ကလေးတို့ရဲ့ နွေအားလပ်ရက်တွေကို ဘယ်လိုကျော်ဖြတ်စေသင့်သလဲ
ကလေးတွေ ကျောင်းပိတ်ပြီဆိုမှဖြင့် ရပ်ကွက်ထဲက အိမ်ရှေ့သစ်ပင်တွေမှာ ဗီနိုင်းကြော်ငြာတွေ ချိတ် ဆွဲလာတာတွေ့ရသည်။ နွေရာသီကလေးများအတွက် ပန်းချီရက်တိုသင်တန်း၊ ကလေးတို့အတွက် အင်္ဂလိပ်သဒ္ဒါ သုံးလပြတ်၊ နွေရာသီကျောင်းပိတ်ရက် ကွန်ပျူတာသင်တန်းစသဖြင့် စသဖြင့်ကြော်ငြာ တွေပဲ ဖြစ်သည်။
သည်ကြော်ငြာတွေက ကလေးမိဘတွေအဖို့ဖြင့် စိတ်ကူးယဉ်စရာတွေ ဖြစ်ကောင်းဖြစ်မည်ထင်ရသော် ငြား ကလေးတို့အတွက်တော့ သူတို့အားလပ်ချိန်တွေကို ဖဲ့ယူကြမည့် မိစ္ဆာတွေ၊ နတ်ဆိုးကြော်ငြာတွေ ဟုထင်ကောင်း ထင်ကြပါလိမ့်မည်။
ယခုဆောင်းပါးကို ရေးနေသည့်မတ် ၃ ရက်မှာပဲ သားအလတ် ပဉ္စမတန်းကျောင်းသားက သူ၏နောက် ဆုံးနေ့ စာမေးပွဲကို ဖြေဆိုပြီးလေပြီ။ သားအငယ်ဆုံး တစ်တန်းကျောင်းသားကတော့ ဖေဖော်ဝါရီ ၂၇ ရက်ကပင် စာမေးပွဲပြီးလေပြီ။ ကလေးနှစ်ယောက် နွေရက်ရှည်ကျောင်းပိတ်ပြီဆိုတော့ မိဘတွေ လည်းခဏတော့ အနားရပြီပေါ့။ စာသင်နှစ်တစ်နှစ်လုံး ကလေးတွေကျောင်းသွားဖို့၊ ထမင်းဘူးထည့် ပေးဖို့၊ ကျောင်းပို့ပေးဖို့၊ ကျောင်းပြန်ကြိုဖို့ စသည်ဖြင့် ကျောင်းအမောတွေက တစ်ပတ်မှာ ငါးရက်လက် မလည်ဖြစ်ရသည်ကိုး။ ကျောင်းရက်ရှည်ပိတ်ပြီဆိုတော့လည်း သူတို့လေးတွေ နောက်နှစ်တက်ရမည့် အရေးအတွက် တွေးရပြီဖြစ်သည်။
ကျွန်တော်ကတော့ ကျွန်တော့်ကလေးတွေကို ကလေးပီပီ ဆော့ကစားခွင့် ပေးထားချင်သည်။ သို့ သော်ကလေးချင်းယှဉ်လိုက်လျှင် သူတို့လေးတွေ နောက်ကျန်နေခဲ့မှာလည်း စိုးရိမ်ပူပန်နေရပြန်သည်။ သို့နှင့်ကလေးနှစ်ယောက်လုံးကို နောက်နှစ်တက်ရမည့် အတန်းစာအုပ်တွေထဲက တစ်နေ့တစ်ပုဒ် စာကူးရေးဖို့၊ စာဖတ်ဖို့ပြီးလျှင် ကစားဖို့အချိန် သတ်မှတ်ပေးခြင်းဖြင့် စည်းကမ်းတကျ ကစားချိန်ကစား၊ နားချိန် အနားပေးဖို့ အမေဖြစ်သူကိုမှာရပါတော့သည်။ ကျွန်တော့်သဘောကဖြင့် ကလေးတွေကို နွေ ရာသီကျောင်းပိတ်ရက်ရှည်မှာ ဦးနှောက်တွေအနားရစေခြင်းပဲဖြစ်သည်။ သို့နှင့် ကျူရှင်တစ်လအနား ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော်သားအလတ်က နွေရာသီကျောင်းပိတ်လျှင် ပန်းချီသင်တန်းပေး ဖို့မနှစ်ကတည်းကပင် ပြောထားသည့်အတွက် အနီးအနားမှာ ကလေးပန်းချီသင်တန်းဖွင့်လျှင်ဖြင့် ထားပေးဖို့ဆုံးဖြတ်ထားပါသည်။ ကလေးတွေသူတို့ဝါသနာပါတာလေးလည်း လုပ်ပေးစေချင်သည့် သဘောသာဖြစ်ပါသည်။
နွေကျောင်းပိတ်ရက်ရှည်နှင့် ပတ်သက်၍ ဖြတ်သန်းမှုမတူညီကြသော ဘဝတအချို့ကို ကျွန်တော်စဉ်း စားမိပါသည်။ ကျွန်တော်တို့ငယ်စဉ်ကဆိုလျှင် နောက်နှစ်တက်ရမည့် အတန်းအတွက်ကြိုပြီး စာသင် ရလေ့မရှိပါ။ နောက်နှစ်အတွက် ကုန်ကျမည့်စရိတ်အတွက်တော့ တောမှာသွားပြီး မြေပဲကောက်ရ သည်။ ဆွေမျိုးသားချင်းများ စိုက်ကြပျိုးကြသည့် မြေပဲခင်းတွေဆီသွားပြီး မြေပဲကောက်ရသည်။ ရလာ သည့်မြေပဲကို ဆီကြိတ်ပြီး ရောင်းတာလည်းရှိသည်။ အတောင့်လိုက် ပြည်ချင်ဖြင့် ရောင်းရတာလည်း ရှိပါသည်။ နွေကျောင်းပိတ်ရက်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာခြင်းဖြင့် ကျောင်းပိတ်ရက်ရှည်ကို ကုန်ဆုံးစေခဲ့ရသည်။
သည်မှာ ကလေးဘဝက စိတ်ဝန်ပိခဲ့တာကို ယခုတိုင်သတိရနေမိပါသည်။ ကလေးသဘာဝ လွတ် လွတ်လပ်လပ် ဆော့ကစားချင်ပါသော်လည်း ကျောင်းစရိတ်ရှာနေရသည့် ဒုက္ခဖြစ်သည်။ ကလေး သဘာဝ ဆော့ကစားနေရမည့်အစား ဝင်ငွေရှာနေရခြင်းပဲ ဖြစ်ပါသည်။ ငယ်ဘဝကို တွေးမိရင်းကျွန် တော့်ကလေးတွေကို ကျွန်တော့်လို မခံစားရစေချင်။ လွတ်လွတ်လပ်လပ် ဆော့ကစားစေချင်သည်။ ငယ်စဉ်က မြေပဲကောက်ရင်း အဆိုတော် ခင်မောင်သန်းလေး၏ မမပန်းကေသီ သီချင်းကိုနားထောင် ရင်း ခရီးသွားချင်စိတ်ပေါက်ခဲ့ပုံကိုလည်း သတိရမိပါသေးသည်။
“မန်းကေသီ ကြည်လဲ့လဲ့ အပြုံးကလေးများနဲ့ ကျွန်တော့်ကို အတည်ဖိတ်ခေါ်သည် အညာမြေ အလှ တွေလည်း နွေရာသီကျောင်းပိတ်ရက်မှာ ဗဟုသုတရစေချင်သည်။ လာခဲ့ပါလားတဲ့ စေတနာစကားနဲ့ အတည် . . . ဖော်ရွေသည် . . . အညာမြေဆီ . . . လာစေချင်လွန်းသည် ဟိုမန်းမြို့က မမကေသီ . .
အိမ်တော်ရာ စေတီဦးစီ မျှော်ရည်ဖူးလို့ ရောက်ခဲ့ရသည် . . . ဦးခန္တီတောင်ပေါ်ဆီ . . မြွေကြီးနှစ် ကောင်ထူးစွာလည်း တက်လာခဲ့တဲ့ ရာဇဝင်ချီ . . . မမမန်းကေသီ . . . အပြုံးကလေး ဝင့်ကာရီ . . စိတ်ဝင်စားအောင်လည်း သူအမြဲပြောသည် ကျွန်တော်မေ့မရပြီ ဟိုမန်းမြို့က မမကေသီ . . .”
သီချင်း၏ဆွဲဆောင်မှုကို ဟိုစဉ်ကကျွန်တော်မဝေခွဲတတ်ပါ။ ကလေးသဘာဝ အော်ဟစ်သီဆိုရင်းဖြင့် ကျွန်တော်မှတ်မိနေသည့် သီချင်းတစ်ပုဒ်သာ ဖြစ်သည်။ ယခု အသက်အရွယ်ရလာမှ ပြန်စဉ်းစားမိ တော့ ဟုတ်တာပေါ့။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို ခရီးသွားဗဟုသုတ၊ ဒေသန္တရ ဗဟု သုတရှာပေးရင်း ကောင်းတာပေါ့ဆိုသည့် အတွေးကိုတွေးမိပါတော့သည်။ ရန်ကုန်မြို့လို ကျောတစ် ခင်းစာနေရာလေးတွေမှာ မွန်းကျပ်စွာနေနေကြရသည့် ကလေးတွေအဖို့ သန့်ရှင်းလတ်ဆတ်သည့် လေကိုရှူရိုက်ရင်း ကျေးလက်အငွေ့အသက်ရသည့် လယ်ကွင်းတွေ၊ ယာခင်းတွေဆီခေါ်သွားသင့် တာပေါ့ဟု စဉ်းစားရင်း ကလေးဘဝက ကျေးလက်ရှုခင်းတွေဆီ စိတ်မျက်စိဖြင့် မြင်ကြည့်မိပါသည်။ ကျွန်တော့်ငယ်ဘဝသည် ဝင်ငွေလည်းရ၊ လတ်ဆတ်သည့် လေကိုလည်းရှူခွင့်ရသည့် ကျေးလက်မှာ ကြီးပြင်းခဲ့ရသည့် အရသာကိုပါ ခံစားလိုက်ရပါသည်။
ကလေးတွေရဲ့ ကျောင်းပိတ်ရက်ရှည်ကို မိဘများကဘယ်လိုကုန်လွန်စေသင့်သလဲဆိုသော မေးခွန်း တစ်ခုအပေါ်အခြေခံ၍ ကျွန်တော်သည်ဆောင်းပါးကို ရေးဖို့စဉ်းစားနေဆဲမှာပင် အင်္ဂလိပ်ကဗျာဆရာ ကြီး William Henry Davies ၏ကဗျာတစ်ပုဒ်ကို သတိရမိပါသည်။
“A poor life this if full of care
We have no time to stand and stare”
ဘဝမှာ ခေတ္တခဏမျှ ရပ်နားငေးမောချိန်လေးလည်း ရှိသင့်ပါတယ် . . . ဟု ပြန်ရမည်ထင်ပါသည်။ ဟုတ်ပါသည်။ ကျွန်တော်တို့ရဲ့ ကလေးများကိုလည်း ကျွန်တော်တို့ ပညာရေးစနစ်၏ Life-long Learning ဆိုတာကြီးကို ကျွန်တော်အားမပေးချင်ပါ။ ကလေးတွေကို ကလေးဘဝမှာ ကလေးလိုလွတ် လပ်စွာ ရှင်သန်စေချင်ပါသည်။
စာရေးဆရာကိုတာ၏ စာတစ်ပုဒ်ကို ညွှန်းလိုပါသည်။ မူရင်းစာရေးသူက Charles Handy ၏ The Empty Raincoat ထဲကဟု ဆိုပါသည်။ “Doughnut Principle ဟုဆိုပါသည်။ ဆရာကိုတာကတော့ မြန်မာမှုပြု၍ မုန့်ကတိုးနှင့် ဥပမာပေးပါသည်။ အညာသားဆိုလျှင် မုန့်ကတိုးကို သိပါသည်။ ပဲ၊ ထန်း လျက်အချို့တို့ကို ရောသမမွှေကာ အဆာသွတ်ထားသည့် မုန့်ချိုတစ်မျိုးပါ။ ထားပါတော့။ ရန်ကုန်သား များဆိုလျှင်တော့ J Donut ကိုစားဖူးကြပါလိမ့်မည်။ J Donut ဆိုပါစို့။ အလယ်အနှစ်သား Lemon Cream နှင့် Cream ကိုဝန်းရံထားသည့် ဘေးအကာသားတို့ကို တွေ့ရပါလိမ့်မည်။ မူရင်းစာရေးသူ ချားလ်ဟန်ဒီက လူ့ဘဝကိုဒိုးနပ်နှင့် တင်စားပါသည်။ လူ့ဘဝသည် ဒိုးနပ်မုန့်တစ်ခုလိုပါပဲတဲ့။ ဘဝမှာ အလယ်အနှစ်သားလို အရေးတယူ လုပ်ရမယ့် အစိတ်အပိုင်းတွေရှိသလို အကာသားလို မလုပ်ချင် လျှင်မလုပ်ဘဲ နေလို့ရတာတွေလည်း ရှိပါသည်တဲ့။ အင်္ဂလိပ်လို ပြောရလျှင်တော့ ဘဝမှာလုပ်ကိုလုပ် ရမယ့်အရာ Must တွေရှိနေသလို လုပ်ချင်မှလုပ်လို့ရတဲ့ တစ်နည်းအားဖြင့် ဆန္ဒရှိမှသာ လုပ်ရတဲ့ may တွေလည်း ရှိနေပါသတဲ့။
ကျွန်တော်တို့ ကလေးတွေရဲ့ ဘဝထဲမှာလည်း သူတို့အတွက်လုပ်ကိုလုပ်ရမည့် must တွေဖြစ်တဲ့ ကျောင်းစာတွေကို ကျောင်းဖွင့်ရက်မှာ သင်ကြားရသလို ကျောင်းပိတ်ရက်တွေမှာလည်း သူတို့လုပ်ချင် တာလေးတွေ လုပ်ခွင့်ရစေမည့် may တွေလည်းရှိဖို့လိုမှာ ဖြစ်ပါသည်။ သည်နေရာတွင် ကလေးတို့ အတွက် အပိုဆောင်းအဖြစ် မိဘများက ကျောင်းပိတ်ရက်မှာ ယဉ်ကျေးလိမ္မာလိုသင်တန်းတွေ တက် စေတာကိုဖြင့် ခြွင်းချက်အနေဖြင့် ထောက်ခံပေးလိုပါသေးသည်။ သည်လိုသင်တန်းမျိုးက ကလေး တွေအတွက် စိတ်ခွန်အားကို မြှင့်ပေးသလို၊ ဗုဒ္ဓနှင့်ပတ်သက်သော စာတွေ ကဗျာတွေကိုလည်း သင် ကြားပေးမည်ဖြစ်သည့်အတွက် ဓမ္မအမွေပေးရာလည်းရောက်၍ အားပေးရခြင်းဖြစ်ပါသည်။
ကလေးတို့ ခန္ဓအားလပ်ရက်တွေကို ဘယ်လိုဖြတ်ကျော်စေသင့်သလဲ ဆိုသည်ကတော့ ကလေးတွေ ရဲ့မိဘတို့က အဆုံးအဖြတ်ပေးနေခြင်းထက် ကလေးတွေကိုယ်တိုင်ကိုလည်း ပါဝင်ဆုံးဖြတ်ခွင့်ပေးဖို့ သင့်ပါကြောင်း အကြံကောင်းပေးလိုက်ရပါသည်။
Credit : Democracy Today Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...