iMyanmarHouse.com - Best Property Website for Myanmar
×

ဝါသနာပါတဲ့ သီချင်းတွေ ဖန်တီးရင်း သီဆိုဖို့အတွက် ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ရန်ကုန်အထိ အရဲစွန့်ကာ လာခဲ့ပြီး ကြိုးစားခဲ့တဲ့ ထွန်းရတီက ပထမအခွေ အချစ်များစွာ ဒုတိယ အခွေ ချစ်ပြီးသားပါ ဆိုတဲ့ သီချင်းများနဲ့ ရန်ကုန်တင်မကပဲ နယ်ပရိသတ်တွေပါ အားတက်သရော အားပေးမှုကို ရခဲ့တာပါ။ လက်ရှိမှာလဲ နယ်ရှိုးတွေနဲ့မအားလပ်ပဲ ချစ်ပြီးသားပါ အမ်တီဗီကိုလဲ စရိုက်ဖို့အတွက်ကြိုးစားပြင်ဆင်နေပြီလို့သိရတာကြောင့် သူမရှိရာ သွားရောက်ပြီး ဂီတလှုပ်ရှားမှု အနည်းငယ်ကို မေးမြန်းကြည့်မိတဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

အခုလက်ရှိဆို ရတီ ၂၂ ရက်နေ့ လွိုင်ကော်မှာလုပ်မဲ့ ဒဂုံဘီယာရှိုးမှာ သွားဆိုဖို့ရှိတယ်။ ၂၄ ရက်နေ့က မင်္ဂလာမန္တလေးမှာ သီချင်းဆိုဖို့ရှိပါတယ်။

-ချစ်ပြီးသားပါ အခွေရဲ့ အမ်တီဗီကရော ဘယ်လိုအခြေအနေရှိလဲ။

 အခု အမ်တီဗီရိုက်ဖို့စဉ်းစားနေပြီ။ စိတ်ကူးနေပါပြီ။ နယ်မှာလက်ခံထားတဲ့ ရှိုးတွေကျဲတာနဲ့ အမ်တီဗီစရိုက်ပါမယ်။

-ချစ်ပြီးသားပါ စီဒီတုန်းက ပရိသတ်အားပေးမှု ဘယ်လိုရှိခဲ့လဲ။

စီဒီထွက်တာက အခုဆို ၃လလောက်တော့ ရှိပြီ။ ဖေ့စ်ဘုတ်မှာ ရတီပရိသတ်တွေက ဘယ်သီချင်းကြိုက်တယ်။ ဘယ်သီချင်းလေးကတော့ ဘယ်လိုဆိုပြီး လာပြောကြတဲ့ပရိသတ်တွေရှိတယ်။ အဲ့ဒီအတွက်လဲ ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။

-ပရိသတ်နဲ့အပေးအယူတည့်ခဲ့တဲ့ သီချင်းတွေကရော ဘယ်သီချင်းတွေဖြစ်မလဲ။

ချစ်ပြီးသားပါ အခွေထဲမှာဆို ချစ်သူမင်းအတွက်၊ ပျော်မယ်ဆိုမတားဘူး၊ ချစ်တတ်ဖို့လေးပဲ၊ မမေ့လိုက်ပါနဲ့၊ အဲ့ဒီသီချင်းလေးတွေကိုပြောကြတယ်။ သူတို့ကြိုက်ကြတယ်။ အပေးအယူတည့်တယ်လို့ပြောရမှာပေါ့။

-ပထမအခွေက အချစ်များစွာ ဒုတိယအခွေက ချစ်ပြီးသားပါ။ နှစ်ခွေလုံးက အချစ်တွေကြီးပဲဖြစ်နေတယ်နော်။

Title ပေးဖြစ်သွားတာကတော့ အချစ်အကြောင်းအရာတွေကြီးပဲဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ရတီက အချစ်အကြောင်းအရာလေးတွေကို ခေါင်းစဉ်ပေးရတာကြိုက်တယ်။ လွမ်းတာဆွေးတာတွေလဲ အခွေထဲမှာတော့ ပါတယ်။ ဒါပေမဲ့ အချစ်ပါတဲ့ ဟာလေးတွေက ရတီစိတ်ထဲမှာ ပိုပြီးပျော်ရွှင်စရာကောင်းတယ်လို့ခံစားရလို့ပေးဖြစ်တာပါ။

-အရင်အခွေတုန်းက တစ်ပုဒ်ဆို တစ်ပုဒ်ပရိသတ်ကြားမှာရေပန်းစားခဲ့တယ်ပေါ့။ ဒီအခွေထဲမှာရော အဲ့ဒီလိုဖြစ်ခဲ့တဲ့ သီချင်းလို့မေးလာခဲ့ရင် ဘယ်သီချင်းများဖြစ်မလဲ။

ချစ်ပြီးသားပါ အခွေထဲက သီချင်းတွေအားလုံးကို ရတီကြိုးစားထားတယ်။ ဒါပေမဲ့ ထွက်ထားတာလဲ မကြာသေးတဲ့အခါကျတော့ ဘယ်သီချင်းက လူတွေစွဲပြီးကြိုက်မလဲဆိုတာကို ရတီမရွေးတတ်ပါဘူး။ ပရိသတ်တွေပဲ ရွေးသွားမှာပေါ့။

-အရင်အခွေတုန်းက အမ်တီဗီရိုက်ထားတာလေးကို လူငယ်ပရိသတ်တော်တော်များများ သဘောကျနှစ်ခြိုက်ခဲ့ကြတယ်။ အခုအခွေအတွက်ရော ဘယ်လိုမျိုးပြင်ဆင်ပုံဖော်သွားမလဲ။

အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ။ အခုလောလောဆယ်က နယ်ရှိုးတွေလဲလက်ခံထားတယ်။ အသံသွင်းတာတွေလဲရှိတော့ အမ်တီဗီဖက်ကို စိတ်သေချာမလှည့်နိုင်သေးဘူးပေါ့။ အဲ့ဒါကိုလဲ ဒီနှစ်ထဲမှာ မှီအောင်ထွက်ဖို့အတွက်ကြိုးစားမှာပါ။

-အခွေထုတ်တဲ့ အပိုင်းနဲ့ပတ်သက်ပြီး ခိုးကူးတွေကလဲ အခုချိန်ထိရှိနေသေးတဲ့အခါကျတော့ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီး ရတီရဲ့ အမြင်ကိုလဲသိချင်ပါတယ်။

ရတီတို့အခုသီချင်းတွေလုပ်ပြီး အခွေထုတ်တယ်ဆိုတာ ငွေမြတ်ချင်လို့လုပ်တာလဲ မဟုတ်ပါဘူး။ ၀ါသနာပါလို့ပါ။ ပထမအချစ်များစွာ အခွေလေးတုန်းကလဲ ပရိသတ်အားပေးတယ်ဆိုတော့ အခုဒီဒုတိယအခွေချစ်ပြီးသားပါ အခွေထပ်လုပ်ဖို့အတွက် ခွန်အားတွေပိုပြီး ရှိလာတယ်။ အဲ့ဒါကြောင့်မို့ ရတီဒုတိယတစ်ကိုယ်တော်အခွေကို ထုတ်တာပါ။ ခိုးကူးတွေနဲ့ပတ်သက်ပြီးက တချို့ကလဲ အော်ရီဂျီနယ်က ဈေးကြီးတော့မ၀ယ်နိုင်ကြဘူး။ အဲ့ဒီတော့ခိုးကူးတွေကိုဝယ်ကြတယ်။ အဲ့ဒီတော့ ရတီတို့လဲ သူတို့တွေကို အပြစ်အများကြီးမမြင်ချင်ပါဘူး။ အဲ့ဒါကြောင့် ခိုးကူးတွေမပပျောက်သေးပေမဲ့ ရတီတို့ကတော့ ဂီတကိုဝါသနာပါတဲ့အတွက် သီချင်းတွေလုပ်ပြီး အခွေတွေထုတ်ဖြစ်နေဦးမှာပါ။

-နောက်လုပ်မဲ့အခွေထဲမှာရော အချစ်ကိုပဲ ခေါင်းစဉ်တည်ပြီး အချစ်သီချင်းပဲများမှာလား။

ချစ်ပြီးသားပါ အခွေမှာ အလွမ်းအဆွေးသီချင်းတွေများတယ်။ ဒါပေမဲ့ ရတီက Title တင်တဲ့အချိန်မှာ အချစ်နဲ့ပတ်သက်တာတွေကိုပေးရတာကြိုက်လို့အခွေထဲမှာပါတဲ့ အချစ်အကြောင်းအရာလေးတွေ ကို ရွေးပြီးပေးဖြစ်သွားတာပါ။

-သီချင်းရေးတာကိုရော ၀ါသနာပါလား။

ဝါသနာပါပါတယ်။ အများကြီးမရေးဖြစ်ပေမဲ့ ရတီအခွေထဲမှာတော့ တစ်ခွေထွက်ရင် တစ်ပုဒ်လောက်တော့ထည့်ဖြစ်တယ်။

-တူရိယာပစ္စည်းနဲ့ပတ်သက်ပြီး တီးတတ်တာမျိုးရောရှိမလား။

ဂစ်တာတော့တီးတတ်ပါတယ်။

-ဂီတပိုင်းနဲ့ပတ်သက်ပြီး လေ့လာမှုအနေနဲ့ ဘာတွေလုပ်ဖြစ်မလဲ။

လေ့လာမှုအနေနဲ့ဆိုရင် အခုထွက်တဲ့ နိုင်ငံခြားသီချင်းတွေနားထောင်တယ်။ သီချင်းကိုဘယ်လိုပုံစံဆိုတယ်။ ဘယ်လိုပုံစံရိုက်တယ်။ ဆိုတာကိုလေ့လာတယ်။ သီချင်းတွေနဲ့က အမြဲတမ်းထိတွေ့နေရတာဆိုတော့ ထွက်သမျှသီချင်းတွေနားထောင်ဖြစ်နေပါတယ်။

-နယ်ထွက်တဲ့အခါ နယ်ပရိသတ်အားပေးမှု အခြေအနေကရော ဘယ်လိုရှိလဲ။

ရတီက နယ်ထွက်တာများတယ်လေ။ နယ်ကပရိသတ်တွေကလဲအားပေးပါတယ်။ တချို့နေရာတွေဆို ရတီတို့သွားဆိုရတာတော်တော်ဝေးတယ်။ အရမ်းလဲရွာကျတဲ့နေရာတွေရှိတယ်။ ရတီဆိုသွားသာသွားရတာ ကိုယ့်ရဲ့သီချင်းတွေကိုသိမှ သိပါ့မလားဆိုပြီး စိတ်ပူရတယ်။ အဲ့ဒီမှာကျတော့ ဖုန်းလိုင်းကလဲ မိချင်မှမိတယ်။ အင်တာနက်ကလဲ ရချင်မှရတယ်ဆိုတော့လေ။ ဒါပေမဲ့ တကယ်တမ်းကိုယ်သွားဆိုတဲ့အချိန်မှာ သူတို့က အလွတ်နီးပါးအပြန်အလှန်ဆိုလို့ရလောက်တဲ့ထိ ကိုရကြတယ်။

-၂၀၁၆ ထဲမှာ ရတီရဲ့ ဂီတပိုင်းနဲ့ပတ်သက်ပြီး အမ်တီဗီအပြင် ဘာတွေထွက်ဦးမလဲ။

 ချစ်ပြီးသားပါ အမ်တီဗီအခွေလေးထွက်မယ်။ ပြီးရင် City Fm 14 နှစ်ပြည့်အခွေထဲမှာ မေ့မရတဲ့အချစ်ဆိုတဲ့ သီချင်းလေးလဲဆိုထားတယ်။ အဲ့ဒီအခွေလဲထွက်ပါမယ်။ ချစ်ပြီးသားပါ အခွေကို နားမထောင်ရသေးတဲ့ ပရိသတ်တွေလဲဝယ်ပြီး နားထောင်ပေးကြပါလို့ပြောချင်ပါတယ်။ ရတီအမ်တီဗီကိုလဲ အကောင်းဆုံးရိုက်သွားမှာပါ။

Credit  : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top