iMyanmarHouse.com - Best Property Website for Myanmar
×














“ကျွန်တော်တို့ဆရာဝန်တွေ ကိုယ်တိုင်မသိကြတာတွေ အများကြီးပဲ။ အရိုးအဆစ်တစ်ခုခုဖြစ်ပြီဆိုရင် လှုပ်နိုင်သမျှတော့ လှုပ်ရှားပါဆိုတာကို မပြောမိကြဘူး။ လူနာကလဲမလှုပ်ရှားရဘူးဆိုတော့ မလှုပ်ကြ ဘူး။ အဲဒီလိုမျိုးလွဲမှားတဲ့ အယူအဆတွေကိုပြင်ဖို့လိုပါတယ်” အရေးပေါ် အသက်ကယ်အထူးကုဆရာ ဝန်ကြီး ဒေါက်တာထူးမောင်အုံးက ပြောကြားသည်။

အဆိုပါအရိုးအဆစ်ဝေဒနာခံစားနေရသော လူနာများအနေဖြင့် အိပ်ရာထဲတွင်ပင် ငြိမ်မနေသင့် ကြောင်း၊ အမှန်တကယ်အန္တရာယ်ရှိသည့်အချိန်နှင့် နာကျင်နေသည့်အချိန်များတွင်သာ ငြိမ်နေသင့်ပြီး ယင်းသို့ငြိမ်နေသည့်အခါတွင်လည်း ဝေဒနာခံစားနေရသည့်နေရာမှလွဲ၍ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်း များကလှုပ်ရှားနေရန် လိုအပ်ကြောင်း၊ သို့မှသာအလျင်အမြန် သက်သာပျောက်ကင်းနိုင်မည်ဖြစ် ကြောင်း သိရသည်။

ယင်းကုသနည်းကို Physiotherapy ပညာရပ်ဟုခေါ်ဆိုနိုင်ပြီး အဆိုပါကုသနည်းဖြင့် တွဲ၍ကုသသည့် လူနာနှင့် Physiotherapy မပါဘဲကုသသည့်လူနာများတွင် ကုသပျောက်ကင်းနှုန်းသည် ထက်ဝက်ခန့် ကွာခြားမှုမရှိကြောင်း သိရသည်။

“လူနာတစ်ယောက် ရိုးရိုးအရိုးတစ်ခုကျိုးသွားတယ်။ ဥပမာဆေးရုံမှာ တစ်လနေရမယ်ဆိုရင် Physio-therapy ပါတဲ့လူနာဆိုရင် လူနာကနှစ်ပတ်လောက်ပဲနေရမယ်။ ဒီနည်းကအရိုးကိုပြန်မဆက်ပေမယ့် လှုပ်ရှားမှုတွေအကုန်လုံး ရသွားတဲ့အတွက် နေ့စဉ်နေဖို့ထိုင်ဖို့၊ သွားဖို့၊ လာဖို့အတွက် မိသားစုတွေအ တွက်ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘူး” ဟု မြန်မာနိုင်ငံ အကြောအဆစ်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်း မြင့်ကလည်း ပြောသည်။

ယင်းအတွက်ကြောင့် Physiotherapy သည်ကမ္ဘာ့ပေါ်တွင် အရေးအကြီးဆုံး ဆေးကုသမှုပုံစံတွင် ပါဝင်ကြောင်း၊ ယင်းအတွက်ကြောင့် နိုင်ငံခြားတိုင်းပြည်များတွင် Physiotherapy နည်းပညာကို Up Date လုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပညာရှင်များသည် တချို့သောဆေးရုံကြီးများတွင် အသုံးပြုကြသောသက်ဆိုင်ရာ အထူးကုသ မားတော်များက ယင်းပညာရပ်ကိုအသုံးပြုမှုနည်းနေသေးသည့်အတွက် လူနာများအတွက်လည်း ရောဂါသက်သာပျောက်ကင်းမှုနှုန်း နှေးနေကြောင်းသိရသည်။

“Physiotherapy ဘာသာရပ်နှင့်ပတ်သက်ပြီး အသုံးပြုတဲ့အလေ့အကျင့်က ပြည်ပနိုင်ငံတွေမှာ အသုံး ပြုမှုများနေပေမယ့် မြန်မာနိုင်ငံမှာတော့ အသုံးပြုမှုကနည်းနေပါသေးတယ်” ဟု ဦးထွန်းမြင့်ကဆက် လက်ပြောသည်။

အဆိုပါပညာရပ်ဆိုင်ရာ ပညာရှင်များအသင်းကို မြန်မာနိုင်ငံတွင်ဖွဲ့စည်းထားပြီးဖြစ်ကာ ကမ္ဘာပေါ်တွင် Physiotherapy အသင်းပေါင်း ၁၂၀ ခန့်ရှိပြီး အသင်းသားပေါင်းလေးသိန်းခန့်ရှိကာ မြန်မာနိုင်ငံတွင် Physiotherapy အသင်းကိုဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ခွဲနှစ်နှစ်ခန့်ရှိပြီး မြန်မာနိုင်ငံတွင် Physiother-apy အင်အားမှာ ၁၄၀၀ ခန့်ရှိသော်လည်း အသင်းဝင်ထားသည့် အသင်းသားဦးရေမှာ ၆၀၀ ခန့်သာရှိ သေးကြောင်းသိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ၂၀၁၁ ခုနှစ်မှစတင်ကာ ယင်းပညာရှင်များအား ‘Independent Professional’ များအဖြစ် ကြေညာခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် အကြောအဆစ်ပညာရှင်များ တိုးချဲ့ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်းများအပြင် အထောက်အကူပြုစက် ကိရိယာများကိုလည်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌အကြောအဆစ်ကုပညာရှင်ပေါင်း ၁၃၇၀ ဦးခန့်ရှိနေပြီဖြစ်ကြောင်း၊ ပညာရှင် နှင့်လူဦးရေအချိုးကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံအနေနှင့် တိုးတက်သောနိုင်ငံများ၏အချိုးထက် နည်းနေကြောင်းတွေ့ရှိရပြီး တိုးတက်သောနိုင်ငံများ၏အချိုးကို မီဖို့ရန်အတွက်မှာ ယင်းပညာရပ်တိုး တက်လာစေရန် မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များ အသင်းအနေနှင့် ကောင်စီဥပဒေများ အလျင်အမြန်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရန်လိုအပ်ကြောင်း သိရသည်။

Credit : Democracy Today Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top