iMyanmarHouse.com - Best Property Website for Myanmar
×










သင်ဟာ ကိုယ့်ကို တစ်ဖက်လူက တစ်ခုခုစပြီးမပြောမချင်း အလိုက်တသိ ငြိမ်နေတတ်တဲ့သူမျိုးလား၊ ကိုယ်ကစပြီး ဘယ်တော့မှ ဘာဖြစ်ချင်တယ်ဆိုတာကို တောင်းခံရမှာကို တွန့်ဆုတ်နေသူလား။ ဒါမှမဟုတ် အဲ့ဒီလို ဖွင့်ဟပြောလိုက်ဖို့၊ မေးလိုက်ဖို့ သင့်ဆီမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပါးနေသူလား။ ဒီလိုဆိုရင်တော့ သင်လိုချင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ မလွယ်ပါဘူး။ ကိုယ့်ချစ်သူမို့ ကိုယ့်ကို အလိုက်သိနေရမယ်ဆိုတာမျိုးက အလုံးစုံ မျှော်လင့်ထားလို့အရာမှ မဟုတ်တာ။ ကိုယ်လိုချင်တာကို အရယူဖို့အတွက် ကိုယ့်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာ သင်သိထားရပါလိမ့်မယ်။

ဒီတော့ ကိုယ်လိုချင်တာကို ပြောဆိုမေးမြန်းဖို့ တွန့်ဆုတ်နေမယ်ဆိုရင်၊ သင်လိုချင်တဲ့အရာကို မရနိုင်ဘူးဆိုတာ သိထားပါ။ ဘယ်လိုဆက်ဆံရေးမှာမဆို၊ အထူးသဖြင့် အိမ်ထောင်ရေးမှာတောင် တစ်ဦးနဲ့တစ်ဦး ညှိုနှိုင်းမှုဆိုတာ ရှိကိုရှိရပါလိမ့်မယ်။ သင်ဘာတွေ လိုအပ်နေတယ်ဆိုတာ ဖွင့်ဟတတ်မှသာ တစ်ဖက်လူနဲ့အတူ ဘ၀တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီအချက်ကို သင်နားလည်ပြီဆိုရင်တော့ ရိုးရိုး ဒိတ်လုပ်ရာကနေ အချစ်ရေးတစ်ခုကို နှစ်ဦးသားတည်ဆောက်နိုင်ပါပြီ။

သင်လိုချင်တဲ့အရာဟာ ဘာလဲဆိုတာမျိုးတောင် သင်မသိတဲ့အခါ ရှုပ်ထွေးတဲ့ ပြသနာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ဘာ့ကြောင့်ပါလဲ။

၁။ သင်ကိုယ်တိုင်တောင် မရှင်းလင်းပါဘူး။

တစ်ဖက်လူကို တစ်ခုခု မတောင်းဆိုခင် သင့်ကိုယ်သင်အရင်ရှင်းလင်းအောင် လုပ်ပါ။ သင်လိုချင်တဲ့အရာက ဘာဖြစ်ပါသလဲ။ ဒါကို သိသွားပြီဆိုရင် သူ့ကိုရှင်းရှင်းလင်းလင်းပြောပြပါ။ နှစ်ခါသုံးခါ ထပ်ခါထပ်ခါ ပြောပြီး ဆိုလိုချင်တဲ့အရာ ပျောက်အောင် မလုပ်ပါနဲ့။ ဒီတော့ ပြောချင်တဲ့အရာကို အရှင်းလင်းဆုံး ပြောဆိုနိုင်မယ်ဆိုရင် တစ်ဖက်လူမှာလည်း သင်လိုချင်တဲ့အရာကို ကွက်ကွက်ကွင်းကွင်း သိနားလည်သွားပါလိမ့်မယ်။

၂။ဘာ့ကြောင့် ဒီအရာကို သင်လိုချင်နေမှန်း သင်မသိဘူး။

တကယ်လို့ သင်က ကိုယ်ဒီအရာကို ဘာ့ကြောင့်လိုချင်တယ်ဆိုတာကို ပြောမပြနိုင်ခဲ့ရင် တစ်ဖက်လူဘက်ကို တိကျတဲ့ ညှိုနှိုင်းမှုမလုပ်နိုင်တော့ပါဘူး။ ဒီတော့ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းပြချက် လိုကိုလိုပါတယ်။

၃။အရေးကြီးသလို မကြီးသလို သင်လုပ်နေတယ်။

သင်ပြောပြမယ့်၊ တောင်းဆိုတဲ့အရာဟာ သင့်အတွက် အရေးပါတဲ့ အရေးကြီးတဲ့ အရာသာ ဖြစ်သင့်ပါတယ်။ အဲ့ဒီလိုမဟုတ်ရင် သူ့ကိုလည်း မေးမနေပါနဲ့တော့။ ကိုယ်ကိုယ်တိုင်က အရေးမကြီးသလိုပြောဆိုနေတဲ့ ကိစ္စရပ်ကို တစ်ဖက်လူကတည်း အလေးမထားပါဘူး။ ဒါကရှင်းပါတယ်။

၎။သင်ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။

အရေးကြီးတဲ့ အရာတစ်ခုကို တောင်းဆိုတော့မယ်သူဟာ ပထမဆုံး တစ်ဖက်လူကို မပြောခင် အရင်ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်။ အဲ့ဒါဆိုရင် စကားပြောတဲ့အခါ အသံကျယ်ကျယ်နဲ့ ယုံကြည်မှုရှိရှိပြောနိုင်မယ်။ တစ်ဖက်လူကလည်း ကိုယ့်အပေါ် ပိုအလေးထားသွားပါလိမ့်မယ်။

၅။တစ်ဖက်လူ ဘာပြန်ပြောမလဲဆိုတာကို တွက်ချက်ထားပါ။

သင်တောင်းဆိုလိုက်တဲ့အရာကို သူ့ဘက်က လိုက်လျောနိုင်သလို မဖြစ်နိုင်ဘူးလို့လည်း ငြင်းပယ်ကောင်း၊ ငြင်းပယ်နိုင်တယ်ဆိုတာ ကြိုတွေးထားပါ။ သူငြင်းပယ်လိုက်တဲ့အခါ သင့်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပါ တစ်ချက်တည်း တွေးထားပါ။

၆။တစ်ဖက်က စကားလမ်းကြောင်း ပြောင်းလဲတဲ့အပေါ် သင်ပါသွားမိပြီ။

သင်ပြောနေတဲ့ အကြောင်းအရာကို အလေးမထားဘဲ သူက ကိစ္စရပ်နောက်တစ်ခုကို ပြောဆိုတဲ့အခါ သင်ကပါ အဲ့ဒီကိစ္စရပ်ကို သွားဆွေးနွေးမိတာမျိုး မလုပ်ပါနဲ့။

၇။သင်ဒေါသထွက်လာပြီ။ အဆင်မပြေတော့ဘူး။

နှစ်ဦးသားပြောဆိုနေတဲ့ အချိန်မှာ တစ်ဖက်လူက ပြေပြေပြစ်ပြစ် ပြန်မပြောတဲ့အခါ သင်စိတ်တိုကောင်း တိုပါလိမ့်မယ်။ ဒါပေမယ့် ဒါကို မျိုသိပ်ထားလိုက်ပါ။ ပြီးတဲ့အခါ သူ့ကို အချက်ကျကျ ပြောဆိုနိုင်အောင်သာ စဉ်းစားပါ။ ကိုယ်လိုချင်တာကို ရဖို့သာ အရေးကြီးတယ်ဆိုတာ ခေါင်းထဲ ထည့်ထားပါ။

၈။ဒီခံစားချက်က သင့်ကို စိုးရိမ်ပူပန်မှုတွေ ပေးနေပြီ။

ပြောဆိုနေတုန်း သင်သတိရနေရမယ့်အရာက တစ်ဖက်လူဟာ ကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ သင်ပြောဆိုနေတဲ့အကြောင်းအရာက သူ့ကို တစ်ခုခု ခံစားနေရပြီလားဆိုတဲ့ စိတ်ခံစားချက်တွေ မထားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သင်အခုတောင်းဆိုနေတဲ့ အရာကလည်း သင့်အတွက် အရေးကြီးနေလို့ပါပဲ။

သင်ဟာ ကိုယ်လိုချင်တာကို ကောင်းကောင်းမွန်မွန် ဖွင့်ဟတောင်းဆိုနိုင်သူဖြစ်လာတာနဲ့အမျှ သင်တို့နှစ်ဦးရဲ့အချစ်ရေးဟာ ပိုမိုနက်နဲလာမှာပါ။ သင်လည်း တစ်ဖြည်းဖြည်းပျော်ရွှင်လာရမှာ ဖြစ်သလို နှစ်ဦးသား ညီမျှတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်လာနိုင်ပါလိမ့်မယ်။ ကိုယ်တောင်းဆိုတဲ့အရာ ရရှိလာတဲ့အခါ သင်ခံစားရတဲ့ ခံစားချက်ကလည်း တကယ့်ကို ကျေနပ်စရာကောင်းပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top