iMyanmarHouse.com - Best Property Website for Myanmar
×

 
ကျွန်မ အသက် ၂၀ အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အမြဲကြားခဲ့ရတဲ့ စကားတစ်ခွန်း ရှိခဲ့ဖူးပါတယ်။ ဒါကတော့ “ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်ဖို့အတွက် အိမ်ထောင်ပြုဖို့ မလိုဘူး ၊ဒါပေမဲ့ အိမ်ထောင်ပြုဖို့ အတွက်တော့ ရင့်ကျက်တဲ့ လူကြီး တစ်ယောက်ဖြစ်သင့်တယ်”တဲ့။ ဒီစကားကို ကျွန်မအိမ်ထောင်သက်ရလာပြီး အတွေ့အကြုံတွေ များလာတဲ့အခါမှ ပြန်ပြီးသုံးသပ်ကြည့်မိတယ်။ သိပ်မှန်တဲ့စကားပဲ ဆိုတာ သိခဲ့ရတယ်။

လူကြီးတစ်ယောက်ဖြစ်ချင်ရုံနဲ့ အိမ်ထောင်ပြုစရာမလိုပေမဲ့ အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ ရင့်ကျက်တဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်အောင် ဘယ်လိုမြန်မြန်လုပ်နိုင်မလဲဆိုတာ သိဖို့ အရမ်းလိုအပ်သွားပါပြီ။ ကျွန်မလက်ထပ်ခဲ့တာက ဒုတိယနှစ်တက်နေတုန်းဖြစ်ပြီး ကျွန်မယောက်ျားကလည်း ကျောင်းပြီးဖို့ ကြိုးစားနေရတဲ့ လူငယ်တစ်ယောက်ပေါ့။ ကျောင်းသားဘဝရဲ့ လွတ်လပ်ပျော်ရွှင်မှုတွေကို အရင်ဆုံး စတေးခဲ့ရတယ်ဆိုတာ အိမ်မှုကိစ္စတွေနဲ့ နပန်းလုံးပင်ပန်းနေရတဲ့ အချိန်မှာမှ သဘောပေါက်လာခဲ့တယ်။

အိမ်ထောင်ရှင် ဘဝမှာ အပျိုဘဝ မိဘအိမ်မှာနေစဉ်ကလို ထမင်းချိုင့်လေးဆွဲပြီး ထွက်လာလို့မရသလို အိမ်ပြန်ရောက်တာနဲ့လည်း အဝတ်လေးလဲပြီး အနားယူလို့ မရခဲ့ပါဘူး။ ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါမှာလည်း အကန့်အသတ်အများကြီးရှိလာပြီး ဘဝတစ်ခုလုံး တိုးတက်နိုင်မယ့် အလုပ်အကိုင်တွေကို အကြောင်းအမျိုးမျိုးနဲ့ ငြင်းပယ်ခဲ့ရတာတွေ ရှိလာပါတယ်။ ဒုတိယ အကြိမ်မြောက် စတေးမှုလို့ ပြောရမယ်နဲ့ တူပါတယ်။

အရင်က ကျွန်မကိုယ်ကျွန်မ စွန့်စားလိုစိတ်ရှိပြီး လွတ်လပ်တဲ့ အတွေးတွေကို ပိုင်ဆိုင်တယ်လို့ ထင်ခဲ့ပေမဲ့ ကျွန်မသူငယ်ချင်းတွေက နေရာအနှံ့က စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တွေကို စဉ်းစားစရာ မလိုဘဲရွေးချယ်နိုင်တဲ့အချိန်မှာ ကျွန်မမှာ ထည့်သွင်းစဉ်းစားရမယ့် အရာတွေက အများကြီးရှိလာတဲ့အတွက် အဲ့ဒီအချိန်မှာ ကျွန်မကိုယ်ကျွန်မ ဒေါသလည်းထွက်မိသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

နောက်တစ်ချက်က မရင့်ကျက်ခင်မှာ အိမ်ထောင်ပြုတယ်ဆိုတာ အရမ်းပင်ပန်းတယ်လို့ ပြောကြပါတယ် ။အကြောင်းရင်းကတော့ နုပျိုလတ်ဆတ်ပြီး အရာရာကို စူးစမ်းချင်တဲ့အရွယ်၊ ပြောင်းလဲလွယ်တဲ့ အရွယ်မှာ သွေးမတော် သားမစပ်လူနှစ်ယောက် အဆင်ပြေပြေ အတူနေနိုင်ဖို့အတွက် ချိုးနှိမ်လိုက်ရတာတွေ၊ မျိုသိပ်လိုက်ရတာတွေက ဒုက္ခတစ်ခုလို ဖြစ်လာတတ်လို့ပါပဲ။

ဥပမာ အရင်လို သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ချင်တာ၊ ကိုယ်ကြိုက်တဲ့ အဝတ်အစား ဝတ်တာမျိုး နောက်ဆုံး ကိုယ်ကြည့်ချင်တဲ့ တီဗီလိုင်းတောင် ကိုယ့်စိတ်ကြိုက် အမြဲကြည့်နေလို့ မရတော့ဘဲ သူ့အကြိုက်ကိုလည်း အလှည့်ပေးရတာမျိုးတွေက အသေးအဖွဲလေးတွေဆိုပေမဲ့ မျိုသိပ်မှုတွေကို ကြာကြာသည်းမခံနိုင်တဲ့ အရွယ်ဖြစ်တဲ့အတွက် ပိုပြီး ပင်ပန်းတတ်ပါတယ်။ ဒီကြားထဲမှာ နှစ်ဘက်မိဘကို အားကိုးနေရသေးတဲ့ အချိန်ဖြစ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီးကလည်း စောင့်နေသေးသလိုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ဘဝကို အခြေကျပြီး စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်၊အိမ်ထောင့် တာဝန်ကို မငြိုမငြင်ထမ်းနိုင်တဲ့ အရွယ်တစ်ခုမှ လက်ထပ်တာက ရေရှည်တည်မြဲပြီး ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုဖြစ်နိုင်ချေ ပိုများမှာပဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top