iMyanmarHouse.com - Best Property Website for Myanmar
×










အမေရိကန် နိုင်ငံတွင် ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ကိုယ့် ကိုယ်ကိုယ် သတ်သေမှုများ တရိပ်ရိပ် မြင့်တက်လျက်ရှိပြီး ပျမ်းမျှ တစ်နှစ် လူ (၃၆၀၀၀) လောက် သတ်သေ နေကြကြောင်း သိရသည်။ သတ်သေသူ အတိုးပွားဆုံး ကဏ္ဍကား အလုပ်ခွင်တွင်း သတ်သေမှု ဖြစ်ကြောင်းလည်း စာရင်းများ အရ သိရသည်။

 လေ့လာ တွေ့ရှိချက်များကို American Journal of Preventive Medicine  ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ အမေရိကန် နိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း အလုပ်ခွင်တွင်း သတ်သေသူ (၁၇၁၉) ဦး ရှိခဲ့သည်။ ထိုကာလ အတွင်း အကြောင်း အမျိုးမျိုးဖြင့် သတ်သေသူ စုစုပေါင်းက ဦးရေ (၂၇၀၅၀၀) ထိရှိသည်။

အလုပ်သမား ၀န်ကြီးဌာနက ကောက်ယူထားသော ၂၀၀၃ မှ ၂၀၁၀ အတွင်း အလုပ်ခွင်တွင်း သတ်သေမှု များဆိုင်ရာ စာရင်းများကို ကိုးကား၍ စစ်တမ်း ပြုစုထားခြင်း ဖြစ်သည်။ အမေရိကန် စစ်တပ်တွင် သတ်သေမှုများ စာရင်းတော့ မပါဝင်ကြောင်း သိရသည်။

၂၀၀၃ မှ ၂၀၀၇ ခုနှစ်ထိ အလုပ်ခွင်တွင်း သတ်သေမှုများ တောက်လျှောက် ကျဆင်းခဲ့သည်။ ၂၀၀၇ တွင် လူတစ်သိန်းတွင် (၁ ဒသမ ၂) ဦးသည် အလုပ်ခွင်တွင်း သတ်သေနေရာမှ ၂၀၀၈ ခုနှစ် ရောက်သည့်အခါ သိသိသာသာကြီး တက်လာကာ လူတစ်သိန်းတွင် (၁ ဒသမ ၇) ဦးထိ ဖြစ်လာကြောင်း တွေ့ရသည်။ အလုပ်ခွင်တွင်း သတ်သေနိုင်ခြေ အများဆုံးမှာ အမျိုးသားများ ဖြစ်ပြီး၊ အသက် (၆၅) မှ (၇၄) ကြားများသည် သတ်သေမှု အများဆုံး ဖြစ်ကြောင်း စာရင်းများက ဖော်ပြနေသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်း လုပ်ငန်းများတွင် လုပ်ကိုင်သူများ သတ်သေမှု အများဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ကျေးလက် ဒေသများတွင်ကား လူငယ်များ သတ်သေနှုန်း အမြင့်ဆုံး ဖြစ်ကြောင်းလည်း တွေ့ရသည်။

““အလုပ်အကိုင်ဟာ လူတစ်ယောက်ရဲ့ ရပ်တည်ချက်ကို လွှမ်းမိုး ပုံဖော်သလို၊ အဲဒီလူတစ်ယောက် စိတ်ဖိစီးခြင်း၊ စိတ်ချမ်းသာခြင်း ကိုလည်း အများကြီး သက်ရောက်မှု ရှိပါတယ်”” ဟု လေ့လာမှု စစ်တမ်း ပြုလုပ်ခဲ့သည့် အမေရိကန် အလုပ်အကိုင်နှင့် ကျန်းမာရေး ဆိုင်ရာ သိပ္ပံ (NIOSH) မှ စစ်တမ်းအဖွဲ့ခေါင်းဆောင် ဟုပ်တီယာမန်က ပြောသည်။

 ““စိတ်ဖိစီးမှုများတဲ့ အလုပ် ကဏ္ဍတွေမှာ ဖိစီးမှုဒဏ်ကြောင့် ကိုယ့် ကိုယ်ကိုယ် သတ်သေနိုင်ခြေ ရှိသူတွေကို စောစောစီးစီး ကြိုဖော်ထုတ် ကုစားပေးနိုင်အောင် ကြိုးပမ်းရမယ်။ မန်နေဂျာ အဆင့်တွေကို ပညာပေး သင်တန်း ပို့ချပြီး မိမိ လက်အောက်က လူတွေထဲမှာ သတ်သေနိုင်ခြေရှိတဲ့ လက္ခဏာပြ နေသူတွေကို စောစောစီးစီး ဖော်ထုတ်တတ်အောင် လေ့ကျင့် ပေးကြရမယ်”” ဟု မစ္စတာတီယာမန်က ပြောသည်။

 နိုင်ငံတကာ စီးပွား အကျပ်အတည်း ကြုံရသော နှစ်ပိုင်းများတွင် သတ်သေမှုများလည်း မြင့်တက် လာတတ်ကြောင်း စစ်တမ်းက ဆိုသည်။ အထူးသဖြင့် အလုပ် လက်မဲ့ ဖြစ်နေသူများ၊ အလုပ် ပြုတ်ခြင်းကြောင့် စိတ်ဓာတ် ကျနေသူများသည် သတ်သေမှု အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။ ၀န်ထမ်းများ စိတ်ဓာတ် ကျနေခြင်းကြောင့် လုပ်ကိုင်နိုင်စွမ်း ကျဆင်းကာ ထုတ်လုပ် အားလျော့ခြင်းအကျိုးဆက် ဆိုးကျိုးအဖြစ် အမေရိကန် နိုင်ငံသည် တစ်နှစ်ကို ဒေါ်လာ (၄၄) ဘီလီယံလောက် နစ်နာ ဆုံးရှုံးနေရ ကြောင်း စစ်တမ်းက ဆိုသည်။

 ““ကိုယ့် ကိုယ်ကိုယ် သတ်သေတယ် ဆိုတာ တစ်ကိုယ်ရေ ဘ၀ စိတ်ခံစားချက် တစ်ခုတည်းကြောင့် ချည်းမဟုတ်ဘူး၊ ၀န်းကျင် သက်ရောက်မှုကလည်း အများကြီး လွှမ်းမိုးပါတယ်။ အထူးသဖြင့် လူအများစုကြီး တစ်နေ့တာမှာ အများဆုံး ကျင်လည်နေရတဲ့ အလုပ်ခွင်ရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ လူတစ်ယောက် သတ်သေချင်စိတ် ကြီးခြင်း၊ သေးခြင်းအပေါ် သိသိသာသာ လွှမ်းမိုးနေပါတယ်”” ဟု မစ္စတာ တီယာမန်က ဆိုသည်။

Credit : messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top