iMyanmarHouse.com - Best Property Website for Myanmar
×










ကမ္ဘာတစ်ဝန်း စမတ်ဖုန်း (၁ ဒသမ ၈) သန်း နေ့စဉ် ရောင်းချနေရသည်။ အမေရိကန် နိုင်ငံသား တစ်ဦးသည် တစ်နေ့လျှင် ပျမ်းမျှ သုံးနာရီကျော်ကြာ ဖုန်းသုံးရင်း အချိန် ကုန်နေသည်။ စားချိန်မလွတ်၊ အိပ်ချိန်မလွတ်၊ အိမ်သာ တက်ချိန်ပင် မလွတ်အောင်ပင် ဖုန်းမှ ဖုန်း ဖြစ်နေကြသည်။ တစ်နည်းပြောလျှင် ဖုန်းစွဲနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ တစ်ချိန်လုံး ဖုန်းသုံးနေခြင်းက လူသားများ၏ ကျန်းမာရေးနှင့် ပျော်ရွှင်မှု အပေါ်ကို ဆိုးဝါးစွာ ထိခိုက် လာပြီကိုတော့ သတိပေးလိုပါသည်။

စာရိုက်ခြင်းကြောင့် ခန္ဓာကိုယ် အနေ အထားမမှန် ဖြစ်ရသည်။
 စာရိုက် များခြင်းကြောင့် ဇက်နာခြင်းမှာ အပြောမဟုတ်၊ လက်တွေ့ ဖြစ်သည်။ စာရိုက်နေချိန်၊ စမတ်ဖုန်းဖြင့် စာဖတ်နေချိန်၊ ၀က်ဘ်ဆိုက်တွေ ၀င်ကြည့် နေချိန်တွင် ဖုန်းကို တစ်ချိန်လုံး ငုံ့ကြည့် နေရသောကြောင့် ကျောရိုးမကြီး မလိုအပ်ဘဲ ဒဏ်ဖြစ်ရကြောင်း အမျိုးသား ဆေးပညာ ဂျာနယ်ပါ သုတေသန တစ်ခုတွင် ဖော်ပြထားသည်။

မတ်မတ် ရပ်နေချိန်မှာတောင် ဦးခေါင်းသည် ကျောရိုးမ ကြီးပေါ်သို့ (၁၀) မှ (၁၂) ပေါင် အလေးတင် ထားသလိုရှိခဲ့ရာ ဦးခေါင်းသာ ပုံမှန်မှ (၁၅) ဒီဂရီ စောင်းသွားခဲ့ပါက (၂၇) ပေါင် အလေးတင် ထားသလို ဖြစ်လာမည် ဖြစ်သည်။ (၆၀) ဒီဂရီစောင်းလျှင် ပေါင် (၆၀) ဖြစ်သွားမည်။ ကျောရိုးမကြီး အပေါ် ဖိအား များလာမှုကြောင့် ကြာလျှင် ဇက်နာတာ ဖြစ်လာပြီး အဆိုးဆုံး ပြောရလျှင် ကြွက်သားများ ဒဏ်ဖြစ်သောကြောင့် ခွဲစိတ်သည့် အဆင့်သို့ပင် ရောက်ရှိ သွားနိုင်သည်။

ဖုန်းကြောင့် ဖျားနာလာနိုင်သည်။
ဖုန်းကို နေရာတကာ ယူသွားကြသည့် ခေတ်ကြီး ဖြစ်နေပါသည်။ လက်ကို ပုံမှန် ဆေးကြော တတ်သူများ၏ လက်များမှာပင် ရောဂါ ပိုးမွှားများက ကျန်ရှိနေတတ်သည်။ ဝေါစထရိ ဂျာနယ်က ရုံးခန်းတွင်းရှိ ဖုန်းရှစ်လုံးတွင် ရောဂါပိုးမွှားမည်မျှ ပါဝင်သည်ကို စမ်းသပ်မှု တစ်ခု ပြုလုပ်ခဲ့သည်။ စစ်ဆေးခဲ့သည့် ဖုန်းအလုံးတိုင်းတွင် မစင်မှ တစ်ဆင့် ပါဝင်သော ပိုးမွှားများ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။ ဖုန်းများတွင် ကပ်နေသည့် ရောဂါပိုးမွှား ပမာဏသည် အိမ်သာ ကမုတ်ရှိ ရောဂါပိုးမွှား ပမာဏထက် ပိုမို များပြားကြောင်း ပညာရှင် များကလည်း ပြောဆိုထားသည်။

နားကြပ်ကြောင့် အကြားအာရုံ ထိခိုက် သွားနိုင်သည်။
ဖုန်းဖြင့် သီချင်း နားထောင်လျှင် အသံကို တတ်နိုင်သရွေ့ တိုးထားရန် သတိ ပေးလိုပါသည်။ လူကြီး (၃၅) ရာခိုင်နှုန်းနှင့် ဆယ်ကျော်သက် (၆၀) ရာခိုင်နှုန်း တို့သည် တစ်ကိုယ်ရေသုံး သီချင်း နားထောင်သော ပစ္စည်းများဖြင့် သီချင်းများကို အသံအကျယ်ပြီး ဖွင့်ပြီး နားထောင် တတ်ကြကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

 အမေရိကန် နိုင်ငံသား အသက် (၂၀) ကျော် အရွယ်များ အနက် (၃၀) ရာခိုင်နှုန်း သည် ကြိမ်နှုန်းမြင့် အကြားအာရုံ အနည်းငယ် ချို့ယွင်း နေကြသည်။ ဖုန်း၏ အသံ ထုတ်လုပ်နိုင်စွမ်းနှင့် လူတစ်ဦး တစ်ယောက်ချင်းစီ၏ အာရုံခံစား နိုင်စွမ်းအပေါ် မူတည်ပြီး အသံ အတိုးအကျယ် ကွဲပြားမှု ရှိသော်လည်း အကောင်းဆုံးမှာ အသံကို တိုးထားခြင်းသာ ဖြစ်သည်။

စာရိုက်ခြင်းကြောင့် ဟန်ချက် ပျက်ရသည်။
 စာရိုက်နေလျှင် ကားမမောင်းပါနှင့်။ ပြီးတော့ စာရိုက်နေလျှင် လမ်းလည်း မလျှောက်ပါနှင့်။ ဆဲလ်ဖုန်းသုံးပြီး လမ်းလျောက်ရင်း မတော် မဆဖြစ်မှုနှင့် ကြုံသောကြောင့် ဆေးရုံရောက်ရသူ မနည်းတော့ကြောင်း အိုဟိုင်းယိုးပြည်နယ် တက်္ကသိုလ်၏ လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ ယင်းကဲ့သို့ မတော်တဆ ဖြစ်သူများတွင် (၁၆) နှစ်မှ (၂၅) နှစ်ကြားများ အများဆုံး ဖြစ်ကြသည်။ လမ်းလျှောက်ရင်း စာရိုက်သောကြောင့် အန္တရာယ် မဖြစ်နိုင်ဟု မတွေးလိုက်ပါနှင့်။

ဟန်ချက်တော့ ပျက်ပါလိမ့်မည်။ လမ်းလျှောက်ရင်း စာရိုက်ပါက လမ်းလျောက်နှုန်း လျော့ကျ သွားသော်လည်း လမ်းမှန်မှမူ သွေဖည် သွားတတ်ကြောင်း သြစတြေးလျ သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။

စမတ်ဖုန်းကြောင့် ဆက်ဆံရေး ပျက်ယွင်းရသည်။
  စမတ်ဖုန်း များကြောင့် ချစ်သူ ခင်သူများနှင့် အချိန်မဆိုင်း ဆက်သွယ် ပြောဆိုနိုင်သော်လည်း စမတ်ဖုန်းကြောင့်ပင် ဆက်ဆံရေး ပျက်မှုများ ရှိလာခဲ့ပြီ ဖြစ်သည်။ စာရိုက်ပြီး တောင်းပန်သည့် အမျိုးသမီးများ၊ စာရိုက်ပြီး ပြဿနာ ဖြေရှင်းသည့် အမျိုးသမီးများ ခိုင်မြဲသော ဆက်ဆံရေး မရရှိစေကြောင်း ဘရစ်ဟမ် ယန်းတက္ကသိုလ်မှ သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။

 မက်ဆေ့ဂ်ျများစွာ ပေးပို့သော အမျိုးသမီးများကို အမျိုးသားများက များစွာ အလေးအနက် မထားတတ်ကြ။ သို့သော် စာသားဖြင့် ချစ်မြတ်နိုးကြောင်း ဖော်ပြခြင်းကြောင့် အမျိုးသားများနှင့် အမျိုးသမီးများကြား ဆက်ဆံရေး ပိုမို ကောင်းမွန် လာတတ်ကြောင်း တွေ့ရှိခဲ့ပြန်သည်။ ယင်းကြောင့် မင်းကိုချစ်တယ် ဆိုသည့် စာကို အကြိမ်ကြိမ် ပေးပို့နိုင်ပါသည်။ သို့သော် အငြင်းပွားမှုများ ကိုတော့ စာရိုက်ပြီး မဖြေရှင်းပါနှင့်ဟု သတိပေးလိုပါသည်။

စမတ်ဖုန်း သုံးခြင်းကြောင့် အအိပ်ပျက်ရသည်။
 အသက် (၁၈) နှစ်မှ (၄၄) နှစ် အရွယ်များ၏ (၇၅) ရာခိုင်နှုန်းသည် ဖုန်းကို လက်တစ်ကမ်း အကွာ ထားပြီး အိပ်စက် တတ်ကြသည်။ သို့သော် လက်ပ်တော့များနှင့် စမတ်ဖုန်းများမှ ထုတ်လွှတ်သော ရောင်ခြည်ပြာသည် အိပ်စက်ခြင်း အပေါ် ဆိုးဝါးစွာ အကျိုးသက် ရောက်နေကြောင်း ကိုတော့ သိသူ ရှားလှသည်။ အလင်းရောင် အတုကြောင့် ခန္ဓာကိုယ်သည် နွမ်းနယ်လာပြီး အိပ်ချင်စိတ် ပေါက်စေသည့် ဓာတုပစ္စည်းများကို မထုတ်လုပ် နိုင်တော့ဘဲ လူမှာပိုပြီး တက်ကြွသလို  ခံစားရကြောင်း ဟက်ဖင်တန်ပို့စ်က ဖော်ပြခဲ့သည်။

 မက်ဆေ့ဂ်ျများ၊ အီးမေးလ်များ မကြာခဏ ၀င်လာမှုကြောင့် မြည်သည့် အသံများကြောင့်လည်း အိပ်စက်မှုပုံစံ ပျက်ရပြန်သည်။ ဖုန်းတစ်ချိန်လုံး သုံးမှုကြောင့် စိတ်ဖိစီးမှုဝင်ပြီး အိပ်စက်ချိန် နည်းလာကာ အဆိုးဆုံးအဖြစ် စိတ်ပင် ကျလာတတ်ကြောင်း ဆွီဒင် ပညာရှင်များ၏ လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ ယင်းကြောင့် ညဖက် ကောင်းကောင်း အိပ်ပျော်လိုလျှင် ဖုန်းကို အိပ်ရာနှင့် ခပ်ဝေးဝေး ထားပါဟုသာ အကြံပြုလိုပါသည်။

 Credit : Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top