iMyanmarHouse.com - Best Property Website for Myanmar
×















မနက်ဆို အမေကအော်၊ ဖုန်းက နှိုးစက်တွေမြည်၊ ကိုယ်က မထနိုင်သေးသည့် အဖြစ်မျိုးကို နောက်ကျအိမ်၊ နောက်ကျထသူတွေ အများဆုံး ကြုံရသည်။ ကိုယ်အိပ်ရာထ နောက်ကျရတဲ့ အကြောင်း ရှင်းပြလို့လည်း အိမ်ကလူတွေ နားမလည်။ ညက မနက်နှစ်နာရီထိထိုင်ပြီး ၀တ္ထုတစ်အုပ်ဖတ်၊ ဗိသဘန သုံးပြီး ကွန်ပျုတာမှာ ပုံဆွဲလေ့ကျင့်ခဲ့သည်ကို ချီးကျူးမည့်သူမရှိ။

          မနက် နှစ်နာရီထိ မအိပ်သေးသောကြောင့် အမေကလည်း မကြည်။ စောစော မထရကောင်းလားဆိုပြီး အော်နေသည်။ နောက်နေ့ စောစောအိပ်အောင် ကွန်ပျူတာကို သိမ်းမည်၊ အိပ်ရာ စောစော ၀င်ခိုင်းမည်ဟု အမေက ကြိမ်းနေသည်။ မနက်အိပ်ရာထ နောက်ကျသဖြင့် ရုံးတက်တာ သုံးကြိမ်မြောက် နောက်ကျသောကြောင့် သူဌေးကလည်း ပွမ်နေပြီ။

            ညက မနက်နှစ်နာရီထိ ထိုင်ပြီး တီကောင်တွေ အကြောင်း ကိုယ်ထိုင် လေ့လာနေတာကို သူဌေး မသိရှာ။ လူတွေက ကိုယ်ဘာလုပ် နေလဲ မသိချင်။ ကိုယ်ရုံးစောစော ရောက်တာကိုသာ လိုချင်သည်။

          ညဆို တော်တော်နဲ့ မအိပ်ဘဲ တစ်ခုခုလုပ်ရင်း အချိန် ကုန်နေတတ်သည့် ဇီးကွက် လူသားတို့သည် အေးချမ်းသော ညအချိန်ကို အားပြုကာ လေ့လာမှု ပိုအားကောင်းတတ်သဖြင့် ပိုစမတ်ကျသူများ ဖြစ်သည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။ ပုံမှန် အိပ်ချိန် နိုးချိန်ဖြစ်စဉ်ကနေ သွေဖီကာ ရှင်သန်နေသူများသည် ဉာဏ်ရည် ပိုမြင့်သူများဟု ယေဘုယျ သတ်မှတ်ခံရသည်။

           ခေတ်ကို တစ်ဆစ်ချိုး ပြောင်းလဲစေသည့် တီထွင်ဖန်တီးရှင် အများစုကြီးကို ကြည့်လိုက်လျှင်လည်း နောက်ကျအိပ်၊ နောက်ကျထသမားများသာ ဖြစ်ကြောင်း တွေ့နိုင်သည်။

          ကျောင်းသား တစ်ထောင်ကို လေ့လာထားသော  မက်ဒရစ် တက္ကသိုလ်၏ စစ်တမ်းအရလည်း နောက်ကျအိပ်၊ နောက်ကျထသူများသည် တီထွင် ဖန်တီးဉာဏ် လိုအပ်သော မေးခွန်းများတွင် အမှတ် ပိုများများရကြကြောင်း တွေ့ရှိခဲ့ရသည်။

          မီလန်မြို့ရှိ  ကတ်သလစ် တက္ကသိုလ်က သုတေသန စစ်တမ်း တစ်ရပ်တွင်လည်း ကျောင်းသား ကျောင်းသူ (၁၂၀) ကို စောစောအိပ် စောစောထ သမားလား၊ နောက်ကျအိပ် နောက်ကျထ သမားလား ခွဲခြား မှတ်တမ်းတင်သည်။ သုတေသန ပညာရှင်များသည် ထိုသူများ၏ ပြဿနာ ဖြေရှင်းနိုင်စွမ်းကို အကဲဖြတ်ကြည့်သည်။

           ထိုအခါ နောက်ကျအိပ် နောက်ကျထ သမားများသည် တီထွင်ဖန်တီးမှု လိုအပ်သော မေးခွန်းများကို လွယ်လွယ်ကူကူ ဖြေဆိုနိုင်ကြကြောင်း တွေ့ရသော်လည်း စောစောအိပ် စောစောထ သမားများမူကား တီထွင် ဖန်တီးမှု လိုအပ်သော မေးခွန်းများတွင် ရမှတ် (၅၀) ကျော်အောင် မနည်းကြိုးစား ဖြေရသည်ကို တွေ့ရသည်။

            ထိုသို့ ကွာခြားနေရခြင်းမှာ စောစောအိပ် စောစောထ သမားများသည် လောကကြီး၏ နေ့စဉ် ပုံမှန် လည်ပတ်မှု အတွင်းမှာသာ လိုက်ပါစီးမျော ရှင်သန်သူများ ဖြစ်သောကြောင့် တီထွင်ဖန်တီး ဖောက်ထွက်ရမည့် ကိစ္စများတွင် ဦးနှောက် အစွမ်းနည်းကြခြင်း ဖြစ်ကြောင်း သုတေသန အဖွဲ့ ခေါင်းဆောင် ဒေါက်တာ မာရီနာ ဂမ်ပီထရိုက ပြောသည်။ 

             နောက်ကျအိပ် နောက်ကျထ သမားများမူကား လောကကြီး၏ နေ့စဉ် လည်ပတ်မှုထဲတွင် အံဝင်ခွင်ကျ လိုက်ပါ လည်ပတ်လို့ မရနိုင်သဖြင့် လည်ပတ်မှုကို လိုက်မှီအောင် ထိုးထွင်းဉာဏ်ကို မကြာမကြာ သုံးကြရသဖြင့် ဖန်တီးနိုင်စွမ်း ပိုကောင်းအောင် အစဉ် လေ့ကျင့်နေရာ ရောက်နေသည်။

          စောစောအိပ် စောစောထ သမားများကား နေ့တစ်နေ့ အစပြုသည်နှင့် ပုံမှန် လုပ်နေကျများ ဖြစ်သော လေ့ကျင့်ခန်းလုပ်၊ မနက်စာစား၊ အလုပ်သွားကြသည်။ သို့သော် ညနေပိုင်းရောက်လျှင် သူတို့က အားကုန်သလောက် ဖြစ်နေပြီ။ နောက်ကျအိပ် နောက်ကျထသမားများ မူကား နေ့လည်လောက်မှ လည်ပတ်မှု စတင်ခြင်းဖြစ်ရာ သူများတွေ နုံးချိနေသည့် ညနေပိုင်းမျိုးမှာပင် သူတို့က လန်းဆန်း တက်ကြွနေသည်။

           သူများတွေ နားနေပြီ ဆိုသော ညပိုင်းမျိုးတွင် သူတို့က အဓိပ္ပာယ်ရှိတာ တစ်ခုခု လေ့လာဆည်းပူးရင်း အေးချမ်းသောညကို ဖြတ်သန်းနေကြ သည်။ စောစောအိပ် စောစောထ သမားများကား ထိုအချိန်တွင် အိပ်ဖို့ကလွဲ၍ လုပ်စရာ မရှိတော့။

          ခြုံငုံဆိုရလျှင် စောစောထ သူများကား တစ်ညလုံးကို လက်လွှတ် လိုက်ရသူများ ဖြစ်၏။ ၀က်မင်စတာ တက္ကသိုလ် သုတေသန စစ်တမ်း တစ်ရပ်ကိုလည်း တင်ပြပါမည်။ စေတနာ့ ၀န်ထမ်း ကူညီသူ (၄၂) ဦးကို နှစ်ရက်ကြာ စောင့်ကြည့်သည်။ ထိုသူများထဲတွင် စောစော အိပ်သူများ၊ နောက်ကျအိပ်သူများ ပါဝင်သည်။

           နှစ်ရက်တအတွင်း အချိန် ရှစ်ချိန်ခွဲကာ ထိုသူများ၏ တံတွေးတွင်း ကော်တီဇုန်း ပါဝင်နှုန်းကို တိုင်းတာ မှတ်တမ်းတင်သည်။ ထိုအခါ စောစောအိပ်သူများ၏ တံတွေးတွင်း၌ ကော်တီဇုန်းဓာတ် ပိုများနေသည်ကို တွေ့ရှိခဲ့ရသည်။ ကော်တီဇုန်းဓာတ်သည် လူကို စိတ်ဖိစီးစေကာ သွေးတိုးနှင့် နှလုံးရောဂါဆီသို့ပါ ဦးတည်စေသော ဓာတ်ဖြစ်သည်။

          နောက်ကျအိပ် နောက်ကျထခြင်းသည် လုံးဝပိုကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း အိပ်ရာထ နောက်ကျလို့ စိတ်ညစ်နေသူများ အဖို့ကား စိတ်အားတက်စရာ တစ်ခုဖြစ်သည်။ တစ်သက်လုံး အိပ်ရာထ နောက်ကျခဲ့သူ အနေဖြင့် လောကကြီးနဲ့ ၀င်ဆံ့အောင် စောစောထဖို့  ကြိုးစားနေရန်မလို။ အိပ်ရာထ နောက်ကျသူမှာလည်း အားသာချက်များစွာ ရှိသည်ကို သိစေလို၍သာ ဖြစ်ကြောင်း ၀က်မင်စတာ တက္ကသိုလ် သုတေသီတို့က ဆိုလိုက်သည်။

Credit:Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top