iMyanmarHouse.com - Best Property Website for Myanmar
×


The Climb သီချင်းထဲမှာ Miley Cyrus က ဒီလိုဆိုထားပါတယ်။

ဘ၀ဆိုတာ တောင်တက်ရသလိုပဲ။ တစ်တောင်တက်ပြီးပေမယ့် နောက်ထပ် နောက်ထပ် တောင်တွေက ရှေ့မှာ အမြဲတမ်းရှိနေပါတယ်တဲ့။

အောင်မြင်မှုမှာလည်း ဒီလိုပါပဲ။ ရည်မှန်းချက်တွေ တစ်ခုပြီးတစ်ခု သတ်မှတ်ပြီး ဖြတ်ကျော်ကြရပါတယ်။
ဒီတော့ အဲဒီတောင်တန်းကြီးတွေအားလုံးကို ဖြတ်ကျော်နိုင်ဖို့ရာ စိတ်ဓာတ်ခွန်အားလိုပါတယ်။
ကျနော်တို့ကို အောင်မြင်ရေးလမ်းကြောင်းမှာ ဆက်လျှောက်လှမ်းနိုင်ဖို့ “တွန်းအား” ပေးမယ့်အရာကလည်း အဲဒီစိတ်ဓာတ်ခွန်အားပါပဲ။

စိတ်ဓာတ်ခွန်အားတွေရှိတဲ့အခါများမှာဆိုရင် လူက တက်ကြွလို့။ ကြိုးစားရတာကိုက ပျော်စရာကောင်းနေတယ်။

စိတ်ဓာတ်ခွန်အား မရှိရင်တော့ ဘာမှကို မလုပ်ချင် မကိုင်ချင်။ ကြုံရသမျှအရာရာဟာ ဒုက္ခတွေပါလားလို့ပဲ ထင်မှတ်နေမိတော့တယ်။

ဒီတော့ စိတ်ဓာတ်ခွန်အားတွေရရှိအောင် ဘယ်လိုလုပ်ကြမလဲ။

သင့်အတွက် အညွှန်းတစ်ချို့ ပေးလိုက်ချင်ပါတယ်။

၁။ စိတ်ထဲမှာ အဆုံးနဲ့စ ( Begin with the End in Mind )

ဒီအကြောင်းကို ပစ်ကွင်းကိုချိန်ပစ်ဆိုတဲ့ ပို့စ်မှာ အကျယ်ရေးခဲ့ပြီးပါပြီ။ စိတ်ထဲမှာအဆုံးနဲ့စတယ်ဆိုတာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုကို တိတိကျကျ သတ်မှတ်လိုက်ခြင်းပါပဲ။ တိကျတဲ့ရည်မှန်းချက်တစ်ခုရှိခြင်းက သင့်ကို စိတ်ဓာတ်ခွန်အားတွေ ရရှိနေစေပါလိမ့်မယ်။ စိတ်ထဲမှာ ပန်းတိုင်ကို အမြဲတမ်းမြင်ယောင်နေတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံရလည်း စိတ်ဓာတ်က တက်ကြွနေပါတယ်။

၂။ တကယ့်အလုပ်လို့ သင်ယုံကြည်တဲ့အရာကိုပဲ လုပ်ပါ

Steve Jobs ရဲ့ Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင်မိန့်ခွန်းမှာ အဲဒီလိုပြောခဲ့ပါတယ်။ တကယ့်အလုပ်လို့ သင်ယုံကြည်တဲ့အလုပ်ကိုပဲ လုပ်ပါတဲ့။ ဘ၀ကို အချည်းနှီး ဖြစ်စေမယ့် အလုပ်တွေကို မလုပ်ဘဲ တကယ့်အလုပ်လို့ ကိုယ်ယုံကြည်တဲ့အလုပ်ကိုပဲ လုပ်နေဖို့ လိုပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ယုံကြည်မှုတွေ ပိုရှိလာပါလိမ့်မယ်။ အဲဒါဟာ အလွန်အားပြင်းတဲ့ စိတ်ဓာတ်ခွန်အားပါပဲ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ယုံကြည်မှုရှိနေတဲ့သူတစ်ယောက်ကို ဘယ်အရာကမှ နောက်ဆုတ်အောင် မလုပ်နိုင်တော့ပါဘူး။

၃။ တခြားသူတွေရဲ့ အမြင်ကို ဂရုမစိုက်ပါနဲ့

ကိုယ်ဟာ လမ်းကြောင်းတစ်ခု၊ ပန်းတိုင်တစ်ခု သတ်မှတ်ပြီးပြီဆိုမှတော့ တခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်မနေတော့ပါနဲ့။

ဒါဟာ ကိုယ်ထင်ရာစိုင်းရမယ်ဆိုတဲ့သဘောမျိုးတော့မဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးဆိုတာဟာလည်း အရေးကြီးတာပါပဲ။

ဒါပေမဲ့ တချို့လူတွေရဲ့ အဆိုးမြင်အတွေးတွေက သင့်ရဲ့ စိတ်ဓာတ်ခွန်အားကို ထိခိုက်နိုင်ပါတယ်။

” မင်းမလုပ်နိုင်ပါဘူး ” “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” စတဲ့ စကားတွေကြောင့် သင့်ရဲ့ ယုံကြည်မှုကို မထိခိုက်ပါစေနဲ့။

ပြီးတော့ အမြင့်ကို ရောက်လာတာရင် လေတိုက်တာကိုတော့ ပိုခံရမှာပါပဲ။

ဒီတော့ တခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်ပါနဲ့။ သင့်ရဲ့စိတ်ဓာတ်ခွန်အားကို မထိခိုက်ပါစေနဲ့။

သင့်ကိုယ်သင် ယုံယုံကြည်ကြည်နဲ့ ဆက်လျှောက်ပါ။

၎။ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်အရာများနဲ့ နေ့စဉ်ထိတွေ့ပါ

စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်တွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ Blog တွေ ကို ပုံမှန် ဖတ်ရှုပါ၊ နားထောင်ပါ။

ဒီ Blog ရဲ့ ရည်ရွယ်ချက်ကလည်း အဲဒါပါပဲ။

ဒီ Blog ဟာ သင့်အတွက် စိတ်ဓာတ်ခွန်အားကို အဓိက ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

သင့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ တခြား Blog တွေ ရှိတယ်ဆိုရင်လည်း အဲဒီ Blogတွေကို ပုံမှန်ဖတ်ရှုပါ။

နံနက်ခင်းမှာ အချိန်တစ်နာရီလောက်ဖြစ်ဖြစ် ယူပါ။ သင့်ကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာအုပ်၊ Blog ၊ သီချင်း၊ ရုပ်ရှင် တစ်ခုခုကို ဖတ်ရှုပါ။ နားထောင်ပါ။

သင့်ရဲ့တစ်နေ့တာကို တက်ကြွစွာ စတင်ပါ။

၅။ အောင်မြင်မှုကို ရွေးချယ်ပါ

တကယ်တော့ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းဆိုတာ လူတို့က လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။
သင် ရွေးချယ်နိုင်ပါတယ်။

အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းကို သင်ရွေးချယ်နိုင်တယ်ဆိုမှတော့ သင့်ဘ၀အတွက် သင် ဘာကို ရွေးချယ်မလဲ။
သင်ရွေးချယ်တဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။

Credit: Your Life Success

ဤစာဖတ်သူများအားလုံး စိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top