iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၆ ထဲမှာကားကြီး အနေနဲ့ ၅ ကား သို့မဟုတ် ၆ ကားလောက်ရိုက်ကူးဖြစ်မယ်လို့ပြောလာတဲ့ ပြေတီဦးက ဒီဇင်ဘာမှာလဲ ဦးမျိုးမင်းနဲ့ ကားကြီးတစ်ကား ရိုက်ကူးဖို့ရှိသလို ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD ပါတီနိုင်တဲ့အပေါ် သူ့ရဲ့အမြင်နဲ့ပတ်သက်ပြီး ခုလို ဖြေကြားပေးသွားခဲ့ပါတယ်။

"အဓိကကတော့ တိုင်းပြည်အတွက်ပါပဲ။ အပြောင်းအလဲကို လိုချင်တယ်။ လိုချင်တဲ့ အပြောင်းအလဲလဲဖြစ်တယ်။ ကျွန်တော်တို့တိုင်းပြည်အတွက်ကောင်းရာကောင်းကျိုးဖြစ်မဲ့ ကိစ္စဆိုတဲ့အခါကျတော့ ကျွန်တော်တို့ အနေနဲ့အရမ်းကို ၀မ်းလဲဝမ်းသာတယ်။ ပြည်သူလူထုတွေအတွက်ကိုပျော်ရွှင်တယ်။ ကျွန်တော်တို့တွေ လိုလားတာ ကတော့ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ကောင်းသော အပြောင်းအလဲလေး တစ်ခုကို ငြင်သာစွာနဲ့ဘယ်သူမှထိခိုက်နစ်နာမှုမရှိပဲ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ဆက်လက်လျှောက်လှမ်းသွားနိုင်ဖို့ကအရေးကြီးဆုံးပါပဲ။

ကျွန်တော်တို့စည်းလုံး ညီညွတ်တယ်ဆိုတဲ့နေရာမှာလဲ တစ်တိုင်းတစ်ပြည်လုံး စည်းလုံးကြဖို့ငြိမ်းချမ်းကြဖို့လိုပါတယ်။ အမြင်မတူဘူး ဆိုတာက သဘာဝပါ။ လူတိုင်းလူတိုင်းက ကိုယ့်ခံစားချက်အပေါ်မူတည်ပြီး အမြင်တွေ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။ အဲ့ဒီလို ကွဲလွဲပိုင်ခွင့်ရှိတယ်ဆိုတာက ဒီမိုကရေစီပါ။ ကျွန်တော်တို့က ကိုယ်ကြိုက်တာကို သူများကမကြိုက်ရုံနဲ့ တစ်ယောက်ကိုတစ်ယောက် အပြစ်တွေပြောကြမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ကိုရောက်မှာ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲကာလတွေ၊ မဲပေးတဲ့ကာလတွေဆိုတာ နိုင်ငံတိုင်းမှာလဲ အပြိုင်အဆိုင်အနေနဲ့ ပြိုင်ဆိုင်မှုတွေပြင်းထန်ကြမှာါ။ ဒါပေမဲ့ ပြိုင်ဆိုင်မှုကာလတွေပြီးသွားတဲ့အချိန်ကျရင်တော့ အားလုံးဟာ တစ်သွေးတည်း တစ်သားတည်း ညီအစ်ကိုမောင်နှမအရင်းတွေလိုပဲ ချစ်ခင်နိုင်ရမယ်။ စည်းလုံးနိုင်ရမယ်။ ဒါမှပဲ ကျွန်တော်တို့လိုချင်တဲ့ အနေအထားကိုရောက်မှာပါ။ ဘယ်ဖက်ကပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက်ချစ်နိုင်ရမယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်ရမယ်။ ဒါကအခြေခံ အရမ်းလဲကျတယ်။ အရမ်းလဲ အရေးကြီးတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ပြည်သူတွေနဲ့ အနုပညာရှင်တွေလဲ စည်းလုံးညီညွတ်ဖို့ချစ်ခင်ကြဖို့ လိုသလို အနုပညာသမားအချင်းချင်းလဲ ခံယူချက်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ ညီအစ်ကိုမောင်နှမအရင်းတွေလိုပဲ စည်းလုံးကြဖို့လိုပါတယ်။ ပြည်သူတွေ အချင်းချင်းလဲဒီလိုပါပဲ။ ဘယ်လိုပဲ ခံယူချက်ကွဲပြားသည်ဖြစ်စေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လက်တွဲသွားမှသာ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ကိုအမြန်ဆုံးရောက်မှာပါ။ အဲ့ဒီတော့ ကျွန်တော်တို့တွေချစ်ခင်ကြဖို့စည်းလုံးကြဖို့ဆိုတာ အရမ်းကိုအရေးကြီးဆုံးအချက်ပါပဲ"လို့ သူက ပြောသွားပါတယ်။

ပရိသတ်အားပေးမှု မြင့်ခဲ့တဲ့ ရက်ရက်စက်စက်ကားလေးနဲ့ပတ်သက်ပြီးတော့လဲ သူက  "အဓိကကတော့ သူကတော့ ပညာပေးလိုမျိုးလဲပါတာပေါ့နော်။ ကိုယ့်စိတ်ကို မထိန်းနိုင်လို့ရှိရင် ဆိုးကျိုးဖြစ်နိုင်တယ်ဆိုတာမျိုးကို ပညာပေးထားသလိုမျိုး လဲပါတယ်။ ဇာတ်လမ်းဇာတ်အိမ် အရမ်းကောင်းတယ်။ ပရိသတ်ကြိုက်နိုင်တဲ့ ကားတစ်ကားလဲဖြစ် တယ်။ နောက်ဒါရိုက်တာက ဦးမျိုးမင်းဖြစ်တဲ့အတွက် ဦးမျိုးမင်းကို ယုံကြည်တာလဲပါတယ်။ နောက်ကာရိုက်တာက မိုးဟေကိုလဲ စွန့်စားရတာဖြစ်သလို ကျွန်တော်ကိုယ်တိုင်လဲ စွန့်စားရတာဖြစ်တယ်။ ပါတဲ့သူတွေအကုန်လုံးကတော့ ရက်ရက်စက်စက်တွေကြီးပဲ။ အနေအထားအားလုံးကို သုံးသပ်လိုက်တဲ့ အခါမှာ ပရိသတ်လက်ခံနိုင်မဲ့ ကားတစ်ကားဖြစ်လို့ရိုက်ခဲ့တယ်။ ရိုက်ခဲ့တဲ့အတိုင်း အရမ်းကိုပေါက်ခဲ့လို့အတိုင်းမသိကို ၀မ်းသာမိပါတယ်။ နောက်တစ်ခုရှိတာက အခုနောက်ပိုင်းမှာ ကာရိုက်တာကောင်းခြင်း ဆိုးခြင်းထက် သရုပ်ဆောင်တဲ့ အပိုင်းမှာပါ အမှတ်ပေးကြတာများပါတယ်။ တဖြည်းဖြည်းနဲ့လမ်းကြောင်းလေးပြောင်းလာတာပေါ့။ အရင်ကတည်းကလဲ ဗီလိန်ဇာတ်ရုပ်တွေကို ရိုက်ခဲ့တယ်။ ပရိသတ်ကိုယ်တိုင်ကလဲ သရုပ်ဆောင်တဲ့အပေါ်မှာ အမှတ်ပေးလာတဲ့အတွက် သရုပ်ဆောင်တဲ့အပိုင်းမှာ ပိုအဆင်ပြေလာတယ်။ မိုးဟေကို ကိုယ်တိုင်လဲ ဒီလိုကာရိုက်တာကို ရိုက်ရဲတဲ့အတွက် ချီးကျူးပါတယ်"တဲ့။

မိသားစုကို အချိန်ပေးဖြစ်တဲ့အပိုင်းမှာတော့ ပြေတီဦးဟာ အားလပ်ရက်တွေ မရှိတော့ဘူးဆိုတဲ့အထိကို ကားမရိုက်ဖြစ်တော့ဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။ "လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်အထိကတော့ ကားကို ရက်အပြည့် ရိုက်ခဲ့ကြတယ်။ အဲ့ဒီသက်တမ်းတွေလဲကြာလာပြီ ဆိုတော့ ကျွန်တော်တို့လဲ ပင်ပန်းတဲ့အပိုင်းတွေလဲ ရှိလာသလို မိသားစုလဲ ရှိလာပြီဆိုတော့ တစ်လမှာ အနည်းဆုံး တစ်ပတ်လောက် အားလပ်ရက် ယူပြီး မိသားစုနဲ့နေတယ်။ သမီးတွေကလေးတွေဆိုရင်လဲ ကစားကွင်းတွေ လိုက်ပို့တယ်။ မိသားစုနဲ့နေတယ်။" လို့ သူက ပြောပြသွားပါတယ်။

ပြေတီဦးဟာ လက်ရှိမှာ ကျွန်တော်မုန်းနေသော အမျိုးသမီး ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ ဦးဟိန်းစိုး မင်းသမီးမိုးဟေကိုနဲ့ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top