iMyanmarHouse.com - Best Property Website for Myanmar
×

“ဘယ်သူကယ်နိုင်မလဲ၊ အသည်းကွဲတဲ့ ရောဂါ လွယ်လွယ်နဲ့လည်း မပျောက်ပါ” ဆိုတဲ့ သီချင်းလေး ကြားဖူးမှာပေါ့။ ဟုတ်ပါတယ် အသည်းကွဲတဲ့ ရောဂါဟာ ကုရခက်ပါတယ်၊ ဘယ်သူမှလည်း တကယ် ဝင်မကယ် နိုင်ပါဘူး။ ကိုယ့်ဘာသာပဲ ပြန်ကယ်ရမှာပါ။ ကဲ! အဲဒီတော့ အသည်းကွဲတာကို ဘယ်လို ကုမလဲ၊ ဘယ်လို ကျော်ဖြတ်ရမလဲ၊ ဘယ်လို မြန်မြန် သက်သာ အောင် လုပ်မလဲ ဆိုတဲ့ နည်းလမ်းတွေကို ပြောပြ ချင် ပါတယ်။

(၁) ကိုယ်တစ်ယောက်တည်းလို့ မတွေးပါနဲ့။

သုတေသနပြုမှုတွေ အရ အရွယ်ရောက်ပြီးသား လူ ၁၀၀မှာ ၉၅ရာခိုင်နှုန်းက အသည်းကွဲဖူးပါတယ်တဲ့၊ ဘယ်သူမှ မရှောင်လွဲနိုင်ကြဘူးဆိုတဲ့ သဘောပေါ့။ ဘယ်လောက်ချောချောလှလှ၊ ပိုက်ဆံဘယ်လောက်ရှိရှိ အချစ်နဲ့ ပက်သက်ရင်တော့ ရှုံးနိမ့်ဖူးကြပါတယ်။ Selena Gomez လည်း အသည်းကွဲဖူးပါတယ်၊ Calvin Harris လည်း အသည်းကွဲဖူးပါတယ်။ အဲဒီတော့ ကိုယ်တစ်ယောက်တည်းလို့ ထင်ပြီး ဖြေမဆည် ဖြစ်မနေပါနဲ့တော့။

(၂) အရှိအတိုင်းလက်ခံလိုက်ပါ

သူငါ့ကို ချစ်သေးတယ်တို့၊ အခြေအနေအရ ထားခဲ့ရတာ ဖြစ်မှာတို့ ဖြေတွေးတွေးမနေပါနဲ့။ အရင်ဆုံး လုပ်ရမှာက သူ ငါ့ကို တကယ်ထားသွားပြီ၊ သူငါ့ကို မချစ်တော့ဘူး စတဲ့ အရှိတရားကို ကိုယ့်ကိုယ်ကို လက်ခံနိုင်အောင် အရင်လုပ်ပါ။ အဲဒီလို လက်ခံ လိုက်တာနဲ့ အသည်းကွဲခြင်းက လွတ်မြောက်ဖို့ ၅၀ % အောင်မြင်သွားပါပြီ။ ဒီလို လက်ခံခိုင်းရတာ ခက်ပေမယ့် ကျွန်တော်ပြောတာကို ယုံကြည်ပါ၊ အသည်းကွဲတာ အမြန်လွတ်ချင်တယ် မဟုတ်လား။

(၃) ကိုယ့်ကို မချစ်တော့တဲ့ သူကို လိုက်မနှောက်ယှက်ပါနဲ့။

ဒါလည်း အပြောသာလွယ်တာ လိုက်နာရ တော်တော် ခက်ပါတယ်။ ဒီလို လိုက်မနှောက်ယှက် ခိုင်းတာဟာ ဟိုဘက်က လူထက် ကိုယ့်ကိုယ်ကို ပိုကြည့်ခိုင်းတာပါ။ သူ့ကို နှောက်ယှက် နေလို့ သူ့ဆီက အမုန်းတွေ၊ ဥပေက္ခာတွေ ရရင် ပိုနာကျင်ရမယ်မလား။ ပြီးတော့ ဒီလို လုပ်ခြင်းအားဖြင့် သူနဲ့ ကိုယ်ပိုဝေး သွားစေပါတယ်။ တစ်ချို့လူတွေက ရည်ရွယ်လို့ မဟုတ်၊ မူးလာရင် ဖုန်းဆက်တတ်တာမျိုး ဆို မမူးခင် ဖုန်းကို တစ်ယောက် ယောက်ကို သိမ်းခိုင်းထားတာမျိုး လုပ်ပါ။

(၄) အရွဲ့မတိုက်ပါနဲ့။

ကလေးအတွေးနဲ့ အရွဲ့မတိုက်ပါနဲ့။ အရွဲ့တိုက်ရင် ကိုယ်ပဲ နစ်နာမှာပါ။ ချစ်လျှင် အကျိုး၊ မြတ်နိုးတော့ သဒ္ဓါပါ။ မချစ်တော့တဲ့ နောက်မှာတော့ ကိုယ် ဘာလုပ်လုပ် အမြင်ကပ်စရာကြီးပဲ ဖြစ်နေမှာပါ။ သတ်သေလိုက်မယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်တာတို့ ဘာတို့ဟာ ရုပ်ရှင်ထဲမှာပဲ ကောင်းတာပါ။ အပြင်မှာတော့ နင့်ဘာသာနင် သေရင်သေ၊ ငါ့လာ အမှုမပတ်နဲ့လို့ ပြောခံရဖို့ များပါတယ်။

(၅) မျိုသိပ်မထားပါနဲ့။

အသည်းကွဲချိန် အုံ့ပုန်းသမားတွေဟာ ပွင့်ပွင့်လင်းလင်း နေတတ်တဲ့သူတွေထက် အသည်းကွဲချိန် ပိုတာရှည်တတ် ပါတယ်။ ငိုချင် ငိုချလိုက်ပါ။ မငိုချင်တောင် သတိရစရာတွေ ပြန်တွေးပြီး ငိုပါ။ ဘယ်အရာမဆို Limit ရှိပါတယ်။ ငိုရပါများရင် နောက်ငိုပါဆိုတာတောင် မျက်ရည်မထွက်တော့ပါဘူး။ သူငယ်ချင်းတွေကို ရင်ဖွင့်ပါ။ ဟန်ဆောင်မနေပါနဲ့။ အနာရှိရက် မရှိယောင်ဆောင်တာ အနာဖြစ်ချိန် ပိုကြာသလိုမျိုးပါပဲ။

(၆) ရှောင်မနေပါနဲ့။

အရာရာကို ရှောင်မနေပါနဲ့။ အသည်းကွဲနေချိန် သူ့ရဲ့ ရှိသမျှ ဖုန်းနံပါတ်တွေ၊ ဓာတ်ပုံတွေ ဖုန်းထဲက ဖျက်ပစ် လုပ်တာ မကောင်းဘူး မဟုတ်၊ ကောင်းပါတယ်။ ဒါပေမယ့် ပြင်ပလောကကြီးမှာတော့ ပြန်တွေ့နိုင်တယ် ဆိုတဲ့ သဘောတရားကို မေ့မထားပါနဲ့။ ပြီးတော့ အရာဝတ္ထုတွေသာ ဖျက်ဆီးလို့ ရရင် ရမယ်၊ အမှတ်တရတွေ၊ မှတ်ဥာဏ်တွေက ဖျက်ဆီးလို့ မရပါဘူး။ သူမရှိခဲ့သယောင် ဟန်ဆောင်နေခဲ့တဲ့ ကမ္ဘာဟာ တကယ်တော့ ခဏအနေနဲ့ပဲ ကောင်းတာပါ။ အကောင်းဆုံးကတော့ အရင်က သူရှိခဲ့တယ်၊ အခုတော့ သူထွက်သွားပြီ၊ မရှိတော့ဘူးဆိုတာ လက်ခံလိုက်ခြင်း ပါပဲ။

(၇) အလျင်အမြန် အစားထိုးရည်းစားမထားပါနဲ့။

ကိုယ်အသည်းကွဲနေတုန်းက ဘယ်လို ခံစားရတာ ကိုယ်ပဲ သိပါတယ်။ ဒီလိုမျိုး ဒုက္ခကို သူများကို လက်ဆင့်မကမ်းလိုက်ပါနဲ့။ ပြီးတော့ အစားထိုးခြင်းဟာ ကိုယ့်အသည်းကွဲခြင်းကို ခဏတာ သက်သာရင် သက်သာစေပါလိမ့်မယ်၊ ဒါမယ့် ကိုယ်တကယ်ချစ်တဲ့ သူမဟုတ်မှန်း သိလာတဲ့ အခါ ဒုက္ခပိုတာပဲ အဖတ်တင်စေပါတယ်။ မချစ်မနှစ်သက်သူနဲ့ အတူ နေရခြင်း ဟာလည်း လောကဓံရှစ်ပါးမှာ တစ်ပါး အပါအဝင်မို့ပါ။

(၈) အလုပ်ကို ပိုအာရုံစိုက်ပါ။

ဒါလည်း တော်တော်မလွယ်ပါဘူး။ ကိုယ့်ဘာသာကိုယ် တငိုငို တရီရီဖြစ်နေရတဲ့အထဲ ဘယ်လို အာရုံ စိုက်ရမလဲပေါ့။ ခက်ပါတယ်၊ ဒါပေမယ့် လုပ်ကြည့်ပါဦး။ ယားလို့ ကုတ်ချိန်တောင် မရှိတဲ့ အထိ၊ အလုပ်များများ လုပ်ပါ၊ OT တွေ ဆင်းပါ။ အဲဒီလောက် လုပ်ရတဲ့ အလုပ်မဟုတ်ဘူးဆိုရင်လည်း Volunteer ဝင်လုပ်တာတို့ ၊ ပရဟိတလုပ်တာတို့နဲ့ ကိုယ့်ဘာသာ ကိုယ် အလုပ်များနေပါစေ။ အလုပ်တွေ ပြီးသွားမှ ပြန် Feel ပါ။ ခြေကုန်လက်ပမ်းကျနေလို့ Feel တောင် မ Feel နိုင်ဘူး ဖြစ်သွားမယ်။

(၉) တစ်ခုခုသင်ယူပါ၊ ခရီးထွက်ပါ၊ သူငယ်ချင်းတွေနဲ့ နေပါ၊ ကိုယ့်ကိုယ်ကို လှအောင်နေပါ။

ဒါကတော့ တခြားလူတွေ အကြံပေးသလိုပါပဲ။ RS တစ်ခုမှာ မြှုပ်နှံထားရတဲ့ အချိန်တွေ ရှိပါတယ်။ စော်နဲ့၊ ဘဲနဲ့ ပြတ်သွားပြီဆိုတာနဲ့ အချိန်တွေ ပိုထွက်လာတာ အမှန်ပါ။ အဲဒီ အချိန်တွေဟာ ကိုယ့်တန်ဖိုး ကိုယ်မြှင့်တဲ့ အချိန်တွေ အဖြစ်သုံးပါ။ ဝါသနာပါရာ တစ်ခုခုကို သင်ယူပါ၊ ခရီးတွေ ထွက်ပြီး ကမ္ဘာလောကကြီးရဲ့ တံခါးတွေကို ဆွဲဖွင့်ပါ၊ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ၊ ရည်းစားနဲ့ ပြတ်ရင် အချိန်တင် မဟုတ် ၊ ပိုက်ဆံလည်း ပိုထွက်လာတတ်ပါတယ် ၊ ပိုထွက်လာတဲ့ ပိုက်ဆံနဲ့ ကိုယ့်ကိုယ်ကို အဝတ်အစားတွေ ဝယ်ပေးပါ၊ လှအောင် နေပါ။ ဒါပေမယ့် ကိုယ်ပြင်ဆင်နေတာ ဘယ်သူ့အတွက် ရယ်လို့ မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်သာ ဖြစ်ပါစေ။

ဒီအဆင့်ထိ လုပ်ပြီးပြီဆိုရင်တော့ အသည်းကွဲခြင်း ကနေ မြန်မြန်သက်သာပျောက်ကင်းဖို့ ၇၀ % သေချာ နေပါပြီ။ ကျန်တဲ့ ၃၀ % ရာနှုန်းကတော့ Time Will Heal ဆိုတဲ့ အတိုင်း အချိန်က ကုစားသွားပေးမှာပါလို့ ပြောရင်း ကွဲနေတဲ့ အသည်းလေးတွေ မြန်မြန် ပြန်ဆက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

Credit: ရိုးလူ (အခရာ)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top