iMyanmarHouse.com - Best Property Website for Myanmar
×










ညအိပ်ရာဝင်ခါနီး e-Reader များဖြင့် စာဖတ်ခြင်းက အိပ်စက်မှုကို နှောင့်ယှက်ပြီး လူတစ်ဦး၏ ကျန်းမာရေးကို သွယ်ဝိုက် ထိခိုက်စေကြောင်း သုတေသီများက ပြောကြားခဲ့သည်။
အမေရိကန်မှ ပညာရှင်များက ဒီဂျစ်တယ် စာဖတ်ကိရိယာများ ဖြစ်ကြသည့် e-Reader များကို ညအိပ်ရာဝင်ခါနီး ဖတ်ရှုခြင်းမျိုးအား ရှောင်ကြဉ်သင့်ကြောင်း အကြံပြုခဲ့သည်။

ဟားဗက် ဆေးကျောင်းမှ သုတေသန ပညာရှင်များက e-Reader များမှ ထွက်ပေါ်လာသည့် အလင်းသည် လူတစ်ဦး၏ အိပ်စက်မှု အခြေအနေအပေါ် မည်သို့မည်ပုံ သက်ရောက်နိုင်ကြောင်း လေ့လာခဲ့ကြသည်။
သမားရိုးကျ စာအုပ်များကို ဖတ်ရှုသူများထက်စာလျှင် e-Reader များကို အိပ်ခါနီး ဖတ်ရှုသူများသည် အိပ်ရေးမဝခြင်း၊ နံနက်နိုးထချိန်တွင် နွမ်းနယ်ခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း အစရှိသည်တို့ ဖြစ်နိုင်ခြေ ပိုများကြောင်း သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ e-Reader များ၏ Screen မှ ထုတ်လွှတ်သော အလင်းက လူတစ်ဦး၏ အိပ်စက်မှုကို အနှောင့်အယှက် ပေးခြင်းကြောင့်ဟု ဆိုသည်။
ညမအိပ်မီ e-Reader များကို အချိန်ကြာကြာ ဖတ်လေလေ၊ ကောင်းမွန်စွာ အိပ်စက်နိုင်ရန် ရာခိုင်နှုန်း နည်းလေလေဟု ဟားဗက်မှ ပညာရှင်များက သတိပေးခဲ့သည်။ အကယ်၍ e-Reader များနှင့် စာဖတ်မည် ဆိုပါကလည်း ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် Screen ၏ အလင်းရောင်ကို အနိမ့်ဆုံးအဆင့် ထားရှိသင့်ကြောင်း အကြံပြုထားသည်။

လူ့ခန္ဓာကိုယ်အတွင်းပိုင်း လုပ်ဆောင်မှုများသည် နာရီဆန်သော စည်းချက်မျိုးဖြင့် ပုံမှန်လှုပ်ရှားနေပြီး နေ့နှင့်ည အလင်းရောင်ကို အာရုံခံကာ အချိန်ကို မှတ်သားတတ်သည့် သဘောရှိသည်။ သို့သော်လည်း စမတ်ဖုန်း၊ Tablet နှင့် e-Reader များမှ ထွက်ပေါ်လာသည့် အပြာရောင် အခြေခံ အလင်းများသည် ခန္ဓာကိုယ်၏ နာရီသဘောသဘာဝကို မျှခြေ ပျက်သွားအောင် နှောင့်ယှက်နိုင်ကြောင်း သုတေသီများက ရှင်းပြခဲ့သည်။

ညနေခင်း အချိန်များတွင် မျက်လုံးကို အပြာရောင် အခြေခံ အလင်းဓာတ် များများသက်ရောက်ခြင်းက အိပ်ခြင်းကို အားပေးသည့် ဟိုမုန်းများ ထွက်ပေါ်မှုကို ဟန့်တားလိုက်သည်။ သုတေသီများက ညပိုင်းတွင် e-Reader များဖြင့် ပုံမှန်စာဖတ်သူများ၏ သွေးနမူနာတွင် အိပ်ခြင်းကို လှုံ့ဆော်သည့် ဟိုမုန်းများ လျော့ပါးနေတတ်ကြောင်း ပြောကြားခဲ့သည်။

ယခုသုတေသန လုပ်ငန်းကို အဓိက ဦးဆောင်သည့် ပရော်ဖက်ဆာ ချားလ်စ် ဇစ်ဆလာက “e-Reader အများစုက ထုတ်လွှတ်လိုက်တဲ့ အလင်းဓာတ်ဟာ စာဖတ်သူရဲ့ မျက်လုံးကို စူးစူးရှရှ လာပြီး သက်ရောက်သွားတတ်တယ်။ ပုံနှိပ်စာအုပ်၊ ဒါမှမဟုတ် ကနဦး Kindle e-Reader (အဖြူအမည်း စာလုံးများကိုသာ ဖော်ပြနိုင်သည့် e-Reader)တွေကို ဖတ်တဲ့ အခါမှာတော့ စာမျက်နှာပေါ်က ရောင်ပြန်ဟပ်တဲ့ အလင်းလောက်ကိုသာ မျက်လုံးက ဖမ်းယူရတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ညပိုင်းမှာ e-Reader တွေ ဖတ်ခြင်းကြောင့် အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတာတွေ ရှိလာနိုင်ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်မှုမျိုးနဲ့ အချိန်ကြာကြာ ကင်းကွာလာပြီဆိုရင် နှလုံးသွေးကြော ရောဂါတွေ ဖြစ်နိုင်ခြေ တိုးပွားလာပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေ မူမမှန်ရာကနေ ရောဂါအမျိုးမျိုး ဖြစ်လာနိုင်တယ်။ အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ ကင်ဆာတွေထိ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ညမအိပ်ခင် e-Reader တွေနဲ့ အချိန်ကြာကြာ စာဖတ်ခြင်းဟာ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် စိုးရိမ်သင့်တဲ့ အလေ့အထ တစ်ရပ်လို့ ယူဆသင့်ပါတယ်”ဟုလည်း သတိပေး ပြောဆိုသွားခဲ့သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top