iMyanmarHouse.com - Best Property Website for Myanmar
×












 ကိုယ့်ကိုယ်ကို အဆင့်အတန်းမြင့်တဲ့ လူတယောက်လို့ မှန်မှန်ကန်ကန် မခံစားရတဲ့လူဟာ လူကြွားကြီး ဖြစ်လာတယ်၊၊

များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ ရှိလာတဲ့အခါမှာ လူက မာန တော်တော်ကြီးလာတယ်၊၊ မာနကြီးလာတာကို Psychic inflation လို့ ခေါ်နိုင်တယ်၊၊ ဘဝင်မြင့်သွားတာတို့ မာနကြီးသွားတာတို့ ဆိုတာဟာ အတွင်းမှာ empty ဖြစ်နေတဲ့ သဘောကို ထင်ဟပ်ပြတာပဲ၊၊ empty ဖြစ်နေတဲ့ လက္ခဏာကို ပြတာပဲ၊၊ ကိုယ့်ကိုယ်ကို လူတယောက်အနေနဲ့ တန်ဖိုးရှိတယ်လို့ တကယ် မယုံကြည်ပဲနဲ့၊ စိတ်ထဲမှာနဲနဲ သံသယရှိတဲ့လူဟာ ပြင်ပအရာတွေကို မှီပြီးတော့ အဲဒီအရာတွေ အားကိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့ ပြချင်တယ်၊၊ အဲသလို ပြချင်တဲ့အခါမှာ မာနကြီးလာတာပဲ၊၊ မာနကြီးတယ် ဆိုတာကိုက သူ့ကိုယ်သူ ယုံကြည်မှု မရှိဘူးဆိုတာကို ပြနေတာပဲ၊၊ ဒါ တော်တော်လေး စဉ်းစားဖို့ကောင်းတဲ့ အချက်ပဲ၊၊

မာနကြီးကြီးနဲ့ နေပြလိုက်တာဟာ အမှန်တော့ သူ့ရင်ထဲမှာ ကြိတ်ပြီးတော့ ဖြစ်နေတဲ့ လူအထင်မကြီးမှာကြောက်တဲ့ စိတ်ကို ဖုံးလိုက်တဲ့ လုပ်နည်းလုပ်ဟန် တမျိုးဖြစ်တယ်၊၊ စိတ်ဓာတ်အင်အား ပျော့ညံ့တဲ့သူ၊ စစ်မှန်တဲ့သတ္တိ မရှိတဲ့သူဟာ သူတပါးကို အနိုင်ကျင့်တဲ့သူ ဖြစ်လာတယ်၊၊ ကိုယ့်ကိုယ်ကို အဆင့်အတန်းမြင့်တဲ့ လူတယောက်လို့ မှန်မှန်ကန်ကန် မခံစားရတဲ့လူဟာ လူကြွားကြီး ဖြစ်လာတယ်၊၊ ကြွားတာဟာ လူအထင်မကြီးမှာ ကြောက်လို့၊၊ အဲဒါကို နားလည်ဖို့ လိုတယ်၊၊

မာနကြီးတာ မကောင်းသလို ကိုယ့်ကိုယ်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းပါဘူး၊၊ တချို့က ကိုယ့်ကိုယ်ကို အထင်သေးတဲ့စိတ် ရှိနေတယ်၊၊ အဲသလိုလူကလည်းပဲ သူ့အရည်အချင်းတွေကို သေသေချာချာ ထုတ်ဖော်နိုင်မှာလည်း မဟုတ်သလို သူ့အကျိုးလည်းသူ မဆောင်ရွှက်နိုင်ဘူး၊၊ ကိုယ့်ကိုယ်ကို အထင်သေးနေတဲ့ လူတယောက်ဟာ ကိုယ့်ကိုယ်ကို ကျေနပ်မှု မရနိုင်ဘူး၊၊ ဒါကြောင့် ကိုယ့်ကိုယ်ကို အထင်သေးနေတာလည်း မကောင်းဘူး၊ မတရားမာနကြီးနေတာလည်း မကောင်းဘူး၊၊ ဒီနှစ်ခုစလုံးကို နားလည်ဖို့ အင်မတန် အရေးကြီးတယ်၊၊

တချို့လူတွေက ကိုယ့်ကိုယ်ကို အမြဲတမ်း အပြစ်တင်နေတတ်တယ်၊၊ “ငါ အလကားပဲ၊ ငါ အသုံးမကျဘူး” ဆိုပြီး ပြောနေတတ်တယ်၊၊ သူ့စိတ်ထဲမှာက သူ့ကိုယ်သူ အဲသလို ပြောလိုက်လို့ရှိရင် “ငါ့ကိုယ်ငါ ဒီလောက်တောင် အသုံးမကျမှန်း သိနေတဲ့သူဆိုတော့ ငါ တော်တော် တော်တဲ့လူပဲ” ဆိုတဲ့အဓိပ္ပာယ် ပေါက်နေပြန်တယ်၊၊ (ဘဝင်က မြင့်သွားပြန်ရော) အဲဒါ သူ့ကိုယ်သူ အထင်သေးနေတဲ့ စိတ်ကို တန်ပြန်တဲ့အနေနဲ့ သူ့ကိုယ်သူ မြှင့်လိုက်တဲ့သဘောမျိုး ဖြစ်သွားပြန်တယ်၊၊ ဒါဟာ အကောင်းဆုံးနည်းနဲ့ ကိုယ့်ကိုယ်ကို မြှင့်တဲ့သဘော မဟုတ်ဘူး၊၊ ဒါကြောင့် အလကားနေရင်း ကိုယ့်ကိုယ်ကို အပြစ်တင်နေတာမျိုး၊ ကိုယ့်ကိုယ်ကို ရှုံ့ချနေတာမျိုး မလုပ်သင့်ဘူး၊၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာ ရှုံ့ချနေတာဟာ မာနကို ပုံဖျက်ထားတာတစ်မျိုးပဲ၊ မာနတမျိုးပဲ၊၊ ကိုယ့်ကိုယ်ကို ရှုံ့ချနေတဲ့လူဟာ အနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့ မာနကြီးတဲ့လူပဲလို့ ပြောလို့ ရပြန်တယ်၊၊ ဒါက တော်တော် နားလည်ရခက်ပေမဲ့ နားလည်လိုက်ရင်တော့ တော်တော်ကို သိမ်မွေ့တဲ့ အသိတမျိုးကို ရနိုင်တယ်၊၊

ဆရာတော်ဦးဇောတိက( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၈၃) မှ ကူးယူဖော်ပြပါသည်၊၊


Credit : Esther Kying

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top