၂နှစ်အရွယ်သမီးလေးကို ကြည့်ပြီး ဘယ်သူနဲ့တူလို့
ဒီလောက်သောင်းကျန်းနေတာလဲမသိဘူးလို့ တွေးဖူးကြပါသလား…. ကလေးတိုင်းအတွက်
အဖြေတစ်ခုပဲရှိပါတယ်…. သူကလေးဟာ ကျောက်ခေတ်ဂူအောင်းလူသားတစ်ယောက်နဲ့
တူပါတယ်တဲ့… စိတ်ဆိုးရင် ဆံပင်ကိုဆောင့်ဆွဲမယ်… ဧည့်ခန်းထဲမှာ
ရှူးရှူးပေါက်ချမယ်… စားစရာတွေကို ဆံပင်ထဲလျှောက်ထည့်မယ်… အောက်မှာကျနေတဲ့
စားစရာတွေကို ပါးစပ်ထဲကောက်ထည့်စားမယ်… ကိုယ်တုံးလုံးနဲ့ လျှောက်ပြေးမယ်…
ဘယ်သူ့မှကို ဂရုမစိုက်တာပါ….
၁နှစ်ကနေ ၃နှစ်အရွယ်ကလေးတွေကို
Toddler လို့သတ်မှတ်ထားပါတယ်… လမ်းလျှောက်တတ်ကာစ
တောက်တောက်တောက်တောက်လျှောက်သွားပြီး လုပ်ချင်တာလုပ် သောင်းကျန်းတဲ့
အရွယ်လေးတွေပါ… တချို့ကတော့ Toddler လေးတွေဟာ ဦးဏှောက်ရဲ့ ညာဘက်ခြမ်းမှာ
နေကြသူတွေလို့ တင်စားကြတယ်… ညာဘက်ခြမ်းဟာ မြန်ဆန်တဲ့ တုန့်ပြန်မှုတွေကို
မစဉ်းစားဘဲ ချက်ချုင်းလုပ်တတ်တဲ့၊ စိတ်ခံစားမှုကို ဦးစားပေးတတ်တဲ့
အခန်းကဏ္ဍမှာပါတယ်… ကျမတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်မှုတွေကတော့ ဦးဏှောက်ရဲ့
ဘယ်ဘက်ခြမ်းမှာ ရှိပါတယ်… Toddler လေးတွေကတော့ ဘယ်ဘက်ခြမ်းကို
လုံးဝပိတ်ထားတယ်လို့ပဲ ဆိုပါတော့….
၁နှစ်ကနေ ၃နှစ်ကြားကလေးတွေဟာ
သူတို့ကို လူတွေအာရုံစိုက်လာအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်…
အဲဒါကြောင့် မိဘတွေအနေနဲ့ သူတို့ရဲ့ကောင်းတဲ့
အမူအကျင့်လေးတွေလုပ်တဲ့အချိန်မှာ ချီးကျူးပေးပြီး ဆိုးတဲ့အချိန်တွေကို
လျစ်လျူရှုပေးလိုက်ပါ…. တစ်ခါတရံမှာ သူဆိုးတာကို ဆူမယ့်အစား
မသိချင်ယောင်ဆောင်နေလိုက်တာက ပိုအကျိုးရှိတတ်ပါတယ်… သူ့ကို ဆူနေရင်
သူလိုချင်တဲ့ အာရုံစိုက်မှု (Attention seeking) ကို ရနေတဲ့အတွက် ပိုပိုပြီး
လုပ်ပြတတ်ပါတယ်…. ကိုယ်မကြိုက်မှန်းသိလေ ပိုလုပ်ပြလေပေါ့….
သူတို့လေးတွေ အရမ်းဆိုးနေတဲ့အချိန်မှာ ကိုယ်က အတတ်နိုင်ဆုံး
စိတ်တည်ငြိမ်အောင် ထားပါ… ကျမအတွက်တော့ အဲဒီအချက်က
အကြီးဆုံးစိန်ခေါ်မှုပါပဲ…. တသက်လုံး ကိုယ်နေထိုင်အသားကျခဲ့တဲ့ အခြေအနေက
ဒါမျိုးမှ မဟုတ်ဘဲ….. သူအော်ကိုယ်အော် သူငိုကိုယ်ငို
ဖြစ်ခဲ့တဲ့အကြိမ်တွေလည်း အများကြီးပါပဲ…. ဒါပေမယ့် ကြာလာလေ ကိုယ့်စိတ်ကို
ကိုယ်လေ့ကျင့်လာနိုင်လာလေဆိုတာ တွေ့လာပါတယ်…. ကိုယ့်အိမ်ထောင်ဘက်နဲ့လဲ
တာဝန်မျှယူပါ… ကိုယ်စိတ်တိုလာရင် ထွက်သွားလိုက်ပါ…. ဒီလိုပဲ အိမ်ထောင်ဘက်က
စိတ်မရှည်တော့ဘူးဆိုရင် ကိုယ်ကတာဝန်ယူလိုက်ပါ…. စိတ်အေးအေးထားပြီး သူ့ကို
စကားပြောပါ… သူနဲ့ မျက်နှာချင်းဆိုင်ထိုင်ချပြီး မျက်လုံးချင်းတန်းတူ
ဆွေးနွေးတဲ့ အလေ့အကျင့်လေးကို ပျိုးထောင်ပေးပါ…. ကလေးကို အပေါ်စီးက
မတ်တပ်ရပ်ပြီး စကားမပြောမိအောင် သတိထားပါတယ်….. သူက
ကိုယ့်ကိုမော့ကြည့်နေရတယ်ဆိုတဲ့ အငုံ့စိတ်ကလေး မသိမသာ ဝင်သွားမှာ
စိုးလို့ပါ…. ၂နှစ်အရွယ်ကလေးမို့လို့ ကိုယ်ပြောတာ နားလည်မှာ မဟုတ်ပါဘူးလို့
မထင်ပါနဲ့…. အချက်အလက်ကျကျ စကားများများပြောပေးလေလေ
သူတို့ပိုပိုနားလည်လာတယ်ဆိုတာ တွေ့လာပါလိမ့်မယ်….
အငိုမတိတ်နိုင်ဘဲဖြစ်နေရင်လဲ ပြီးအောင်ငိုခိုင်းလိုက်ပါတယ်…. ကျမသားလေးကို
ပြောနေကြစကားတစ်ခွန်းက “သားငိုနေရင် မေမေတို့ စကားပြောလို့မရဘူး… အဲဒီတော့
ဝအောင်ငိုလိုက်… ငိုလို့ပြီးရင် မေမေ့ကိုပြော… စကားပြောကြမယ်” ဆိုတာပါ…
အဲဒီစကားဟာ ထင်ထားတာထက် အများကြီး အကျိုးရှိပါတယ်…. စက္ကန့်သုံးဆယ်ထက်
သူဘယ်တော့မှ ဆက်မငိုတော့ပါဘူး… လူဆိုတာ မလုပ်ရတာကို ပိုလုပ်ချင်ပါတယ်…
သူ့ကိုလုပ်ခွင့်ပေးပြီး ကိုယ်ကထိုင်စောင့်နေလိုက်တော့ မလုပ်ချင်တော့ဘဲ
တခါတည်းရပ်သွားရော… သူ့ကိုငိုခိုင်းထားတဲ့အချိန်မှာ အနားမှာ
ထိုင်စောင့်နေလဲ ရပါတယ်… ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာ
သွားလုပ်နေလိုက်တာပါပဲ…. ခဏနေတော့ အနားလာပြီး ပြီးပြီမေမေလို့ လာပြောမှ
ကိုယ်ပြောချင်တာကို ဆက်ပြောလိုက်တယ်….
နောက်တစ်ခု ကျမစိတ်ထဲမှာ
အရေးကြီးတယ်ထင်တာက တစ်ယောက်က ဆုံးမနေတဲ့အချိန် နောက်တစ်ယောက်ဘာမှ
ဝင်မပြောခိုင်းတာပါ… အဲဒါလည်း အကြီးဆုံးစိန်ခေါ်မှုပါပဲ…. အထူးသဖြင့်
မိဘမောင်နှမ ဆွေမျိုးတွေ အဖိုးအဖွားတွေပေါ့…. ရန်ဖြစ်လိုက်ရတာ
မရေမတွက်နိုင်အောင်ပါပဲ… ကိုယ်ကစကားပြောနေချိန်မှာ အဖိုးလုပ်တဲ့သူက
လာလာသမီးလေး… ဖိုးဖိုးဆီလာဆိုပြီးပြောတာလောက် စိတ်ဆိုးတာမရှိဘူး… ကလေးက
မိဘကို အလေးမထားတော့တဲ့အပြင် အားကိုးရာရပြီဆိုပြီး ကိုယ်ပြောထားသမျှ
သူ့စိတ်ထဲမှာ ဘာမှမကျန်တော့ပါဘူး…. သားသမီးဟာ မိဘကို အလေးထားရမယ်၊
ရိုသေရမယ်ဆိုတာ သိဖို့ အရေးကြီးပါတယ်…. နောက်ဆိုရင် အမေဆူရင်
အဖွားဆီသွားနေလိုက်မယ်ဆိုတာမျိုး ဖြစ်လာတော့မယ်လေ….
အဓိကဆိုလိုရင်းကတော့ သူတို့ကို ဆူမယ့်အစား နားလည်အောင် ရှင်းပြပေးပါ…
ဒေါသနဲ့ မပြောမိအောင် တတ်နိုင်သမျှထိန်းပါ… ၂နှစ်လောက်အရွယ်ကတည်းက
အဲဒီလိုလေ့ကျင့်ပေးထားရင် ၄-၅နှစ်ရောက်တဲ့အခါ
ကိုယ်အရမ်းသက်သာသွားပါလိမ့်မယ်… နေရိပ်လိုချင် နေပူတော့
၂နှစ်လောက်ခံလိုက်ရပါတယ်… သားကောင်းသမီးမွန်ကလေးတွေ ဖြစ်ကြပါစေနော်….
Credit: Wellness Mommy
ကလေးရှိသူများသို့  ....
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။