iMyanmarHouse.com - Best Property Website for Myanmar
×










မနက် အိပ်ရာနိုးချိန်နဲ့ ကလေးတွေ ကျောင်းမသွားခင် အချိန်ကြားသည် မိဘများ အဖို့ စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဇုန်း ပုံမှန်ထက် (၃၀) ရာခိုင်နှုန်း ပိုများချိန် ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြလိုက်သည်။ ကလေးတွေ မနက် ကျောင်းမီအောင် ပြင်ဆင် ပေးရခြင်းသည် မိဘများအတွက် ကလေးတွေနဲ့ ပတ်သက်ပြီး တစ်နေ့တာ အတွင်း စိတ်အဖိစီးဆုံး အချိန်ဖြစ်၏။

            ကျောင်းသွားရခါနီး (သို့မဟုတ်) ကျောင်းကား လာခါနီး အချိန်သည် ကော်တီဇုန် အမြင့်ဆုံး ရောက်ချိန် ဖြစ်ကြောင်း လက်တွေ့တိုင်းတာ သုတေသန ပြုထားချက် အရ သိရသည်။ လေ့လာ သုတေသနကို ဗြိတိန်နိုင်ငံမှ စိတ်ပညာရှင် ဒေါက်တာ ဆိုင်မွန်မိုး က ပြုလုပ်ထားခြင်း ဖြစ်သည်။ တစ်နေ့တာ အချိန်ကို ငါးပိုင်းပိုင်းပြီး မည်သည့် အပိုင်းတွင် ကော်တီဇုန်း အများဆုံး ပါဝင်ကြောင်းကို တံတွေး နမူနာများယူ၍ မှတ်တမ်း တင်ခဲ့ခြင်း ဖြစ်သည်။

             မနက်ခင်း ကလေးတွေ ကျောင်း ကားပေါ် မတက်ခင်ထိ အချိန်သည် မိဘများ  စိတ်အဖိစီးဆုံး ကာလ ဖြစ်ကြောင်း တံတွေးအတွင်း ကော်တီဇုန်း ဓာတ်ပါဝင်မှုအရ သိရသည်။

             စိတ်ဖိစီးနေခြင်း၊  စိတ်လောကြီး နေခြင်းသည် အလုပ်ခွင်မှာလည်း အမှားအယွင်း ဖြစ်စေသလို၊ အိမ်မှာနေသော မိဘ ဆိုလျှင်လည်း အမှားမှား အယွင်းယွင်းများ ဖြစ်တတ်သဖြင့် မိဘများသည် စိတ်ဖိစီးမှု နည်းစေမည့် အလေ့အကျင့်လေးများ သိထားဖို့ လိုကြောင်း ဒေါက်တာမိုးက အကြံပြုသည်။

            ညဘက်မှာ အိပ်ရေးဝအောင် အိပ်ခြင်း၊ နေ့ဘက် တစ်ရေးအိပ်ခြင်း၊ ရယ်မောခြင်း စသည်တို့သည် တက်နေသော စိတ်ဖိစီးမှုကို ကျသွားစေမည့် နည်းကောင်းများ ဖြစ်သည်။ ဒေါက်တာမိုး၏ စစ်တမ်း အတွက် အာမခံ လုပ်ငန်း Allianz Insurance က ကူညီပံ့ပိုး ပေးထားသည်။ အသက် (၅) နှစ်မှ (၁၅) နှစ်ကြားကလေးများ ရှိသော မိဘဦးရေ (၁၀၀၀) ကို လေ့လာထားခြင်း ဖြစ်သည်။

             ကျောင်းကား လာကာမှ ကလေးဖိနပ် ရှာမရခြင်း၊ စာအုပ်တွေ မထည့်ရသေးခြင်း၊ အ၀တ်အစား သပ်သပ် ရပ်ရပ် လုပ်မပေး ရသေးခြင်း စသည် တို့ကြောင့်လည်း မိဘများ၏ စိတ်ဖိစီးမှု ဟော်မုန်း ပိုမြင့်တက်ရသည်။ သို့ဖြစ်ရာ ကလေးများ  ညနေကျောင်း က ပြန်လာ ကတည်းက ဖိနပ်တွေ၊ လွယ်အိတ်တွေ၊ ကျောင်းပစ္စည်း တွေကို တစ်နေရာမှာ သတ်သတ် မှတ်မှတ် ထားပါဟု မိသားစုဘ၀ အကြံပြုချက်များ ဖော်ပြနေသည့် A Mummy Too ဘလော့ကို ရေးသားနေသူ အီမလီလီရီက အကြံပေးသည်။

            ကျောင်းဝတ်စုံတွေကို အ၀တ်ဗီဒို အံဆွဲ တစ်ခုခုမှာ သီးသန့်ထားပါ။ သို့မှ ချက်ချင်း ထုတ်ယူနိုင်မည်။ စိတ်ပင်ပန်းစရာ မလိုတော့။ မနက် စာမစားခင် ကျောင်းဝတ်စုံ အပြီးအစီး ၀တ်ထား ရမည်ဟုလည်း ကလေးများကို စည်းကမ်း ထုတ်ပေးထားပါ။

             မနက်စာ စားသောက် ပြီးသည် နှင့် ကျောင်း လွယ်အိတ်ကို စစ်ခိုင်းပြီး မေ့ကျန်တာ မရှိရအောင် ကလေးတွေကို  အကျင့် လုပ်ထားပေးပါ။ ဖိနပ်များ ကိုလည်း ဖိနပ်စင်မှာ နေရာ သတ်သတ် မှတ်မှတ်ရှိအောင် စောစီးစွာ ကတည်းက နေရာချထား စေခြင်းဖြင့် ကျောင်းကားလာသည် နှင့် ဖိနပ် ကောက်စီးပြီး ကားပေါ် တက်နိုင်ကြမည်။

              ထိုသို့ ကြိုတင် ပြင်ဆင် ထားခြင်းဖြင့် မိဘများလည်း ကျောင်း ကားလာမှ မျက်ကလူးဆန်ပြာ လျှောက်ရှာ လျှောက်ပြေးနဲ့ ဖတ်ဖတ် မောရခြင်းကို ကာကွယ်နိုင်မည်။ စိတ်ဖိစီး မှုကိုလည်း လျှော့ချနိုင်မည်။

Credit : the Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top