iMyanmarHouse.com - Best Property Website for Myanmar
×









အောက်ပါ အကြောင်းအရာတွေဟာ သင်အိပ်ရာထဲမှာ လှဲပြီး အနားယူနေဖို့နဲ့ စိတ်ကူးယဉ်နိုင်ဖို့ ဆင်ခြေပေးနိုင်တဲ့ အချက်အလက်တွေပါ။ ဒါတွေ အားလုံးကို အပျင်းလမ်းစဉ်လို့ ခေါ်ပေမယ့် အမှန်တကယ်မှာတော့ အအေးမိဝေဒနာ ပျောက်ကင်းတာ၊ မှတ်ဉာဏ်ထက်သန်တာနဲ့ သွေးဖိအား ကျဆင်းတာလိုမျိုး ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ပါတယ်။

၁။ အချိန်အကြာကြီး အိပ်ခြင်း

သွေးဖိအား ကျဆင်းနိုင်ပါတယ်

သင်ရဲ့ သွေးဖိအား အမှတ်တွေ မြင့်တက်နေတယ်လို့ ဆရာဝန်က ပြောခဲ့ရင် အိပ်ရာထဲမှာ အကြာကြီး လှဲနေလိုက်ပါလို့ ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီတွေက အကြံပေးထားပါတယ်။ သွေးတိုးရောဂါရဲ့ စောစောစီးစီး လက္ခဏာကို သိရှိထားသူတွေ အနေနဲ့ ညစဉ်အိပ်ချိန် ပိုများများ ယူလိုက်ရင် ခြောက်ပတ်အတွင်း သွေးဖိအား ရှစ်မှတ်က ၁၄ မှတ်ထိ ပြန်လည် ကျဆင်းနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိထားလို့ပါ။ အိပ်တာကြောင့် သွေးကြောတွေ ပျော့ပျောင်းကာ သွေးစီးဆင်းမှု ပိုကောင်းစေနိုင်တာကြောင့်ပါ။

Tip - အိပ်ရေးဝတာကြောင့် သွေးကြောတွေ သန့်ရှင်းနိုင်ပါတယ်

အိပ်ချိန်ကို နာရီပိုယူတာကြောင့် သွေးကြောအတွင်း သွေးခဲဖတ် ဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်း လျော့ချနိုင်ကာ နှလုံးတိုက်ခိုက်ခံရ နိုင်ခြေလည်း နည်းသွားပါတယ်။ အိပ်ချိန်များများ ယူထားတာကြောင့် ရောင်ရမ်းမှု ဖြစ်စဉ်လိုမျိုး သွေးကြောတွေ ပိတ်ဆို့နိုင်ခြေများတဲ့ အချက်အလက်တွေ လျော့နည်းသွားနိုင်တာကြောင့်ပါ။

၂။ ရေကြာကြာ ချိုးခြင်း

ပင်ပန်းနွမ်းနယ်မှု ပျောက်စေပါတယ်

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်တာအတွက် ကြက်သီးနွေးရေ အပူချိန်ရှိတဲ့ ရေဇလုံထဲမှာ ဆားခါးအနည်းငယ် ထည့်ပြီး ၁၀-၁၅ မိနစ်ခန့် ရေစိမ်ချိုးလိုက်ပါ။ ဆားခါးမှာ များစွာပါဝင်တဲ့ မဂ္ဂနီစီယမ်တွေဟာ သင့်အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်တွင်း ရောက်ရှိနိုင်ပါတယ်။ မဂ္ဂနီစီယမ်ဟာ ခန္ဓာကိုယ်တွင်း စွမ်းအင်အမျိုးမျိုးအတွက် လိုအပ်ပါတယ်။ မဂ္ဂနီစီယမ် ချို့တဲ့တဲ့ ပထမဆုံးလက္ခဏာဟာ ပင်ပန်းနွမ်းနယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မဂ္ဂနီစီယမ်မှာ သင့်ခန္ဓာကိုယ်စနစ်အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့အတွက် အကိုက်အခဲတွေ သက်သာသွားနိုင်ပါတယ်။

Tip - မဂ္ဂနီဆီယမ် ချို့တဲ့မှု မရှိပါစေနဲ့

မဂ္ဂနဆီယမ် ချို့တဲ့မှု မရှိအောင် ရှောင်ရှားနိုင်ရင် ကျောက်ကပ် ကျောက်တည်နိုင်ခြေလည်း နည်းသွားနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ကယ်လ်စီယမ်တွေ စုဆောင်းမှု မဖြစ်အောင် ထိန်းထားနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ကယ်လ်စီယမ် စုဆောင်းမှုများရင် ပုံဆောင်ခဲအဖြစ် ပြောင်းလဲသွားပြီး ကျောက်ကပ် ကျောက်တည်တတ်လို့ပါ။ အကယ်၍ သင့်မှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဒါမှမဟုတ် ဆီးချိုရောဂါရှိခဲ့ရင် ဆားခါးနဲ့ ရေစိမ်မချိုးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ မဂ္ဂနီဆီယမ်မှာ ဒီရောဂါတွေအတွက် သက်ရောက်မှု ရှိနိုင်လို့ပါ။

၃။ အိပ်ရာထဲ လှဲနေခြင်း

မီးယပ်သွေးဆုံး ပြဿနာ သက်သာနိုင်ပါတယ်

မီးယပ်သွေးဆုံးချိန်မှာ မျက်နှာ နီရဲလာတာ၊ ချွေးပြန်တာနဲ့ သွေးခုန်နှုန်း မြန်တာတွေ ဖြစ်လာခဲ့ရင် အိပ်ရာထဲမှာ လှဲနေလိုက်ပါ။ ပြီးရင် ခန္ဓာကိုယ်အနှံ့မှ သင့်ကြွက်သားတွေကို တဖြည်းဖြည်း ဖြေလျှော့လိုက်ပါ။ မီးယပ်သွေးဆုံးစဉ် အမျိုးသမီးတွေ အနေနဲ့ ဒီလိုနည်းလမ်းကို တစ်ကြိမ် ၁၅ မိနစ်နဲ့ တစ်နေ့ နှစ်ကြိမ် ပြုလုပ်နိုင်ရင် သုံးလအတွင်း မီးယပ်သွေးဆုံး လက္ခဏာဖြစ်တဲ့ အကြိမ်အရေအတွက် ၅၀ ရာခိုင်နှုန်း လျော့နည်းသွားနိုင်တယ်လို့ သိရပါတယ်။ ဒီနည်းလမ်းဟာ ချွေးထွက်တာနဲ့ နှလုံးခုန်နှုန်းကို ထိန်းချုပ်ထားတဲ့ အလိုအလျောက် အာရုံကြောစနစ် (Autonomi Nervous System) ကို ငြိမ်းချမ်းမှု ရရှိစေနိုင်တာကြောင့်ပါ။

Tip - အသက် ဖြည်းဖြည်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ

အသက်ရှူနှုန်းကို ၁၅ မိနစ်အတွင်း ခြောက်ကြိမ်သာ ဖြစ်အောင် တဖြည်းဖြည်း ရှူသွင်း ရှူထုတ်လိုက်တာကြောင့် မီးယပ်သွေးဆုံးဝေဒနာ သိသိသာသာ လျော့နည်းသွားနိုင်တယ်လို့ မီရိုးကလင်းနစ်မှ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။

၎။ စိတ်ကူးယဉ်ခြင်း

မှတ်ဉာဏ်တိုးတက် ကောင်းမွန်စေပါတယ်

သင်ဟာ သင်တန်းတစ်ခု တက်အပြီး၊ စာအုပ်ထဲမှ သင်ခန်းစာတစ်ခု ဖတ်အပြီး ဒါမှမဟုတ် သတင်းအချက်အလက်အသစ် သင်ယူအပြီးမှာ ၁၀ မိနစ်ခန့် မျက်စိမှိတ်ကာ ထိုင်ပြီး စိတ်ကူးယဉ် အတွေးနယ်ချဲ့လိုက်ရင် သင်ရဲ့ဦးနှောက် အတွင်း အဲဒီအချက်အလက်သစ်တွေ အကုန်လုံးကို သိမ်းဆည်းထားနိုင်တယ်လို့ အီဒင်ဘာရာ တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိထားပါတယ်။ ခဏတာ အနားပေးထားတာကြောင့် သင့်မှတ်ဉာဏ်တွေ ပိုမိုတိုးတက် ကောင်းမွန်နိုင်တယ်လို့ ဆိုပါတယ်။

Tip - ဝိုင်နီသောက်ပါ

ဝိုင်နီမှာ ပါဝင်တဲ့ ပိုလီဖနောတွေဟာ အာရုံကြော အချင်းချင်း ဆက်သွယ်မှု ကောင်းမွန်စေပြီး ဦးနှောက်ဆဲလ်တွေ ပျက်စီးမှုဒဏ်မှ ကာကွယ်ပေးနိုင်တဲ့အတွက် မှတ်ဉာဏ်ထက်သန်ကာ အတွေးအခေါ် ကောင်းမွန်စေနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။

၅။ ငြိမ်သက်စွာ ထိုင်နေခြင်း

အအေးမိတုပ်ကွေးရောဂါမှ ကာကွယ်နိုင်ပါတယ်

မျက်စိမှိတ်ကာ အသက်ရှူသွင်း ရှူထုတ်ပေါ်မှာပဲ ၁၀ မိနစ်ခန့် အာရုံစိုက်ထားတာကြောင့် အအေးမိနှာစေး ဝေဒနာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်သူတွေထက် ၁၀ ရာခိုင်နှုန်း ပိုမိုထိရောက်မှု ရှိတယ်လို့ သိရပါတယ်။ ငြိမ်သက်စွာ ထိုင်နေတာကြောင့် စိတ်ဖိစီးမှု လျော့နည်းကာ စိတ်ခံစားမှု မြင့်တက်လာပြီး ခုခံအားစနစ် ကောင်းမွန်စေနိုင်တာကြောင့်လို့ သုတေသီတွေက မှတ်ချက် ပေးထားပါတယ်။

Tip - ထမင်းအတူတူစားပါ

မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပုံမှန်ထမင်းတူတူ လက်ဆုံစားတာကြောင့် အအေးမိဝေဒနာ ဖြစ်နိုင်ခြေ လေးဆ လျော့နည်း သွားတယ်လို့ ပစ်ဘာ့တက္ကသိုလ်မှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။

Credit :ဒေါက်တာခင်မိုးမိုး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top