆိုရင် ချောင်းဆိုးပျောက်ဆေးရည်ပုလင်းကို အလွယ် တကူလှမ်းကြပါလိမ့်မယ်။ နှစ်စဉ်သန်းပေါင်းများစွာသောငွေတွေကို ချောင်းဆိုးပျောက်ဆေးရည် ထုတ်လုပ်ဖြန့်ချိဖို့အတွက် သုံးစွဲနေကျဖြစ်ပါတယ်။
ချောင်းဆိုးတယ်ဆိုတာက အသက်ရှုလမ်းကြောင်းထဲကို ဖုန်အမှုန့်နဲ့ပြင်ပမှ ဓာတ်မတည့်တဲ့ ပစ္စည်း တွေ ရောဂါပိုးတွေဝင်ရောက်လာတဲ့အခါ အသက်ရှုလမ်းကြောင်းမှာရှိတဲ့ လက်ခံတဲ့နေရာတွေကနေ တဆင့် ဦးနှောက်ကိုလှုံ့ဆော်ပါတယ်။ ဦးနှောက်က ရင်ဝမ်းခြား ကြွက်သားရဲ့အကူအညီကိုယူပြီး ပြန်လည် ထုတ်ပစ်ဖို့ကြိုးစားတဲ့ အလိုအလျောက်တုံ့ပြန်မှုပဲဖြစ်ပြီး ချောင်းဆိုးစေပါတယ်။ တစ်နာရီ မိုင် ၅၀ အလျင်နဲ့ ဆိုးပါတယ်။
ချောင်းဆိုးပျောက်ဆေးအနေနဲ့ ရှေးအစဉ်အဆက်က ဆေးရွက်ပြုတ်ရည်၊ အရက်၊ ကလိုရိုဖောင်းအပြင် မော်ဖင်း နောက်ဆုံး ဟီရိုအင်းအစရှိသည်တို့ကိုပါ သုံးစွဲခဲ့ကြတာတွေ့ရပါတယ်။ ယခုခေတ်မှာတော့ သင့်တော်တဲ့ ချောင်းဆိုးပျောက်ဆေးတွေကို ဈေးကွက်မှာရရှိနိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးပျောက် ဆေးအရည်တွေဟာ ထိရောက်တဲ့ လုပ်ဆောင်မှုတွေမပေးနိုင်ဘူးလို့ လေ့လာမှုတစ်ချို့အရ သိရှိရပါတယ်။
ဆေးဆိုင်တွေရဲ့စင်တွေမှာ ချယ်ရီအရသာထည့်ထားတဲ့ ချောင်းဆိုးပျောက်ဆေးတွေက နေရာယူနေ ပါလိမ့်မယ်။ အနည်းဆုံးတော့ အေးတဲ့ရာသီဥတုနဲ့ တုပ်ကွေးကာလတွေမှာပေါ့။ ဒီဆေးတွေက တကယ်ပဲ အလုပ်ဖြစ်ရဲ့လား။
သီအိုရီအရ Dextromethorphan (DXM) လို့ လူသိများကြတဲ့ ချောင်းဆိုးပျောက်ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ချောင်းဆိုးတုံ့ပြန်မှု (cough reflexes) တွေကို ပိတ်လိုက်ခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာ စေတာဖြစ်ပါတယ်။ ချွဲကိုပျော်စေပြီး ချောင်းဟပ်ထုတ်ရတာလွယ်စေတဲ့ expectorant (ဥပမာ Guaifene -sin) လို့ခေါ်တဲ့ ဆေးတွေသွေးကြောတွေ ကျဉ်းစေပြီး အသက်ရှူလမ်းကြောင်း ပွင့်စေတဲ့ decongestants (ဥပမာ Ephedrine) ဆေးအမျိုးအစားတွေ၊ နှာခေါင်းလည်ပင်းတစ်လျှောက်မှာ ရောင်ယမ်းခြင်းကိုလျော့ကျ စေတဲ့ antihistamine ( ဥပမာ loratidine) လို ဆေးတွေလည်း အကျူံးဝင်ပါတယ်။
လေ့လာမှုအများစုကတော့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူသုံးစွဲလို့ရတဲ့ ဒီဆေးတွေဟာ အမှန်တကယ် ချောင်းဆိုးရပ်စေတဲ့သက်သေမရှိဘူးလို့ဆိုပါတယ်။ သူတို့ဟာ ရောဂါ အတွက်မဟုတ်ဘဲ လူနာစိတ်ကျေနပ်အောင်ပေးရတဲ့ ဆေးသက်ရောက်မှု (placebo effect) လောက်ပဲ လုပ်ဆောင်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ လေ့လာမှု ၁၉ ခုမှာ ၁၅ ခုက ချောင်းဆိုး ရပ်စေတဲ့သိသာတဲ့ အကျိုးသက်ရောက်မှုမရှိဘူးလို့ပြောပါတယ်။ ဒါကြောင့် ချောင်းဆိုးမပျောက်တဲ့အခါ ချောင်းဆိုးပျောက် ဆေး ပမာဏကိုထပ်ပြီးတိုးဖို့ မလိုအပ်ပါဘူး။ DXM လိုဆေးမျိုးဟာ အိပ်ငိုက်ခြင်း၊ မျက်လုံးလှုပ်ရှားမှု ပုံမမှန်ခြင်း၊ တက်ခြင်းကနေ သေစေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ နှစ်စဉ် အနောက်နိုင်ငံတွေရဲ့ အရေးပေါ်ဌာနတွေမှာ ကလေးအများစုကို ချောင်းဆိုးပျောက်ဆေး အလွန်အကျွံသောက်မိလို့ overdose ဖြစ်ပြီး ရောက်ရှိလာတတ်တာတွေ့ရပါတယ်။ ဒါ့အပြင် များသောအားဖြင့် ချောင်းဆိုးပျောက်ဆေးတွေကို လေးနှစ်အောက်ကလေးတွေအတွက် မညွှန်ကြားသင့် မတိုက်သင့်ပါဘူး။
နောက်ပြီး ကျွန်တော်တို့မျှော်လင့်ထားသလို zinc နဲ့ vitiamin C ကလည်း သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူးတဲ့။
ဒါဆို ဘယ်အရာက အလုပ်ဖြစ်ပါမလဲ။
အရည်များများသောက်တာ လေထုနွေးတဲ့နေရာဖန်တီးတာ၊ အေးတဲ့ရာသီတွေမှာ ရေခပ်နွေး နွေးနဲ့ရေချိုးတာ၊ ချောင်းဆိုးပျောက်တဲ့ သကြားလုံးငုံတာ၊ ငုံဆေးပြားပူပူလေးငုံလိုက်တာက သက်သာမှု ရစေပါတယ်။ ပျားရည် သို့မဟုတ် သံပုရာရည်ကို ရေနွေးနဲ့ပြင်ဆင်သောက်သုံးတာကလည်း အိမ်သုံး ချောင်းဆိုးပျောက်ဆေးရည်လေး ဖြစ်စေပါတယ်။
ချောင်းဆိုးပျောက်ဆေးတွေမှာ သိသာတဲ့အချက်တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ အိပ်ငိုက်တာ ပါပဲ။ ပြီးတော့ အိပ်စေလိုက်တဲ့အခါ ချောင်းဆိုးခြင်းကို ရပ်တန့်သွားစေတဲ့အတွက် ချောင်းဆိုး သက်သာ တယ်ထင်ရစေတာပဲဖြစ်ပါတယ်။ Dextromethorphan လို ဆေးက အလွန်အမင်းအိပ်ငိုက်စေလို့ အလုပ်မလုပ်နိုင် ကားမမောင်းနိုင်တဲ့ဒုက္ခတွေနဲ့လည်း ကြုံတွေ့ရပါသေးတယ်။
နှစ်ပတ်ကျော်လို့မှ ချောင်းဆိုးတာမရပ်ရင်တာ့ ဆရာဝန်နဲ့တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။
Credit : Thithtoolwin
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ချောင်းဆိုးပျောက်ဆေးရည်က အလုပ်ဖြစ်ရဲ့လား
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။