iMyanmarHouse.com - Best Property Website for Myanmar
×













ကလေးရခါစ မိဘတွေအနေနဲ့ ကလေး ငိုခြင်းကို မလွဲမသွေရင်ဆိုင်ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ကလေးငိုတာဟာ စိတ်ညစ်စရာ ပြဿနာတစ်ရပ် မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ငိုတယ် ဆိုတာဟာ ကလေးရဲ့ ဆက်သွယ်မှု နည်းလမ်း တစ်ရပ်ဖြစ်တာကြောင့်ပါ။ မွေးကင်းစ ကလေးငယ်ငယ်လေးတွေ ငိုတယ်ဆိုတာက သူဟာ တစ်စုံတစ်ရာကို လိုအပ်တယ် ဒါမှမဟုတ် လိုချင်တယ်ဆိုတာ သင်သိစေဖို့ အတွက်ပါ။


ကလေးငိုရသောအကြောင်းရင်းများ
ကလေးတွေဟာ အကြောင်းရင်းပေါင်းမြောက်မြားစွာကြောင့် ငိုတတ်ပါတယ်။ နို့စို့အရွယ် သင့်ကလေးငိုတဲ့အခါ ပထမဆုံး သင်လုပ်ရမယ့် အလုပ်က ကလေးကို နို့တိုက်တာပါ။ ကလေးကို နို့တိုက်ကြည့်တဲ့အခါ ကလေးဟာ နို့စို့ချင်လို့ငိုတာဟုတ်လား၊ မဟုတ်လား ဆိုတာကို သင်သိနိုင်ပြီး နောက်ပိုင်းမှာ ကလေးကဗိုက်ဆာလို့ငိုတာလား၊ သက်သောင့် သက်သာမရှိလို့ငိုတာလား၊ ဂရုစိုက်တာ ခံချင်လို့ငိုတာလားဆိုတာတွေကို တဖြည်းဖြည်း သင်ခွဲခြားနားလည်လာပါလိမ့်မယ်။

 ကလေးတွေဟာ တစ်ခါတစ်ရံမှာ ချီပိုးတာခံချင်လို့ ငိုတတ်ကြပါတယ်။ တစ်ခါ တစ်ရံမှာ အနှီး ဒါမှမဟုတ် ဘောင်းဘီမှာ သေးစိုနေတဲ့အတွက် ခြောက်သွေ့သန့်ရှင်းတဲ့ အဝတ်ကို လိုအပ်တဲ့အခါမှာ ငိုတတ်ကြပါတယ်။ တစ်ခါတစ်ရံ မှာတော့ ပင်ပန်းနွမ်းနယ်တဲ့အခါ ဒါမှမဟုတ် ပျင်းရိငြီးငွေ့တဲ့အခါမှာ ငိုတတ်ကြပါတယ်။ သင်နဲ့ သင့်ကလေးဟာ တစ်ယောက်ကိုတစ်ယောက် ပိုသိလာတဲ့အခါ သင်ဟာ ကလေးငိုတဲ့ ပုံစံမတူကွဲပြားမှုကို နားလည်လာပြီး ကလေးလိုအပ်တာကို ပေးနိုင် လာပါလိမ့်မယ်။


ကလေးကို ဂရုစိုက်ပါ
သင့်ကလေး ငိုတဲ့အခါ သူ့ကို ဂရုစိုက်တာဟာ ကလေးကို အကျင့်ဖျက်တာ မဟုတ်ပါဘူး။ သင့်ကလေးဟာ သူ့ကို သင်က ချစ်တယ်ဆိုတာနဲ့ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာကို ခံစားရစေနိုင်အောင် ကူညီပေးတာပါ။ သင့်ကလေးကို တတ်နိုင်သမျှ မကြာခဏ ပြုံးပြပါ။ ထိတွေ့ပါ။ စကားပြောပါ။ ကလေးကို နို့တိုက်တဲ့အခါ၊ အနှီးလဲပေးတဲ့အခါနဲ့ ရေချိုး ပေးတဲ့အခါတွေမှာ ကလေးကို ထိတွေ့ပွေ့ဖက်ပါ။ သင့်ကလေးဟာ သူ့ကို ဂရုစိုက် ပြုစုဖို့အတွက် သင့်ကိုအားကိုးနိုင်ကြောင်း တဖြည်းဖြည်းနားလည်လာပါလိမ့်မယ်။


ကလေးချော့နည်းများ
တစ်ခါတစ်ရံမှာ ကလေးတွေဟာ ဗိုက်ပြည့်နေပါလျက်၊ အနှီးသန့်ရှင်းနေပါလျက်၊ ကျန်းမာ နေပါလျက်နဲ့တောင် ငိုတတ်ကြပါတယ်။ ကလေးငိုတာဟာ သက်သောင့်သက်သာရှိဖို့ လိုအပ်တာကြောင့်ဆိုရင် သင်လုပ်နိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် သင့်ကလေးအငိုတိတ်ပြီး သက်သောင့် သက်သာခံစားရစေဖို့ အောက်ပါတို့ကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။

ကလေးကို သင့်လက်မောင်းထဲမှာ ထားပြီး ရှေ့နောက်လွှဲပေးပါ။ ကလေးရဲ့ ခေါင်းကို ညင်ညင်သာသာ ပွတ်သပ်ပေးပါ။ ကလေးရဲ့ ကျော ဒါမှမဟုတ် ရင်ဘတ်ကို အသာအယာ ပုတ်ပေးပါ။ သင်ဟာ ကလေးအနားမှာရှိတယ်။ သူ့ကို ဂရုစိုက်တယ်ဆိုတာ ကလေးသိစေဖို့ ညင်သာနူးညံ့တဲ့ ကလေးချော့မြူသံပေးပါ။ ကလေးကို စကားပြောပါ။ ကလေးချော့တေး ဒါမှမဟုတ် ညင်သာအေးဆေးတဲ့ သီချင်းဆိုပြပါ။ ကလေးခြုံတဲ့စောင်ထဲမှာ ကလေးကို ထွေးပွေ့ထားပါ။ ဒါပေမဲ့ အလွန်မတင်းကျပ်ပါစေနဲ့။ သင် အမျိုးမျိုးကြိုးစားပေမယ့် ကလေးငိုတာမရပ်ရင် သင့်စိတ်ကို အေးအေးထားပါ။

သင်ဘယ်လောက်ပဲ စိတ်ရှုပ်၊ ဒေါသထွက်နေပါစေ။ ကလေးကို ဘယ်တော့မှ ကြမ်းကြမ်း တမ်းတမ်းမလှုပ်ယမ်းပါနဲ့။
 ကလေးငယ်ငယ်လေးတွေကို ကြမ်းကြမ်း တမ်းတမ်း မလှုပ်ယမ်းခြင်းဟာ ကလေးကို မျက်စိကွယ်စေတာ၊ ဦးနှောက်ထိခိုက်စေတာ ဒါမှမဟုတ် အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။

ကလေးတိုင်းဟာ ငိုတတ်ပါတယ်။ ကလေးငိုတဲ့အခါတိုင်း သင်ဟာ ကလေးအငိုတိတ်စေဖို့ အောင်အောင်မြင်မြင်ချော့ချင်မှ ချော့နိုင်မှာပါ။ ဒါဟာ သင်ညံ့လို့မဟုတ်ပါဘူး။ ကလေးကို အငိုတိတ်ဖို့ သင်အကောင်းဆုံး လုပ်ဆောင်ဖို့သာ လိုအပ်ပါတယ်။

 Credit : Good Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top