iMyanmarHouse.com - Best Property Website for Myanmar
×

လမ်းခွဲခဲ့ပြီးသား ရည်းစားဟောင်းနဲ့ ပြန်တွဲဖို့ သင်စဉ်းစားနေပါသလား။ ဒီလို ရည်းစားဟောင်းနဲ့ ပြန်တွဲတော့မယ်ဆိုရင် သင့်အနေနဲ့ ချစ်တဲ့စိတ်၊ သံယောဇဉ်ကိုသာ အလေးပေးပြီး သူနဲ့ပြတ်ခဲ့တဲ့အကြောင်းအရာတွေကို မသိယောင်ဆောင်နေလို့ မဖြစ်ပါဘူး။ ဒါ့အပြင် ကိုယ့်ကိုကိုယ် အရင်ဆုံး ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီတော့ ရည်းစားဟောင်းကို နောက်ထပ်အခွင့်အရေးပြန်ပေးမယ့်သူတွေ အနေနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးသင့် တဲ့ မေးခွန်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။အရင်နှစ်က တွဲခဲ့ချိန်တုန်းက သင့်ရည်းစားဟောင်း ဘာလိုအရာတွေ လုပ်နေခဲ့သလဲ။ ခုရော။

သင်ပြန်တွဲဖို့ စဉ်းစားနေတဲ့ ရည်းစားဟောင်းဟာ သင်နဲ့ရှိနေချိန်နဲ့ ခု ဘာတွေများ ကွာခြားသွားခဲ့ပြီလဲ။ သူ့မှာ အပြောင်းအလဲကောင်းလေးတွေ တွေ့လာရပြီလား။ အရင်က အလုပ်အကိုင်မရှိခဲ့ပေမယ့် ခု အလုပ်တွေဘာတွေနဲ့ ဖြစ်နေပြီလား။ အရင်က မူးယစ်ဆေးဝါးသုံးဖူးခဲ့ပေမယ့် ခုတော့ ဒါတွေနဲ့ လုံးဝပြတ်သွားပြီလား။ အရင်တုန်းက သူနဲ့ ရှုပ်သလိုလို ဖြစ်ခဲ့တဲ့ နောက်တစ်ယောက်နဲ့ အခြေအနေကရော စသဖြင့် အားလုံးကို ပြန်သုံးသပ်ကြည့်ပါ။

၂။အရင်က အရာတွေအတွက် သူ နောင်တရနေတဲ့ပုံမျိုး ရှိနေသလား။

ကိုယ်လုပ်ခဲ့တဲ့အမှားတွေအတွက် နောင်တရတဲ့သူဆိုရင် သင့်ကို သူလုပ်ခဲ့တဲ့အရာတွေအတွက် ခွင့်လွှတ်ပေးဖို့ သင့်ကိုတောင်းဆိုမှာ ဖြစ်တဲ့အပြင် ဒီနောင်တတရားကပဲ သူ့ကို ပြောင်းလဲသွားစေပါလိမ့်မယ်။ အဲ့ဒီလို အပြောင်းအလဲတွေရော သင်မြင်နေရပြီလား။ သင့်အပေါ်မှာ အရင်ကထက် ပိုလေးလေးစားစား ရှိလာတာမျိုးရော ရှိလာပါသလား။ ဒီအရာတွေကို ထည့်စဉ်းစားပါ။

၃။သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်ကိုရော ပြောင်းလဲပစ်နိုင်ပြီလား။

တကယ်တော့ လူတစ်ယောက်ဟာ သူ့ဘ၀အနေအထား ပြောင်းလဲချင်လာပြီဆိုရင် မဖြစ်မနေ ပြောင်းလဲရမယ့်အရာတွေ ရှိလာပါပြီ။ ဒီတော့အရင်က သူပေါင်းသင်းနေတဲ့သူတွေကြားမှာ သင်တို့နှစ်ဦးကို ကတောက်ကဆဖြစ်စေခဲ့တဲ့ မကောင်းတဲ့လူ၊ သူငယ်ချင်းမျိုးတွေနဲ့ ဆက်တွဲနေသေးသလားဆိုတာလည်း သတိထားကြည့်ရပါလိမ့်မယ်။

၎။ဒီတစ်ခါအချစ်ရေးကို ပြန်လည်စတင်ဖို့ ကြိုးစားရာမှာ သူတို့ပုံစံဟာ အရင်နဲ့ မတူတော့ဘူးလား။

လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ ၇နှစ်တစ်ခါအသစ်ပြန်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ ဒါဆို လူတစ်ယောက်ဟာ ၇နှစ်တစ်ခါ လူသစ်တစ်ယောက်ဖြစ်သွားသလိုပါပဲ။ သင့်ရည်းစားဟောင်းကရော အရင်ထက်ပိုပြီး ရင့်ကျက်သွားတာ၊ အသိဥာဏ်တွေ ပိုတိုးလာတာမျိုး၊ ပြောင်းလဲသွားတာမျိုး ရှိနေပြီလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒါ့အပြင် သင့်ကို ပြန်ရဖို့ ချဉ်းကပ်ရာမှာလည်း ဘယ်လို စိတ်ဝင်စားစရာ ရင်ခုန်စရာ နည်းလမ်းအသစ်တွေကို သုံးပါသလဲ။ ဒါမှမဟုတ် အပြောင်းအလဲမရှိ အရင်လိုပဲ ပြန်တွဲဖို့ ပြောတာမျိုးလား။ စဉ်းစားပါဦး။ အရင်က တွဲလျှောက်ခဲ့ဖူးတဲ့ လူဟောင်းတစ်ယောက်နဲ့ လမ်းသစ်မှာ လျှောက်ဖို့ အဆင်သင့်ဖြစ်ရဲ့လားဆိုတာကိုပေါ့။

၅။အချစ်ရေးအတွက် သူတို့ရဲ့ပန်းတိုင်က ဘာများလဲဆိုတာ သူတို့ဖွင့်ဟပြီးပြီလား။

လူတစ်ယောက်ဟာ ကိုယ်ဘယ်ကိုသွားနေတယ်။ ဘာအတွက် ရုန်းကန်နေတယ်။ ဘာလိုချင်သလဲဆိုတာ သိမှသာ လူတော်တစ်ယောက်ဖြစ်ပါလိမ့်မယ်။ အချစ်ရေးမှာလည်း ဒီလိုပါပဲ။ ဒီအချစ်ရေးကနေ ကိုယ်မျှော်လင့်ထားတာ လိုချင်တာဘာလဲဆိုတာမျိုးတော့ ရှိသင့်ပါတယ်။ ဒီတော့ သင့်ရည်းစားဟောင်းကသာ ရိုးသားမယ်ဆို သင့်ကို ဒါတွေ ဖွင့်ပြောမှာပါပဲ။ သင်နဲ့မျှော်လင့်ချက် ပန်းတိုင်ချင်း တူနေပြီဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါမှမဟုတ်  အရင်ကလည်း ဟိုလိုလို ဒီလိုလို ခုလည်း ဘာတစ်ခုမှ ရေရေရာရာမရှိဘူးဆို၇င် ဒီလူတစ်ယောက်နဲ့ ရှေ့ဆက်ဖို့ ကိစ္စ အချိန်ယူစဉ်းစားဖို့သာရှိပါတော့တယ်။

 Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top