iMyanmarHouse.com - Best Property Website for Myanmar
×











အိမ်ထောင်ရှင်များ ဖုန်းများ၊ တဲဘလက်များ ဘေးချပြီး တစ်ယောက် မျက်နှာ တစ်ယောက် ပိုကြည့် ပေးကြပါဟု သိပ္ပံပညာရှင်များက တိုက်တွန်း ပြောကြား လိုက်သည်။
 ယနေ့ အိမ်ထောင်ရှင်များသည် ဖုန်းများ၊ တဲဘလက်များနဲ့ ချည်းသာ အချိန် ကုန်နေကြရာ အိမ်ထောင်ဘက်များသည် ဖုန်းများ၊ တဲဘလက်များထဲက ဂိမ်းများ၊ ဆိုရှယ် မီဒီယာ များလောက်ပင် နေရာမရဘဲ မေ့လျော့ ခံနေရကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က သတိပေး ရေးသား လိုက်သည်။

အထူးသဖြင့် အိပ်ရာထဲ ရောက်ချိန်ထိတိုင် ဖုန်းများ၊ တဲဘလက်များ နဲ့ အလုပ်ရှုပ်လို့ ကောင်းဆဲ ဖြစ်သောကြောင့် အိမ်ထောင်ရှင်များသည် ယခု နောက်ပိုင်းတွင် လင်မယား ချစ်တင်းနှောသည့် အကြိမ် အရေအတွက်ပါ ကျဆင်း လာနေရကြောင်း သုတေသန ပညာရှင်များက ဆိုသည်။

 လေ့လာမှု စစ်တမ်းကို ဗြိတိန် နိုင်ငံတွင် ပြုလုပ်ထားသည်။ စစ်တမ်း ပါဝင်သူ အိမ်ထောင်ရှင် အမျိုးသမီး (၇၀) ရာခိုင်နှုန်းထိက စမတ်ဖုန်းများကြောင့် ၎င်းတို့၏ လင်မယား ဆက်ဆံရေး ထိခိုက်လာကြောင်း သဘောထား ဖော်ပြသည်။ စမတ်ဖုန်းများ၊ တဲဘလက်များသည် ယနေ့ အိမ်ထောင်ရှင် နှစ်ဦးအကြား နည်းပညာ အရံအတားကြီး ဖြစ်လာနေကြောင်း စစ်တမ်းက ထောက်ပြသည်။

 လေ့လာမှု စစ်တမ်းကို ဘရစ် ဟန်ယန်း တက္ကသိုလ်မှ စိတ်ပညာရှင် ဆာရာကွိုင်း နှင့်အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ အိမ်ထောင်ရှင် အမျိုးသမီး (၁၄၃) ဦး၏ ဖုန်း၊ တဲဘလက်၊ ကွန်ပျူတာ အသုံးပြုနှုန်းနှင့် တီဗီကြည့် နှုန်းများကို စစ်တမ်း ကောက်ထားသည်။

 ““နှစ်ယောက်တည်း အပြင် ထွက်ပြီး ဆိုင်မှာ ညစာ လာစားတဲ့ လင်မယား စုံတွဲတွေကိုပဲကြည့်။ နှစ်ယောက်တည်း အေးအေး ဆေးဆေး စားရအောင် လာကြတဲ့တိုင် နှစ်ယောက်လုံး စားပွဲမှာ မျက်နှာချင်း ဆိုင်ထိုင်ပြီး ဖုန်းကိုယ်စီ နှိပ်နေကြတာကို မြင်ရုံနဲ့ သူတို့ နှစ်ယောက်ကြားမှာ နည်းပညာ တံတိုင်းကြီး ခြားနေပြီဆိုတာ မြင်နိုင်တယ်”” ဟု ဆာရာကွိုင်းက ပြောသည်။

လင်မယား နှစ်ယောက်သား လျှောက်လည် နေကြချိန်မှာ စိတ်ပျက်စရာ အကောင်းဆုံး အပြုအမူတစ်ခုကို ပြောပါဟု သဘောထား မေးမြန်းသည်တွင် (၆၂) ရာခိုင်နှုန်းသော ဇနီးများက ခင်ပွန်းသည်များ ဖုန်းကလိနေတာ စိတ်အပျက်ဆုံးဟု သဘောထား ဖော်ပြကြသည်။

လင်မယား နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ပြီး စကား ပြောနေသည့် အချိန် မျိုးမှာတောင် ခင်ပွန်းသည် ဖြစ်သူသည် ဖုန်းနဲ့ တခြား တစ်ယောက်ယောက်ကို မက်ဆေ့ဂ်ျ ပို့နေတတ်သည်ဟု စစ်တမ်း ပါဝင်သူ အမျိုးသမီး (၂၅) ရာခိုင်နှုန်းက ပြောသည်။

 လင်မယား နှစ်ဦးသား အေးအေး ဆေးဆေး စကား ပြောသင့်သည့် အချိန်မျိုးမှာပင် ဖုန်း တကိုင်ကိုင် လုပ်နေတတ်သူများ အနေဖြင့် ထိုအချိန်မျိုးတွင် ဖုန်းကို မိမိနဲ့ အလှမ်းဝေးသည့် တစ်နေရာ သို့မဟုတ် အိတ်ထဲ ထည့်ထားခြင်းမျိုး လုပ်သင့်ကြောင်းလည်း စစ်တမ်းက အကြံပေးသည်။ စစ်တမ်းကို Psychology of Popular Media Culture ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Credit : Messenger


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top