iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းမတစ်ယောက်ရဲ့ အလှအပကို ဘာနဲ့ ဆုံးဖြတ်မလဲ။ တစ်ချို့က အသားအရေ လှပတာ၊ မျက်နှာလေး အနာအဆာမရှိ ချောမွေ့နေတာ၊ ခန္ဓာကိုယ် လှပကျော့ရှင်းနေတာတွေကို မိန်းမတစ်ယောက်ရဲ့ အလှအပလို့ထင်ကောင်း ထင်ကြပါလိမ့်မယ်။ သို့ပေမယ့် အလှအပဆိုတာ ရုပ်ပိုင်းဆိုင်ရာ ချောမောလှပမှုကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ကယ်တော မိန်းမတစ်ယောက်ရဲ့  အလှအပဆိုတာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ စိတ်သဘောထားလေးတွေ ပါပဲ။

အောက်ဖက်မှာ ရေးသားတင်ဆက်ထားတာကတော့ စိတ်သဘောထား ဖြောင့်မှန်တဲ့ နှလုံးရည်ပြည့်ဝတဲ့ မိန်းမလှလေးတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်လေးတွေပဲ ဖြစ်ပါတယ်။

၁။ ရည်ရွယ်ချက်ခိုင်မာပြီး စိတ်ဓါတ်ပြင်းထန်တယ်။
တစ်ခုခုကို စိတ်ဝင်တစားနဲ့ အာရုံစူးစိုက်လုပ်ဆောင်နိုင်ခြင်းက စိတ်ဓါတ်ခိုင်မာတယ်ဆိုတာ ဖော်ပြနေတာပါပဲ။ နောက်ပြီး မိမိမျှော်လင့်ထားတဲ့ ပန်းတိုင်ကို ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေ့နေရပါစေ အားမလျှော့ဘဲ အောင်မြင်အောင် လုပ်ဆောင်တတ်ခြင်းက သင့်ကို ဘယ်သူနဲ့မှ မတူတဲ့ စွဲဆောင်မှုတစ်မျိုး ပေးစွမ်းပါတယ်။

၂။ ကိုယ်တစ်ကယ် စိတ်မပါဘဲ လူတွေရဲ့ အကြိုက် လိုက်မနေတတ်ဘူး။
ကိုယ့်တန်ဖိုးစံတွေကို အထိခိုက်ခံပြီး အခြားသူတွေ သဘောကျစေဖို့ လိုက်လုပ်နေတာမျိုး မရှိပါဘူး။ ကိုယ်စိတ်မဝင်စားတဲ့ အရာတွေအတွက် အချိန်ကုန်ခံပြီး လူတွေရဲ့ စိတ်ဝင်စားမှုရယူတာဟာ ရေရှည်မခံဘူးဆိုတာကိုလည်း ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝကို ကိုယ့်စိတ်ဆန္ဒရှိတဲ့အတိုင်း ကိုယ့်စိတ်ကြိုက် ရပ်တည် ရှင်သန်တယ်။

၃။ စကားအပြောအဆို ပြေပြစ်ပြီး ဆက်ဆံရေးညက်ညောတယ်။
ဘယ်လိုလူမျိုးကို ဘယ်လိုစကားမျိုးပြောရမယ်ဆိုတာ ကောင်းကောင်း နားလည်သူတွေပါ။ လူကဲခတ်တော်ပြီး လူမှုဆက်ဆံရေးမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တယ်။ အခြားသူတွေကိုလည်း တလေးတစားဆက်ဆံတာကြောင့် သူတို့ဆီက အပြန်အလှန် တန်ဖိုးထားလေးစားတာကို လည်း ခံရသူပေါ့။

၎။ ဘယ်သူ့ကိုမှ မမှီခိုဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တယ်။
ကိုယ့်တာဝန်ကိုယူတတ်ပြီး ဘယ်သူ့ကိုမှ အားမကိုးတတ်သူပါ။ ကိုယ့်အရည်အချင်းတွေကို အပြည့်အဝ ယုံကြည်ပြီး ဘာတွေပဲ ရင်ဆိုင်ရရင်ဆိုင်ရ စိတ်ဓါတ်ခိုင်ခိုင်မာမာ နဲ့ တစ်ယောက်တည်း ရင်ဆိုင်တတ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက ဘယ်သူနဲ့မှ မတူတဲ့ အလှတစ်မျိုးပါပဲ။

၅။ ပရဟိတ စိတ်ရှိတယ်။
ကိုယ်ကျိုးအတွက်ဆိုတာထက် အများအကျိုးအတွက် ပိုရှေးရှုတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ကူညီဖေးမတယ်။ နှစ်သိမ့်အားပေးတတ်တယ်။ ဒါကြောင့် ပတ်ဝန်းကျင်က လူတွေရဲ့ လေးစားအားကိုးမှုကို အမြဲ ရနေသူပေါ့။

၆။ အရာရာ နားလည် လက်ခံနိုင်တဲ့ လွတ်လပ်တဲ့ စိတ်လေး ပိုင်ဆိုင်ထားတယ်။
မတူညီတဲ့ အတွေးအမြင်တွေကို မဆန့်ကျင်တဲ့အပြင် အတတ်နိုင်ဆုံး နားလည်နိုင်အောင် ကြိုးစားတယ်။ ဒါဟာ ကိုယ်ဘယ်လောက် အတွေးအမြင်လွတ်လပ်တယ် ဆိုတဲ့ သက်သေတစ်ခုပါပဲ။ မိမိဟာ ဘယ်လိုလူမျိုးနဲ့မဆို အဆင်ပြေပြေ ဆက်ဆံနိုင်ပြီး မိမိနဲ့ အတွေးအမြင်မတူတဲ့သူတွေကို မဆန့်ကျင်တတ်တာကြောင့် လူချစ်လူခင် ပေါများသူပေါ့။

၇။ ပျော်ပျော်နေတတ်တယ်။
ဘဝမှာ ရင်ဆိုင်လာသမျှ အဆိုးအကောင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း စိတ်ချမ်းသာစရာလေးတွေပဲ တွေးပြီးပျော်ပျော်နေတတ်တယ်။ တစ်ကယ်တော့ ကိုယ့်ဘဝကို ကျေနပ်ရောင့်ရဲတတ်တာလောက် တန်ဖိုးရှိတာ မရှိတော့ပါဘူး။

၈။ အကောင်း မြင်တတ်တယ်။
ဘယ်အရာကိုမဆို အကောင်းမြင်စိတ်လေးနဲ့ ကြည့်တတ်တယ်။ ဘဝမှာ ဘယ်အရာကိုမှ အဆိုးမမြင်တတ်ဘူး။ အကယ်၍အဆိုးတွေနဲ့ ကြုံတွေ့လာခဲ့ရင်တောင် သင်ခန်းစာယူလိုက်တယ်။ ကမ္ဘာကြီးကို အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အလှဆင်နေသူပါ။

၉။ ကိုယ့်ရဲ့ ကြမ်းတမ်းတဲ့ အတွေ့အကြုံတွေ၊ အမှားတွေကနေတစ်ဆင့် အခြားသူတွေကို နှစ်သိမ့် အားပေးတတ်တယ်။
ဝမ်းနည်းအားငယ်နေတဲ့သူတွေကို သူတို့ဝေဒနာတွေပေါ့သွားအောင် ကိုယ်လည်း ဒီလိုအခြေအနေတွေ ကြုံခဲ့ဖူးတယ်ဆိုတဲ့အကြောင်း၊ အမှားတွေလည်း လုပ်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းပြောပြပြီး အားပေးနှစ်သိမ့် တတ်တယ်။ ကိုယ်တိုင်လည်း အမှားတွေကို သင်ခန်းစာယူပြီး ဘယ်လို ရုန်းထခဲ့ရတယ်ဆိုတာကိုလည်း မျှဝေပေးတယ်။

Credit : gandawin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top