iMyanmarHouse.com - Best Property Website for Myanmar
×










အပြေးစက်ပေါ်မှာ ပြေးနေခြင်းကိုမှ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်သည်ဟု မဆိုလို။ နေ့စဉ်ဘ၀ လှုပ်ရှားမှု လေးများကို နည်းနည်း လောက် ဉာဏ်ကူပြီး အားစိုက် လိုက်လျှင်လည်း တသီးတသန့် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်သလောက် နီးပါး အကျိုးရနိုင်သည်ကို သတိရပါ။ တစ်နေ့တာ ဘ၀ လှုပ်ရင်းရှားရင်း လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်အောင်ဘယ်လို နေထိုင်မလဲ အောက်မှာ အကြံပြု တင်ပြပါမည်။

၁။ တံမြက်စည်း အားကိုးပါ။

                တံမြက်စည်း တစ်ချောင်း ကိုင်ကာ ဖုန်သုတ်၊ ကြမ်းတိုက်၊ ပြတင်းပေါက်ဆေး စသည့် ဗာဟီရ အိမ်အလုပ်များ လုပ်ခြင်းသည် ကျန်းမာရေး လေ့ကျင့် စင်တာ တစ်နာရီလောက် သွားခြင်းလောက် ထပ်တူနီးပါး ကိုယ်စိတ် လန်းဆန်း တက်ကြွ စေနိုင်ကြောင်း စကော့တလန် နိုင်ငံတွင် ပြုလုပ် ထားသော လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုသည်။ ကိုယ့်ဘက်က ဉာဏ်လေး သုံးပြီး နည်းနည်းလောက် အားစိုက် ဖို့တော့ လိုမည်။ အိမ် သန့်ရှင်းရေး လုပ်စဉ် တတ်နိုင်သမျှ လမ်းများများ လျှောက်ဖြစ်အောင်၊ အလေး အပင်လေး မဖြစ်အောင်၊ ခန္ဓာကိုယ်ကို ကွေးချည် ဆန့်ချည် လုပ်ဖြစ်အောင်လည်း ဂရုပြုရမည်။ လှုပ်ရှားမှု တိုင်းမှာ လေ့ကျင့်ခန်း သဘော ပါပါစေ။ ဥပမာ စာအုပ်စင် အပေါ်ဆုံးထပ်ကို ဖုန်သုတ်မည် ဆိုပါက လူပါ ခြေဖျားထောက်ပြီး တစ်ကိုယ်လုံး ဆန့်ကာ လှည်းကျင်းခြင်းမျိုး လုပ်ရမည်။

၂။ ရီမုတ် ကွန်ထရိုးကို မေ့ထား။

                အလုပ် တစ်ခုကို လူမလှုပ်ဘဲ လုပ်လည်း ပြီးနိုင်သည်၊ လူလှုပ်ပြီး လုပ်လည်း ရသည် ဆိုပါစို့။ ဒါဆို တတ်နိုင်သမျှ လူလှုပ်ပြီး လုပ်ရတာ ကိုသာ ရွေးပါ။ ထိုနည်းဖြင့် နေရင်း ထိုင်ရင်း လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်သွားမည်။ ဥပမာအားဖြင့် တီဗီ အဖွင့်အပိတ် အသံ အတိုးအကျယ်ကို ရီမုတ် ကွန်ထရိုး သုံးပြီး ထိုင်ရာမထ လုပ်လည်း ရသည်။

              သို့သော် စာဖတ်သူ အနေဖြင့် တတ်နိုင်မျှ တီဗီဆီ ထသွားကာ အဖွင့်အပိတ် အသံ အတိုး အကျယ်မှ အစ သွားလုပ်ပေးပါ။ ထိုသို့ ထသွားပြီး လုပ်တာမျိုး တစ်နေ့ ဆယ်ကြိမ်လောက် လုပ်ပါက တစ်နှစ်နေလျှင် စွမ်းအင် ကီလိုဂျိုး (၁၅၀၀၀) လောက်ထိ လောင်ကျွမ်းအောင် လုပ်လိုက်ရာ ရောက်သည်။ ထိုပမာဏသည် ခန္ဓာကိုယ်တွင်း အဆီဓာတ် ကီလိုဝက်ခန့်ကို လျှော့ပစ်လိုက်ခြင်းနှင့် ညီမျှသည်။

၃။ ဟိုလုပ် ဒီလုပ် တလှုပ်လှုပ်

                ထိုင်ချည်း မနေပါနဲ့။ ဥပမာ ထိုင်ပြီး ရေဒီယို နားထောင်နေမည့် အစား ထလျှောက် တံမြက်စည်း လှည်းရင်း ရေဒီယို နားထောင်ပါ။ အလားတူပင် မတ်တပ်ရပ်ပြီး မီးပူတိုက်ပါ (မတ်တပ် မီးပူတိုက်စင် လိုမည်)။ ဖုန်းပြောရင် လမ်းလျှောက်ပြီး ပြောပါ။

                အထက်ပါ အကြံပြု ချက်လေးများကို မစ်ဆူရီ တက္ကသိုလ် မှ ပညာရှင်များ၏ တွေ့ရှိချက် ကလည်း ထောက်ခံနေသည်။ ထိုင်ပါ များသည့် အခါ ခန္ဓာကိုယ်က အဆီဓာတ်ကို ချေဖျက်နိုင်နှုန်း သိသိ သာသာ ကျသွားကြောင်း သုတေသနပြု တွေ့ရှိခဲ့ရသည်။

၎။ ကျန်းမာချင်ရင် လိုင်းကားစီး။

                ကားပိုင်သူ ဆိုပါက  အိမ်မှာ ကားကို ထားခဲ့ပါဟု အကြံ ပြုလိုသည်။ အလုပ် တက်ရက်မှာ လိုအပ်ချက် အရ ကိုယ်ပိုင်ကားနဲ့ သွားခြင်းကို ထောက်ခံပါသည်။ အားလပ်ရက် ရှောပင်း ထွက်တာမျိုးကိုတော့ လိုင်းကားနဲ့ သွားပါဟု အကြံပြုလိုသည်။

               လန်ဒန်မြို့ရှိ  Imperial College London က ပြုလုပ် ထားသော စစ်တမ်း တစ်ရပ်ကလည်း  လိုင်းကားစီးသူများ  လမ်းများများ ပိုလျှောက် ဖြစ်ကြောင်း တင်ပြ ထားသည်။ အိမ်ကနေ ကားဂိတ်ကို လမ်းလျှောက် ရသည်။ သွားလိုသည့် နေရာနှင့် အနီးဆုံး မှတ်တိုင်မှာ ဆင်းရသဖြင့်လည်း ထိုမှတ်တိုင်က နေသွား လိုသည့် နေရာကို ဆက်လျှောက် ရပြန်သည်။ အပြန်တွင်လည်း ထိုနည်း လည်းကောင်း။ ထို့အပြင် ရှောပင်း ထွက်ရင်း အိတ်များ အထုပ်များ  သယ်ရခြင်း ကြောင့်လည်း ၀ိတ်မ လေ့ကျင့်ခန်းပါ လုပ်ပြီးသွား ဖြစ်သွားမည်။

၅။ အသက် ရှည်ချင် အပင်စိုက်။

                  တစ်ပိုင် တစ်နိုင်  ဥယျာဉ်ခြံလေး စိုက်ပျိုးခြင်းသည် နေရင်းထိုင်ရင်း လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်စေမည့် အကောင်းဆုံး နည်း တစ်နည်း ဖြစ်ကြောင်း ကန်းဆတ် တက္ကသိုလ် သုတေသန တစ်ရပ်က ဖော်ပြသည်။ နွယ်ပင်တွေ လှမ်းဆွဲရတာ၊ ကိုင်း မြင့်ကြီးတွေ လှမ်းခုတ်ရတာ၊ ပန်းရိုင်း မြက်ရိုင်းတွေကို ကုန်းလိုက် ကွလိုက် ထိုင်လိုက် ထလိုက်နဲ့ ရှင်းလင်း ရတာ၊ ပေါက်တူးပေါက်၊ သစ်ရွက် လှည်းရတာ များသည် ခန္ဓာကိုယ်ကို အေရိုးဗစ် စတိုင် အမျိုးမျိုး လေ့ကျင့် ပေးနေရာရောက်သည်။ မိမိက ဉာဏ်လေးကူ အားလေး စိုက်ပြီး လေ့ကျင့်ခန်း သဘောမျိုး ရောက်သွားအောင် လုပ်နိုင်လျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ပိုအကျိုးရှိသည်။ ရေပုံးတွေ ဆွဲကာ အပင်များ ရေလောင်းရခြင်း၊ ပန်းအိုးတွေ မြေဆွေး အိတ်တွေ မခြင်းဖြင့်လည်း ၀ိတ်မ လေ့ကျင့်ခန်း  လုပ်ပြီးသား ဖြစ်သွားသည်။ ဥယျာဉ် အလုပ် တစ်နာရီလောက် လုပ်လိုက်လျှင်ပင် စွမ်းအင် (၃၀၀၀) ကီလို ဂျိုးလောက်ကို လောင်ကျွမ်း ပစ်လိုက်နိုင်သည်။

၆။ တက်ကြွပါစေ။

                ယေဘုယျ အားဖြင့်  တက်ကြွ သူများသည် ပိန်ကြပြီး လေးကန် သူများက ကိုယ် အလေးချိန် ပိုများကြသည်ကို တွေ့နိုင်သည်။ သို့ဖြစ်သောကြောင့် ငြိမ်ငြိမ်ကြီး ထိုင်နေရမည့် အခြေအနေ မျိုးမှာပင် ခြေထောက် များကို လှုပ်ရှား ပေးနေခြင်း၊ ထိုင်ခုံ ကနေ မကြာ မကြာ ထပြီး ထိုင်လိုက် ထလိုက် လုပ်ပေးခြင်း၊ ခြေဖ၀ါးနဲ့ ကြမ်းကို ပုတ်ကာ စည်းချက်လိုက် နေခြင်း၊ စားပွဲပေါ်မှာ လက်နဲ့ ခေါက်ကာ သံစဉ် တီးနေခြင်း များသည်လည်း ထိုင်နေရင်း လေ့ကျင့်ခန်း လုပ်ဖြစ်စေမည့် အပြုအမူလေးများ ဖြစ်သည်။

၇။ ချက်မယ် ပြုတ်မယ်။

                အခွံနွှာ၊ ခုတ်ထစ်၊ ရောမွှေ၊ သမ၊ ထုရိုက် စသည့် ချက်ပြုတ်ရာတွင် သုံးရသော ကိုယ်နေဟန်ထား များသည်လည်း ချက်ပြုတ်ရင်း အေရိုးဗစ် လုပ်ပြီးသား ဖြစ်သွားစေမည့် အပြုအမူလေးများ ဖြစ်သည်။

              အသင့်စား အစားအစာများ၊ ဆိုင်မှာ မှာစားတာ များထက် ကိုယ်တိုင် ချက်ပြုတ် စားသောက်ခြင်းသည် ကုန်ကျစရိတ်လည်း သက်သာသလို၊ ကျန်းမာရေး အတွက် လည်း ပိုကောင်း ပြီး ကိုယ်လက် လှုပ်ရှားမှုကိုပါ အားပေးနိုင်သည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top