iMyanmarHouse.com - Best Property Website for Myanmar
×


မှန်ကြည့်လိုက်ပါ။ မှန်ထဲမှ မြင်နေရသော ကိုယ့်မျက်လုံး ထဲကို သေသေချာချာ စိုက်ကြည့်ပါ။ မျက်လုံး အလယ်တည့်တည့် မျက်နက်ဝန်း၏ ဘေး မှာ ၀ိုင်းနေသော မျက်ကြည်လွှာသည် ကြည်မနေဘဲ ဖြူတူတူ၊ ညိုတိုတို၊ ၀ါကျင့်ကျင့် နဲ့ နောက်ကျိကျိ ဖြစ်နေပါ သလား။ မျက်ခွံနှစ်ဖက်ပေါ် မှာရော ၀ါကျင့်ကျင့် အစက် အပြောက်လေးတွေ ပေါ်နေပါ သလား။ ထိုသို့ တွေ့ရပါက အောက်ကို ဆက်ဖတ်ပါ။

ဘာကို ရည်ညွှန်း သနည်း။

ကိုလက်စထရောများ ခြင်းသည် လေဖြတ်ခြင်းနှင့် နှလုံးဖောက်ပြန်ခြင်းကို ဖြစ်စေသော အဓိက လက်သည် ဖြစ်သည်။ အကြောင်းမှာ ကိုလက်စထရောများ ပါက သွေးကြောများ အတွင်း အဆီခဲများ စုပုံလာ သဖြင့် သွေးကြောကျဉ်း သွေးကြောပိတ် ပြဿနာများ ဖြစ်ပွားကာ နှလုံး အလုပ် လုပ်မှုကို အနှောင့်အယှက် ပေးသည်။ သွေးကြောများ အတွင်း သွေးလည်ပတ်မှု ပုံမမှန်ခြင်းကြောင့် ဦးနှောက်သို့ သွေးရောက်မှု ပုံမမှန် ဖြစ်ခြင်းကာ လေဖြတ်ခြင်း ဖြစ်သည်။ ကိုလက်စထရော များခြင်းက နှလုံး ပတ်လည်က သွေးကြောတွေလောက် ကိုသာ အဓိက သက်ရောက်မှု ရှိသည် မဟုတ်။ ကိုလက်စထရောက တစ်ကိုယ်လုံးက သွေးကြောများ ထိပါ အဆီခဲများ စုပြုံသွားအောင် လုပ်နိုင်စွမ်းရှိသည်။ မျက်လုံးထဲက ဆံခြည်မျှင် သွေးကြောလေး များသည် ကိုလက်စထရော သက်ရောက်မှုကို ကောင်းစွာပြနိုင်သော ပြတင်းပေါက်လေးများဟု ဆိုလျှင်မမှား။

ဘာကို ရှာကြည့် ရမည်နည်း။

ကိုလက်စထရော စစ်ကြည့်သင့်ပြီလို့ ဆုံးဖြတ် ချက်ချနိုင်သည့် အချက်နှစ်ချက် ရှိသည်။ ပထမ တစ်ချက်မှာ မျက်လုံး အလယ် တည့်တည့် မျက်နက်ဝန်း ဘေးပတ်လည်က မျက်ကြည်လွှာ အ၀န်းအ၀ိုင်းတွင် ဖြူတူတူ၊ ညိုတိုတို၊ ၀ါကျင့်ကျင့် နဲ့ နောက်ကျိကျိ ဖြစ်နေပြီ ဆိုလျှင် ကိုလက်စထရော စစ်ကြည့်သင့်ပြီ။ အထူးသဖြင့် အသက် (၄၀) အောက် လူများတွင် ထိုသို့ ဖြစ်ခြင်းသည် ကိုလက်စထရောများ ခြင်း၏ လက္ခဏာ ဖြစ်သည်။ ထိုနည်းဖြင့် နှလုံးဖောက်ပြန် နိုင်ခြေများ နေပြီဆိုတာ မျက်လုံးက ပြောပြနိုင်သည်။ ဒါဆို ကိုလက်စထရော စစ်ကြည့်ပြီး လိုအပ်သည်များ ဆရာဝန်နှင့် တိုင်ပင်သင့် သည်။ (၄၀)ကျော်ပိုင်း များတွင်ကား ကိုလက်စထရော မများဘဲနှင့်ပင် မျက်ကြည်လွှာ အ၀န်းအ၀ိုင်းသည် နောက်ကျိလာခြင်း ဖြစ်တတ်သည်။ ထိုကိစ္စ ကား ဇရာကြောင့်ဖြစ်ခြင်း ဖြစ်သည်။

ဒုတိယ တစ်ချက်ကား မျက်ခွံလွှာပေါ် တွင် ၀ါကျင့်ကျင့် အစက် အပြောက်လေးတွေ ပေါ်နေခြင်း ဖြစ်သည်။ ထိုသို့ ပေါ်နေခြင်းသည် အရေပြား အောက်မှာပါ ကိုလက်စထရောများ အနည်ထိုင်လာခြင်း လက္ခဏာ ဖြစ်သည်။ ထို ၀ါကျင့်ကျင့် အစက်အပြောက်လေးများ ကိုယ်တိုင်သည်ကား နာလည်း မနာ၊ လူကိုလည်း မည်သို့မျှ ဒုက္ခမပေးနိုင်။ သို့သော် သူတို့သည် ခန္ဓာကိုယ်တွင်း ကိုလက်စထရောများကာ နှလုံးဒုက္ခရောက်တော့မည် ဆိုတာ လူကို သတိပေး သော သံတမန်လေးများဟု ဆိုလျှင် မမှား။ မျက်ခွံမှာ ထိုသို့ တွေ့ပြီဆိုလျှင် ကိုလက်စထရော သွားစစ်ကြည့်သင့်ပြီ။

သွားစစ်ကြည့် ပြီးနောက် ကိုလက်စထရောများ နေကြောင်း တွေ့ရလျှင်လည်း စိတ်မပျက်ပါနဲ့။ ကမ္ဘာ့ လူသား သုံးပုံတစ်ပုံသည် ကိုလက်စထရော များနေသည်ဟု ဆေးသိပ္ပံ လေ့လာမှု တစ်ရပ်က ဆိုထားသည်။ ကိုယ်တစ်ယောက်တည်း မဟုတ်သောကြောင့် အားငယ်ရန် မရှိ။ သို့သော် ကိုယ့်ကိုယ် ကိုယ်တော့ ဂရုစိုက်ပါ။ ကိုလက်စထရော လျှော့ချဖို့ အကောင်းဆုံး နည်းကား ကျန်းမာစေသော အစားအစာများ စားပါ။ အထူးသဖြင့် ဟင်းသီးဟင်းရွက် နှင့် အသီးအနှံ ပိုစားပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။ မဖြတ်နိုင်သေးလျှင် လျှော့ပါ။ လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေပါ။ ၀လွန်းသူဖြစ်ပါက ၀ိတ်ကျ အောင် ကြိုးစားပါ။ ကျွမ်းကျင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ကိုလက်စထရောသည် အန္တရာယ် ဖြစ်လောက်အောင် များနေသည်ဟု ဆရာဝန်က သုံးသပ်ပါက လိုအပ်သော ဆေးဝါးများကိုပါ မှီဝဲပါ။

Credit: Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top