iMyanmarHouse.com - Best Property Website for Myanmar
×









ချစ်လှစွာသော သမီးလေး မေမေကတော့ ဘယ်လိုစကတ်နဲ့ ဘယ်လိုဖိနပ်မျိုး လိုက်ဖတ်အောင် ဝတ်စားရတယ်ဆိုတာတွေ နားမလည်ပါဘူး။ ဒါပေမယ့် မေမေ့သမီးလေး ကလေးဘဝကနေ လှပတဲ့ အမျိုးသမီးလေး ဖြစ်လာအောင် မေမေ့စကားတွေက အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

၁။သမီးလေးက သမီးထင်ထားတာထက်ကို ပိုလှပါတယ်။

မေမေကတော့ သမီးရဲ့မေမေဖြစ်နေတာကြောင့် သမီးဘက်ကလိုက်ပြောနေတာ မေမေသိပါတယ်။ ဒါပေမယ့် မေမေ့ကို ယုံကြည်လိုက်ပါ။ သမီးလေးက လှပတဲ့ မိန်းကလေးတစ်ယောက်ကနေ လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာမှာပါ။ သမီးလိုပဲ သမီးရဲ့သူငယ်ချင်းတွေရော တစ်ကမ္ဘာလုံးက မိန်းကလေးတွေအားလုံး လှပတဲ့အမျိုးသမီးတွေ ဖြစ်လာကြမှာပါ။

၂။သမီးဝတ်ဆင်ထားတာလေးတွေက သမီးခံစားရသလောက်ပဲ ချစ်ဖို့ကောင်းပါတယ်။

သမီးလေးက ဝတ်စားဆင်ရင်ရတာကို နှစ်သက်ကောင်း နှစ်သက်ပါလိမ့်မယ်။ သမီးရဲ့ Fashion sense ကိုဖော်ပြတဲ့အရာတစ်ခုလည်း ဖြစ်နိုင်တာပဲလေ။ ဒါပေမယ့် သမီးလေးဆယ်ကျော်သက် အရွယ်ကို လွန်မြောက်လာတဲ့အခါ လူတွေဘယ်လိုဝတ်ဆင်ကြလဲ ဆိုတာကို သမီးစတင်စဉ်းစားလာပါလိမ့်မယ်။ သမီးဝတ်ထားတဲ့ ဖိနပ်လေးနဲ့ ဂါဝန်လေးက ဘယ်လောက်ပဲ လှနေလှနေ သမီးဝတ်ဆင်ရတာ သက်တောင့်သက်သာမရှိဘူးလို့ ခံစားနေရတဲ့အခါ သမီးအဝတ်အစားတွေကို မလုံမလဲဖြစ်ပေါ်လာပါလိမ့်မယ်။ သမီးကိုယုံကြည်မှုရှိစေပြီး စိတ်ပျော်ရွှင်စေမယ့် အဝတ်အစားမျိုးတွေ ဝတ်ဆင်ပါ။

၃။သမီးလေးအတွက်ပဲ သမီးအလှပြင်ပါ၊ တခြားလူအတွက် မဖြစ်စေပါနဲ့။

သမီးလေး ဘဝမှာ တစ်ယောက်ယောက်က သမီးအပေါ်အထင်ကြီးလာအောင် အလှပြင်တာ၊ ဝတ်စားဆင်ယင်တာတွေ ကြုံလာနိုင်ပါတယ်။ တခြားလူတွေရဲ့ မျက်လုံးတွေမှာ လှနေအောင်လို့ ဝတ်စားရတာမျိုးပေါ့။ သမီးဝတ်စားတဲ့ အဝတ်အစားတွေအပေါ်၊ သမီးဘယ်လောက်ဆွဲဆောင်မှု ရှိမရှိအပေါ်မှာ သမီးကိုတန်ဖိုးဖြတ်တဲ့လူက သမီးနဲ့မထိုက်တန်တဲ့လူပါ။ သမီးကို တကယ်ချစ်မြတ်နိုးတဲ့လူတွေက သမီးကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းကိုပဲ တန်ဖိုးထားပါတယ်။

၎။သမီးက မဝပါဘူး။

သမီးခန္ဓာကိုယ်က ကိုယ်အလေးချိန်တက်ပြီး ပြောင်းလဲချင်ပြောင်းလဲလာလိမ့်မယ်၊ ဒါပေမယ့် သမီးက ဝနေတာ မဟုတ်ပါဘူး။ သမီးလေးငယ်တုန်းကဆိုရင် မေမေငယ်တုန်းကထက်ပိုပြီး သန်မာတယ်၊ သွက်လက်ပါတယ်။ သမီးရဲ့ မြန်မြန်ပြေးနိုင်တဲ့ ခြေထောက်တွေကို တန်ဖိုးထားပါ။ ကြင်နာပြီး ကူညီတတ်တဲ့ လက်တစ်စုံကို ချစ်ပါ။ သမီးမျက်နှာဝိုင်းဝိုင်းလေးက ပြုံးလိုက်ရင် အလင်းရောင်တွေ ဖြာထွက်လာပါတယ်။ သမီးခန္ဓာကိုယ်က သမီးအတွက် လက်ဆောင်တစ်ခုပါ။ သမီးဘဝမှာ ရှင်သန်နေထိုင်နိုင်ဖို့ ခွင့်ပြုပေးတဲ့ သမီးခန္ဓာကို ချစ်မြတ်နိုးပါ။ သမီးအလှက မဂ္ဂဇင်း မျက်နှာဖုံးတွေနဲ့ နှိုင်းယှဉ်ဖို့ မဟုတ်ပါဘူး။

၅။ပိန်ပါးနေတာက ပျော်ရွှင်မှုကိုမပေးနိုင်ပါဘူး။

မေမေ့ဘဝမှာ မေမေအပိန်ဆုံးအချိန်က မေမေ မပျော်ရွှင်ရဆုံးအချိန်ပဲ သမီး။ ပိန်ပါးနေတာက သမီးကို ပျော်ရွှင်စရာတွေ မယူလာပေးနိုင်ပါဘူး။ အဝလွန်တာကလည်း တူတူပါပဲ။ အဝလွန်ရင် ကျန်းမာရေးချို့တဲ့ပါတယ်။ ကိုယ်အလေးချိန် တက်လွန်းတာ၊ ကျလွန်းတာတွေက သမီးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပြီး မျှမျှတတနေထိုင်စားသောက်ပါ။

၆။ပျော်ရွှင်ခြင်းက အလှတရားနဲ့ ညီမျှပါတယ်။

တကယ်ပါ သမီး၊ မေမေရဲ့ အလှအပနည်းလမ်းကောင်း နံပါတ်(၁)က ဒါပါပဲ။ မျက်နှာမသစ်ထားဘဲ ညအိပ်ဝတ်စုံနဲ့ အိပ်ယာထဲက ထလာတဲ့ကောင်မလေးက ပျော်ရွှင်နေတယ်ဆိုရင် ပျော်ရွှင်ခြင်းက တောက်ပနေပြီး သူ့ကိုလှပစေပါတယ်။ သမီးလေးလည်း အမြဲတမ်းတော့ ဘယ်ပျော်နိုင်ပါ့မလဲ။ ဒါပေမယ့် သမီးလေး ပျော်တဲ့အခါ သမီးလေးက ရတနာလေးတွေ စီခြယ်ထားသလို ဖြစ်နေပါလိမ့်မယ်။

၇။နေလောင်ခံလိမ်းဆေးနဲ့ ရေက သမီးရဲ့အဖော်မွန်တွေပါပဲ။

အပြင်ပန်း အလှတွေဆိုတာ အရေးမကြီးဘူးလို့ မေမေပြောပေမယ့် တကယ်တော့လည်း လုံးဝကြီး အရေးမကြီးတာတော့ မဟုတ်ပါဘူး။ လူတိုင်း လှချင်တာပဲလေ။ လူတွေက အရင်ဆုံး အပြင်ပန်းကိုကြည့်ပြီး ဝေဖန်ကြတာပါ။ သမီးမှာနဂိုရှိပြီးသားအလှကို ထိန်းသိမ်းပါ။ မေမေ့အမြင်ကတော့ နေလောင်ခံလိမ်းဆေးနဲ့ ရေက မိန်းကလေးတွေအတွက် အကောင်းဆုံးမိတ်ဆွေပါပဲ။ နေလောင်ခံလိမ်းဆေးက အရေးအကြောင်းတွေကို ကာကွယ်ပေးတယ်။ ရေက ရေဓာတ်ဖြည့်ပေးတဲ့အပြင် ကျောက်ကပ်အတွက်လည်း ကောင်းပါတယ်။ စပျစ်သီးမှာ ရေမရှိရင် ဘယ်လိုဖြစ်သွားမလဲ သမီးမြင်ဖူးလား။ စပျစ်သီးခြောက်လို ဖြစ်သွားမှာပေါ့။ ဒါကြောင့် သမီးလည်း စပျစ်သီးခြောက် မဖြစ်ချင်ရင် ရေများများသောက်ပေးပါ။
၈။အိပ်ရေးဝအောင် အိပ်ခြင်းက အကောင်းဆုံးပါ သမီးလေး။

သမီးကိုယ် သမီးဂရုစိုက်တဲ့အခါ အိပ်ရေးဝအောင် အိပ်ဖို့လည်း မမေ့ပါနဲ့။ မေမေ့မျက်နှာ မို့ဖောင်ပြီး မျက်ကွင်းညိုနေတဲ့အခါ ကြည့်ရအဆိုးဆုံးပဲ သမီး။ မေမေအိပ်ရေးဝတဲ့ နေ့တွေကျတော့လည်း မျက်နှာလေးက ကြည်လင်နေတာပဲ။ လုံလုံလောက်လောက် အနားယူခြင်းက သမီးခန္ဓာကိုယ်အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

၉။သမီးစားလိုက်တဲ့ အစားအစာက အရေးကြီးပါတယ်။

သမီး အစားအသောက်ကို ဘယ်လိုစားသောက်သင့်တယ်ဆိုတာ မေမေသင်ပေးမယ်။ သမီးဘယ်လောက် စားတယ်မစားဘူး ဆိုတာထက် သမီးဘာစားတယ်ဆိုတာက အရေးကြီးပါတယ်။ အာဟာရမျှအောင် စားပေးဖို့လိုပါတယ်။ အသီးအရွက်တွေ သမီးအများကြီးစားပြီး အမြန်ရအစားအစာတွေ ရှောင်ရင် သမီးအကျိုးတွေ အများကြီးခံစားရပါတယ်။ သမီးရဲ့အသားအရည်၊ ကိုယ်အလေးချိန် အားလုံး ပြောင်းလဲလာပါလိမ့်မယ်။ အလှအပရဲ့ အကြောင်းအရင်း တစ်ဝက်လောက်က အစားအသောက်ကြောင့်ပါ။ မျှမျှတတနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် သမီးလေး စားသောက်ပါ။
၁၀။သမီးလေး ကိုယ့်ကိုယ်ကို လှတယ်လို့ထင်ရင် အားလုံးလည်း သမီးကို ထောက်ခံပါလိမ့်မယ်။

သမီးကိုယ်သမီး ကျေနပ်တယ်၊ ပျော်ရွှင်တယ်၊ ယုံကြည်မှုရှိတယ်ဆိုရင် သမီးအလှတွေက ဖြာထွက်နေပါတယ်။ သမီးအလှအပအပေါ် မလုံမလဲဖြစ်ဖို့က လွယ်ကူတယ်ဆိုတာ မေမေသိပါတယ်။ ဒါပေမယ့် သမီးဟာ ထူးခြားတဲ့လူတစ်ယောက် ချစ်ဖို့ကောင်းတဲ့ လူတစ်ယောက်ဆိုတာ လက်ခံဖို့ ကြိုးစားပါ။ အမျိုးသမီးတစ်ယောက်က ချစ်ဖို့ကောင်းတယ်ဆိုတာ သူ့ရဲ့လှပတဲ့ အပြုံးနဲ့ ဆံနွယ်တွေအပြင် သူ့ရဲ့ ကြင်နာမှုနဲ့ ပျော်ရွှင်နေတာလေးတွေကြောင့်လည်း ပါပါတယ်။ သမီးလေးက လှတယ်၊ ဒါကြောင့် စိုးရိမ်စရာမရှိပါဘူး။ အရေးကြီးတာက သမီးဒါကို လက်ခံယုံကြည်ဖို့ပါပဲ။

ချစ်တဲ့ မေမေ...

Credit : Gandawin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top