iMyanmarHouse.com - Best Property Website for Myanmar
×
 နှစ်သစ် တစ်နှစ်သည် အသစ် အသစ်တို့ စတင်ခြင်း ပြယုဂ် ဖြစ်သည်။ ပိုကျန်းမာအောင် ဘ၀ နေထိုင်မှု ပုံစံများကို ပိုကောင်းသော အသစ်အသွင် ပြောင်းယူ ရမည့် အချိန်ကာလလည်း ဖြစ်သည်။  ၀နေလို့ စိတ်ညစ်နေ သူများ၊ အစား မဆင်ခြင်လို့ ၀ိတ်တက်နေ သူများ ၀ိတ်ချဖို့ ဆုံးဖြတ် ကြသည့် ကာလလည်း ဖြစ်သည်။ အစားဆင်ခြင်ဖို့ ဆိုတာ ပြောရတာ လွယ်သလောက် လုပ်ရတာ ကျတော့ ခက်သည်။
ယနေ့ လူသားများ ကံကောင်းသည့် တစ်ချက်မှာ လူ အများစုကြီး စမတ်ဖုန်းကိုင်နိုင် လာခြင်း ဖြစ်သည်။ စမတ်ဖုန်းသည် သုံးတတ်လျှင် အဖော်ကောင်း တစ်ယောက် ဖြစ်သည်။ အစားအသောက် ဆင်ခြင်ကာ ၀ိတ်ချလိုသူ များကို စမတ်ဖုန်းများက ကောင်းကောင်း ကူညီ နိုင်သည်။ စမတ်ဖုန်း သုံးပြီး ၀ိတ်ချရတာ ပျော်ဖို့ လည်းကောင်း၊ ထိလည်း ထိရောက်သည်။
 အသားကြိုက်သူ ဖြစ်စေ၊ သက်သတ်လွတ်သမား ဖြစ်စေ စမတ်ဖုန်းသုံး ကျန်းမာရေး အပလီကေးရှင်းများ အကူအညီဖြင့် မိမိ စားသောက်မှု ပုံစံများကို စောင့်ကြည့် မှတ်တမ်း တင်ကာ မိမိရောက်လိုသော ခန္ဓာကိုယ် အလေးချိန် ပန်းတိုင် ရောက်အောင် လျှောက်လှမ်းနိုင် ကြသည်။ စမတ်ဖုန်းသုံး ကျန်းမာရေး အပလီကေးရှင်းများ အကူအညီဖြင့် ၀ိတ်ချလို သူများ အတွက် အဆင်ပြေ စေမည့် အပလီကေးရှင်း အချို့ကို အောက်တွင် အကြံပြု တင်ပြ ပါမည်။
Calorie Counter
My Fitness Pal
 My Fitness Pal သည် ၀ိတ်ကျရေး အတွက် သာမက ကျန်းမာသော စားသောက်မှု ပုံစံရှိရေး အတွက်ပါ ကူညီပေးသည်။ မိမိ စားသောက်မှု ပုံစံကို မှတ်တမ်းတင် ပေးထား လိမ့်မည်။ မိမိနှင့် စားသောက်မှု ပုံစံချင်းတူသူများ နှင့်လည်း My Fitness Pal အွန်လိုင်း ကွန်ရက်မှ တစ်ဆင့် အတွေ့ အကြုံ ဖလှယ် နိုင်သည်။ မိမိ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်သည့် ကြိမ်နှုန်းနှင့် အကျိုး သက်ရောက်မှုများ ကိုလည်း မှတ်တမ်း တင်ထား နိုင်သည်။ ၀ါသနာတူ သူများနှင့် ရှယ်ယာလုပ် နိုင်သည်။ မိမိ၏ ခန္ဓာကိုယ် အချိုးအစား၊ လက်ရှိ ခန္ဓာကိုယ်အလေးချိန်နှင့် ရောက်ရှိ လိုသည့် ပန်းတိုင် ခန္ဓာကိုယ် အလေးချိန် တို့ကို My Fitness Pal  အပလီကေးရှင်းတွင် ရိုက်ထည့်ပေး ရမည်။ My Fitness Pal  တွင် အစားအသောက်ပေါင်း လေးသန်းကျော်နှင့် ပတ်သက်သော ကျန်းမာရေး ဆိုင်ရာ အချက်အလက်များ ရှိသည်။ မိမိ စားသောက်သည့် အစားအသောက် တစ်ခုကို My Fitness Pal တွင် ရိုက်ထည့် လိုက်ရုံဖြင့် ထိုအစားအသောက်နှင့် သက်ဆိုင်သော ကျန်းမာရေး အချက်အလက်များ ထွက်လာမည်။ ထိုအစားအသောက်က မိမိ၏ ခန္ဓာကိုယ် အလေးချိန် လျှော့ချရေး အပေါ် မည်သို့ သက်ရောက်မှု ရှိမည်ကိုပါ တစ်ခါတည်း ဖော်ပြ ပေးမည် ဖြစ်သည်။ မိမိ လိုချင်သည့် ကိုယ် အလေးချိန်သို့ သတ်မှတ်ချိန် အတွင်း ကျန်းမာသော နည်းလမ်းဖြင့် ရောက်ရှိရေး လမ်းစဉ် အဆင့်ဆင့် ကိုလည်း ညွှန်ကြားပေး ဦးမည် ဖြစ်သည်။ အိုင်ဖုန်း၊ အန်းဒရွိုက် ဖုန်းများဖြင့် အသုံးပြု နိုင်သည်။ အခမဲ့ ဒေါင်းလုဒ် လုပ်နိုင်သည်။
Paleo Central
ကျန်းမာစေသော စားသောက်မှု ပုံစံများ အကြံပြု ဖော်ပြပေးမည့် အပလီကေးရှင်း ဖြစ်သည်။ အပလီကေးရှင်းတွင် မိမိ၏ ခန္ဓာကိုယ် ဆိုင်ရာ အချက်အလက်များ ဖြည့်ပေး ရမည်။ မိမိရောက် လိုသည့် ခန္ဓာကိုယ် အလေးချိန် ကိုလည်း ဖြည့်သွင်းပေး ရမည်။ ထိုအခါ ကျန်းမာရေး မထိခိုက်စေသော ပုံစံဖြင့် ၀ိတ်ချ နိုင်စေမည့် စားသောက်မှုပုံစံများကို Paleo Central က အကြံပြု ဖော်ပြပေးမည် ဖြစ်သည်။Paleo Central တွင်စားသောက်စရာ ဟင်းလျာ အများအပြား ကိုလည်း ၀င်ရောက် လေ့လာ နိုင်သည်။ သက်ဆိုင်ရာ ကျန်းမာရေး ပုံစံအလိုက် အလေးပေး စားသောက်သင့်သည့် ဟင်းလျာများ ခွဲခြား ဖော်ပြထားသည်။ အကြံပြု ဟင်းလျာ အမည် များလည်း တစ်နေ့ တခြား တိုးပွားများပြားလျက် ရှိသည်။ အိုင်ဖုန်းနှင့် အန်းဒရွိုက်ဖုန်း များတွင် သုံးနိုင်ပြီး သက်ဆိုင်ရာ အပလီကေးရှင်း စတိုးများတွင် (၀ ဒသမ ၉၉) ဒေါ်လာဖြင့် ၀ယ်ယူ ဒေါင်းလုဒ် လုပ်နိုင်သည်။
Fooducate  
  အစားအသောက်ကို ထိန်းပြီး ၀ိတ်ချသူများ အနေဖြင့် ကိုယ်စားသည့် အစားအသောက် ကဘာ၊ ထို အစားအသောက်က ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လို သက်ရောက်မှု ရှိသည် စသည် တို့ကို သိမှ ထိရောက်မည်။ ဟင်းသီး ဟင်းရွက်တွေ၊ သစ်သီးဝလံတွေက ကျွန်ုပ်တို့ ကျန်းမာရေး အတွက် ပိုကောင်းသည် ဆိုတာ လောက်တော့ အကြမ်းဖျင်းသိ ကြသည်။ သို့သော် ဘယ်ဟာက ဘယ်လောက်ကောင်းလဲဟု မေးလျှင် မသိ။ ဟင်းသီး ဟင်းရွက် သစ်သီးဝလံ များထက် ပိုကောင်းတာ မရှိတော့ဘူး လားဟု မေးလျှင်လည်း မဖြေတတ်တော့။ ထိုအခက်အခဲကို Fooducate က ကူညီ လိမ့်မည်။ အစား အသောက် အမျိုးမျိုး၏ ကျန်းမာရေး ဆိုင်ရာ အချက်အလက်များ ရှာဖွေ နိုင်သည်။အစားအသောက် ကုန်ပစ္စည်းထုပ် များတွင် ပါသော ဘားကုတ် များကို အပလီကေးရှင်း၌ ပါသော ဘားကုတ်ဖတ် နိုင်သည့် ကင်မရာဖြင့် ဖတ်ရှုနိုင် သေးသည်။ ထို့အပြင် မိမိ၏ ခန္ဓာကိုယ် အချိုးအစားနှင့် လိုက်ဖက်စွာ ကျန်းမာအောင် မည်သို့ စားသင့်ကြောင်း ကိုလည်း အပလီကေးရှင်းက စားသောက်မှုပုံစံ ရေးဆွဲပေးနိုင် သေးသည်။ Fooducate သုံးသူချင်းလည်း အွန်လိုင်း မှာ ဆွေးနွေး နိုင်သည်။ မိမိသိ လိုသည့် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ကိုလည်း Fooducate သုံးသူများချင်း မေးမြန်းကာ အကောင်းဆုံး အကြံဉာဏ်များ ရယူ နိုင်သည်။ အိုင်ဖုန်း၊ အန်းဒရွိုက်ဖုန်း များဖြင့် အသုံးပြုနိုင်သည်။ အခမဲ့ ဒေါင်းလုဒ် လုပ်နိုင်သည်။
Diet Point
 တစ်နေ့ တစ်နေ့ ကျန်းမာအောင် ဘယ်လို စားသောက်ရမည် နည်းဟု အစီအစဉ် ဆွဲကာ ခေါင်းခြောက်နေသူ များကို ကူညီမည်။ မိမိ၏ ခန္ဓာကိုယ် ဆိုင်ရာ အချက်အလက် များကို ထည့်သွင်းပေး ရမည်။ မိမိ ရောက်လိုသော ကိုယ်အလေးချိန်ကို သတ်မှတ်ပေး ရမည်။ ထိုအခါ မိမိ နေ့စဉ် မည်သည့် အစားအသောက်များ စားသောက် သင့်ကြောင်းကို Diet Point   အစီအစဉ် ဆွဲပေးလိမ့်မည်။ ၀ိတ်ချချင် သူများ သတ်မှတ် ကာလအတွင်း ၀ိတ်ကျ သွားအောင် နေ့စဉ် စားသောက် ရမည့် အစားအသောက် များကို စနစ်တကျ ဖော်ပြပေး လိမ့်မည်။ မည်၍ မည်မျှ ၀ယ်သင့်ကြောင်းကိုပါ ဈေးစာရင်း တိတိ ကျကျ ထုတ် ပေးလိမ့် ဦးမည်။ ထိုစာရင်း ကြည့်ပြီး ဈေးသွားရုံပင် ဖြစ်သည်။ ၀ိတ်ချချင် သူများ အတွက် ၀ိတ်ကျ စေကြောင်း နည်းလမ်းကောင်း (၅၀၀) ကျော် ကိုလည်း အကြံပြု တင်ပြထား သေးသည်။ အိုင်ဖုန်း၊ အန်းဒရွိုက်ဖုန်း များဖြင့် အသုံးပြု နိုင်သည်။ အခမဲ့ ဒေါင်းလုဒ် လုပ်နိုင်သည်။
HealthyOut  
 အပြင်စာတွေ စားရတာ ကျန်းမာရေးနဲ့ မညီညွတ်ဟု တွေးကာ စိတ်ပျက်နေသူများ အတွက် အကူအညီရ နိုင်သည်။ မိမိနှင့် အနီး ၀န်းကျင်ရှိ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရောင်းချသည့် ဆိုင်များကို အကြံပြု ဖော်ပြပေး လိမ့်မည်။ မိမိ၏ ခန္ဓာကိုယ် အချက်အလက်များ ထည့်သွင်းပေး ရမည်။ မိမိ၏ ကျန်းမာရေး ရည်မှန်းချက်များ ထည့်သွင်းပေး ရမည်။ ထိုအခါ မိမိဝန်းကျင်ရှိ စားသောက်ဆိုင်များတွင် ရနိုင်သည့် ဟင်းလျာ များအနက် မိမိအတွက် အသင့်လျော်ဆုံး များကို အပလီကေးရှင်းက အကြံပြု ဖော်ပြ ပေးမည် ဖြစ်သည်။
သက်ဆိုင်ရာ ဟင်းလျာ အစားအသောက်များ၏ ကျန်းမာရေး အချက်အလက်များ ကိုပါ ခွဲခြမ်း စိတ်ဖြာပေး ဦးမည် ဖြစ်သည်။ မိမိကို ကောင်းဆိုး သက်ရောက် နိုင်ခြေကိုပါ အကြံပြု ဖော်ပြပေးမည် ဖြစ်သည်။ မိမိလိုချင်သည့် ပုံစံလည်း ခွဲခြား ရှာဖွေ နိုင်သည်။ ကာဘိုဟိုက် ဒရိတ်ဓာတ် နည်းနည်း အစားအစာလား၊ များများ အစားအစာလား သတ်မှတ် ပေးပြီး ရှာဖွေ နိုင်သည်။
မိမိ နှစ်သက်ရာ အစားအစာ အမျိုးအစား အလိုက်လည်း ခွဲခြား ရှာဖွေ နိုင်သည်။ ရနိုင်သည့် စားသောက်ဆိုင် နေရာများကို လည်း ဖော်ပြပေး နိုင်သည်။ သက်ဆိုင်ရာ စားသောက်ဆိုင်မှ အချက်အလက် ပြည့်ပြည့်စုံစုံ ဖော်ပြ ပေးထားမည် ဆိုပါက ဈေးနှုန်းကိုပါ တန်းပြီး သိနိုင် သည်။ အိုင်ဖုန်း၊ အန်းဒရွိုက်ဖုန်း များဖြင့် အသုံးပြု နိုင်သည်။
Credit : Messenger
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top