iMyanmarHouse.com - Best Property Website for Myanmar
×


အလုပ် ပင်ပန်းလို့ ကိုယ်ရော စိတ်ပါ နုံးချိနေပါ သလား။ ဒါဆို နေ့လယ်စာ စားချိန်မှာ ဖုန်းပိတ်ထား လိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မည်။  နေ့လယ်စာ စားချိန်မှာ ဖုန်းပွတ်နေသူ များသည်  လမ်းထွက် လျှောက်သူ၊ စာအုပ်ဖတ်နေ သူတို့ထက် စိတ်ပို ပင်ပန်းကာ ကိုယ်ရော စိတ်ပါ ပိုနုံးချိ ကြကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြသည်။

ဖုန်းပွတ်နေခြင်းသည် စိတ်အင်အားကို ပိုအသုံးချရသည် ဖြစ်သလို၊ ဖုန်း ကြည့်နေရ ခြင်းကြောင့် မျက်လုံးလည်း ကိုက်၊ ဇက်လည်းညောင်းကာ ကိုယ်ရော စိတ်ပါ ပင်ပန်းရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဖုန်းပွတ် ဓလေ့က ကိုယ့်ကို လိုအပ်သည်ထက် ပိုပင်ပန်း နုံးချိအောင် လုပ်တတ်ကြောင်း သိရှိကာ သတိထား ရှောင်ကြဉ် ကြဖို့ လိုသလို၊ အလုပ်ရှင်တို့ အနေဖြင့်လည်း လုပ်ငန်း ထုတ်လုပ်နိုင်စွမ်း တိုးတက်ဖို့ အတွက် နေ့လယ်စာ စားချိန်မျိုးမှာ ၀န်ထမ်းတွေ ဖုန်း အသုံးလျော့အောင် ကြံဆောင်ဖို့ လိုအပ်ကြောင်း စစ်တမ်းက အကြံပြုသည်။ စစ်တမ်းတွင် ရုံးဝန်ထမ်း (၄၂၅) ဦး ပါဝင်သည်။ ထက်ဝက်ခန့်က နေ့လယ်စာ စားချိန်မှာ ဖုန်းပွတ်ရင်း အချိန် ကုန်သည်ဟု ဆိုသည်။ ကျန်တစ်ဝက် ကမူ မိတ်ဆွေ သူငယ်ချင်းများနဲ့ စကားပြောခြင်း၊ လမ်းလျှောက် ထွက်ခြင်းဖြင့် အချိန်ကုန်သည်ဟု ဆိုကြသည်။ ထိုနှစ်စု၏ နေ့လယ်စာ မစားခင်နှင့် စားပြီးချိန် ကိုယ်စိတ် အခြေအနေကို မေးမြန်း မှတ်တမ်း တင်သည်။

ရလဒ်များ နှိုင်းယှဉ်ကြည့်သည်တွင် ဖုန်းပွတ်သမားတို့သည် အခြားနည်းဖြင့် အပန်းဖြေသူ များလောက် ကိုယ်စိတ် အပန်းပြေမှု မရှိကြောင်း တွေ့ရသည်။ အလုပ်ဆင်းချိန် ရောက်သည့် အခါတွင်လည်း ဖုန်းပွတ်သမား တို့သည် ကိုယ်စိတ်ပို၍ နုံးချိပင်ပန်းနေ ကြကြောင်း တွေ့ ရသည်။

သုတေသကို တောင်ကိုရီးယားနိုင်ငံရှိ ကိုရီးယားလူမှု အပြုအမူ ဆိုင်ရာနှင့် သုတေသန သိပ္ပံမှ သုတေသီ အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ ဖုန်းပွတ်ခြင်းသည် စိတ်စွမ်းအင်များစွာ အသုံးချရသော ကိစ္စ ဖြစ်သောကြောင့် နေ့လယ် ထမင်းစား ဆင်းချိန် နားနားနေနေနေရမည့် အချိန်မှာတောင် ဖုန်းပွတ်နေ သူတို့သည် လူပန်းစိတ်ပန်းပို ဖြစ်ရခြင်း ဖြစ်ကြောင်း သုတေသီတို့က ထောက်ပြသည်။ သတင်း တစ်ပုဒ်ကို ဖုန်းမှာ ဖတ်ခြင်းနဲ့ သတင်းစာမှာ ဖတ်ခြင်း ယှဉ်လျှင်ပင် ဖုန်းမှာ ဖတ်ခြင်းက စိတ်ခွန်အားများစွာ ကုန်ခမ်းကြောင်း သုတေသီတို့က ဆိုသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဖုန်းသည် စိတ်အာရုံကို ဆွဲဆောင်မည့် အခြားသော အကြောင်းအရာတွေ ပေါလှခြင်းကြောင့် ဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။ ထို့အပြင် ဖန်သားပြင် သေးသေးကို ငုံ့ကြည့်နေရ ခြင်းကြောင့်လည်း မျက်စိ၊ ဇက်၊ ပခုံးများ ကိုက်ခဲရသည်။

 လေ့လာမှု  စစ်တမ်းကို Computers in Human Behavior ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။ ဖိအားများသော အလုပ်တွေမှာ လုပ်နေရသူ တို့သည် နားခွင့် ရချိန်မျိုးမှာ ကိုယ်စိတ် အပန်းပြေစေမည့် နည်းများကို ဆောင်သင့်ပြီး၊ ကိုယ်စိတ်ဝန်ထုပ်ပိုပိ စေမည့် နည်းလမ်းမျိုးကို ရှောင်သင့်သည် ဟုလည်း စစ်တမ်း က အကြံပြုသည်။

Credit:Messenger
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top