iMyanmarHouse.com - Best Property Website for Myanmar
×










အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွာတစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးသွားပြီး နေထွက်၊ နေဝင်ချိန်ကိုသွားကြည့်ကြတယ်။ သူတို့က မြင်သူတကာအားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် ကောင်မလေး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထက်မှာပဲ ငြိမ်သက်စွာ လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး သူ့နာမည်ကို တတွတ်တွတ်ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး ကောင်မလေးကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးခဲ့ပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲဆုတောင်းခဲ့တယ်။


ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့မလျှော့တဲ့ဇွဲနဲ့ ကောင်မလေးအပေါ်ထားတဲ့
မေတ္တာတရားကြောင့် သူ့အပေါ်သနားသက်ဝင်ပြီး မျှော်လင့်ချက်တစ်ခုပေးလိုက်တယ်။
ဘုရားသခင်ကကောင်လေးကို “ ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘဝနဲ့ လဲလှယ်နိုင်မလား” လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။


“ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ ပုစဉ်းဘဝအဖြစ် အသင် သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား” လို့ ဘုရားသခင်က မေးပြန်တယ်။ ကောင်လေးက မဆိုင်းမတွ သဘောတူကြောင်း ချက်ချင်းပြန်ဖြေလိုက်တယ်။


 မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင်အသွင်ပြောင်းသွားခဲ့တယ်။ ပုစဉ်းလေးက ဆေးရုံဖက်ကို အလျင်အမြန် ပျံသန်းလာတယ်။ လူနာခန်းထဲ ဝင်ကြည့်တော့ ကောင်မလေးကနိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကိုတွေ့လိုက်တယ်။ သူတို့ပြောနေတာတွေကို ပုစဉ်းမကြားရဘူး။

 တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံကဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။ နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှမသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ ကောင်မလေးဘေးမှာ ရစ်ဝဲပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြည်းဖြည်းကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။


ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာကခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ ပခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့တောင်ပံနဲ့ ကောင်မလေးရဲ့ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ပါးစပ်နဲ့ ကောင်မလေးရဲ့ပခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားဆီ အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့သူစိမ်းကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့သူ့တောင်ပံတွေ လေဟာနယ် တဝက်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေးကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက်ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက်ဂရုစိုက်ကြောင်း၊ သူတို့ရဲ့အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘဝက အရင်လို ပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်းကြားလိုက်ရတယ်။

 ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေဝင်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ပခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။
ပုစဉ်းလေးဟာ ရင်ထဲကဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေခဲ့တယ်။

သုံးနှစ်မြောက်နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ပခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။
ပုစဉ်းရင်ကွဲတစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို အချစ်မြစ်ထဲမျောပါကြည်နူးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ပါဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝသတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ပခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ဘုရားသခင်ထံ သစ္စာခံယူနေတဲ့အသံကို သူကြားလိုက်တယ်။ ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့လက်ကို လက်ထပ်လက်စွပ်ဝတ်ပေးပြီး နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။
“အသင် နောင်တရပြီလား” ဘုရားသခင်က ပုစဉ်းကိုမေးတယ်။

“နောင်တလုံးဝမရပါဘူး” မျက်ရည်တွေကိုသုတ်ရင်း သူပြန်ဖြေတယ်။
“မနက်ဖြန်ဆို လူ့ဘဝအသွင်ပြောင်းလို့ရပြီ”လို့ ဘုရားသခင်ကပြောတော့ ပုစဉ်းကခေါင်းခါပြီး ...
“ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တချို့ကံတရားက လက်လွှတ်ဆုံးရှုံးဖို့စီရင်လာပြီးသားပါ။ တချို့ဖူးစာက ပေါင်းစပ်ဖို့ကံပါမလာခဲ့ဘူး။
လူတစ်ယောက်ကိုချစ်တာဟာ ရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။
ဒါပေမဲ့ လူတစ်ယောက်ကိုရယူပိုင်ဆိုင်ပြီးရင်တော့ ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်”လို့ပြောလိုက်တယ်။
သင့်ပခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....

Credit : နိုင်းနိုင်းစနေ


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top