iMyanmarHouse.com - Best Property Website for Myanmar
×

အိပ်ရေးမ၀သူများ၊ အလွန်အကျွံ အိပ်သူများ၏ သွေးကြောများသည် ပုံမှန်ထက် ပိုမာကြောလာ တတ်ကြောင်း လေ့လာမှု စစ်တမ်းသစ် တစ်ရပ်က ဆိုလိုက်သည်။ ထိုသို့ မာကြောလာခြင်းသည် နှလုံးရောဂါ အစဦး လက္ခဏာလည်း ဖြစ်သည်။

“ကမ္ဘာ့လူသား သုံးပုံ တစ်ပုံကနေ လေးပုံတစ်ပုံ လောက်ထိဟာ အိပ်ရေးမ၀ဘဲ ဖြစ်နေပါတယ်”ဟု စစ်တမ်း ပြုစုခဲ့သည့် တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ ဆန်ကျန်ခွမ် ဆေးတက္ကသိုလ်မှ ဒေါက်တာ ချန်ဝန်ကင်မ်က ပြောသည်။

“နှလုံးရောဂါမရှိဘဲ လုံးဝကျန်းမာတဲ့ လူတွေမှာရော အိပ်ရေးမ၀ခြင်းကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုးလာသလား သိရအောင် အခုလေ့လာမှုကို လုပ်ခဲ့တာ ဖြစ်ပါတယ်”ဟု ဒေါက်တာ ကင်မ်က ပြောသည်။

လေ့လာမှုစစ်တမ်းတွင် ပျမ်းမျှ အသက်(၄၂)နှစ်အထက် အမျိုးသား၊ အမျိုးသမီး(၄၇၀၀၀) ပါဝင်သည်။ ထိုသူများ၏ အိပ်စက်မှုပုံစံ ပေါ်လွင်စေမည့် မေးခွန်းများ မေးမြန်းသလို၊ နှလုံးနားတစ်ဝိုက် သွေးကြောများတွင် ကယ်လ်ဆီယံနှင့် အခြားသော ဓာတ်ပစ္စည်းများ အနည်ထိုင်နှုန်းကိုလည်း တိုင်းလာသည်။ သွေးကြောများ မာကြော တောင့်တင်းနှုန်းကိုလည်း မှတ်တမ်းတင်သည်။

တစ်ညကို ပျမ်းမျှငါးနာရီအောက်သာ အိပ်ရသူများကို အိပ်ချိန်တိုသူများဟု သတ်မှတ်သည်။ ကိုးနာရီနှင့် အထက် အိပ်သူများကို အိပ်ချိန်ပိုသူများဟု သတ်မှတ်သည်။ တစ်ည ခုနစ်နာရီဝန်းကျင် အိပ်သူများကို အိပ်ချိန် ပုံမှန်သမားများဟု သတ်မှတ်သည်။

အိပ်ချိန်တိုသူများသည် ပုံမှန်သမားများထက် သွေးကြောထဲတွင် ကယ်လ်ဆီယံ အနည်ထိုင်နှုန်း (၅၀) ရာခိုင်နှုန်း ပိုများနေကြောင်း တွေ့ရသည်။ အိပ်ချိန်ပိုသူများကား ပုံမှန်သမားများထက် ကယ်လ်ဆီယံ အနည်(၇၀)ရာခိုင်နှုန်းထိ ပိုများကြောင်း တွေ့ရသည်။

“သွေးကြောတွေထဲ ကယ်လ်ဆီယံ အနည်ထိုင်တာများလေ သွေးကြောတွေဟာ မာကြောပိတ်ခဲပြီး နှလုံးရောဂါဖြစ်ဖို့ နီးစပ်လာလေပါပဲ”ဟု ဒေါက်တာ ကင်မ်က ပြောသည်။

 

Credit:The Messenger


 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top