iMyanmarHouse.com - Best Property Website for Myanmar
×

အနုပညာသက်တမ်း ၁၆ နှစ်အတွင်းမှာ ပထမရင်သွေး အားချစ်လေးကို မွေးပြီးတဲ့ချိန် ပရိသတ်အများရဲ့ တောင်းဆိုမှုကြောင့် ဇာတ်ကားများပြန်လည်ရိုက်ကူးနေရာကနေ လက်ရှိအချိန်မှာ ဒုတိယရင်သွေးလေးကို လွယ်ထားရတဲ့အတွက် နောက်ဆုံးကားကြီးအနေနဲ့ လက်စားချေနတ်သမီးကားပြီးရင် ကားရိုက်တွေပြန်နားမယ်ဆိုတဲ့အကြောင်း သက်မွန်မြင့်ကပြောလာပါတယ်။ ရင်သွေးလေး လွယ်ထားရတဲ့အတွက် ရှုတင်ပေါ်မှာ ပင်ပန်းသလို ကျန်းမာရေးလဲ သိပ်မကောင်းတာကြောင့် ကားရိုက်နားမှာဖြစ်ပြီး ဓာတ်ပုံလောက်ပဲ ရိုက်ဖြစ်လိမ့်မယ်လို့ပြောလာတဲ့သက်မွန်မြင့်ကို ဒုတိယရင်သွေးလေးနဲ့ပတ်သက်တဲ့ ခံစားချက်တစ်ချို့ကို မေးမြန်းကြည့်တဲ့အခါ

"ပျော်ပါတယ်။ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ပေါ့။ ဘာလို့လဲဆိုတော့ ဒါက လိုချင်တိုင်းရတာလဲ မဟုတ်ဘူး။ ကြိုးစားတိုင်းရတာလဲ မဟုတ်ဘူး။ သူများတွေ ခက်ခက်ခဲခဲနဲ့မရနိုင်ဖြစ်နေတဲ့အချိန်မှာ ကိုယ်ကမမျှော်လင့်ပဲ နောက်ထပ်ရင်သွေးလေးတစ်ယောက် ထပ်ရတယ်ဆိုတော့ ကိုယ်ကအတိုင်းမသိ ၀မ်းသာရပါတယ်။ အခုဆို ရင်သွေးလေးက တစ်လခွဲရှိနေပါပြီ"လို့ သူမက ဖွင့်ဟပါတယ်။

ဒုတိယရင်သွေးလေးကြောင့် ကားရိုက်ပြန်နားမယ့်အကြောင်းကိုတော့ သူမက  "နေကောင်းလို့ရှိရင်တော့ ရိုက်လို့ရတာပေါ့။ နေမကောင်းတဲ့အချိန်ကျတော့ ကိုယ်ကလဲနေမကောင်း ကလေးအတွက် မကောင်းဘူး။ ပြီးတော့ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်လဲ စိတ်အနှောင့်အယှက်ဖြစ်တယ်။ အဲ့ဒါကြောင့် နားဖို့စဉ်းစားလိုက်တာပါ။ တကယ်လို့နေကောင်းမယ်။ ရိုက်လို့လဲရတဲ့ဇာတ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ။ ဒီကားပြီးရင်တော့ နားမှာပါ။ ဓာတ်ပုံတွေလောက်ပဲ ရိုက်ဖြစ်ပါတော့မယ်။ နေကောင်းလို့ရှိရင်တော့ အလုပ်ဆက်လုပ်လို့ရတာပေါ့။ အခုက နေကသိပ်မကောင်းတဲ့အခါကျတော့ အပင်ပန်းမခံရဲဘူး။ လတစ်အားနုနေတဲ့အချိန်မှာ ကလေးကို ဂရုစိုက်ရမဲ့ အချိန်ဆိုတော့ ကလေးကပိုအရေးကြီးတယ်လို့ထင်ပါတယ်"တဲ့။

ဒါ့အပြင် သူမက "နောက်တစ်ယောက်ကိုလွယ်ထားရတော့ အားချစ်လေးအတွက် အဖော်ရတဲ့အပေါ်မှာရော ကိုယ်ကတစ်ယောက်တည်းနေလာခဲ့ရတာများတော့ အထီးကျန်တာကြီးကို မကြိုက်ဘူး။ တစ်ဦးတည်းသော သားသမီးပုံစံတွေကို မကြိုက်ဘူး။ ကိုယ့်ကလေးကိုလဲ မောင်နှမတွေနဲ့မိသားစု သိုက်သိုက်ဝန်းဝန်းပုံစံမျိုးကိုကြိုက်တယ်။ တစ်ယောက်တည်း မဖြစ်စေချင်ခဲ့ဘူး။ ဒီလောက်မြန်မယ်လို့လဲမမျှော်လင့်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အသက်သိပ်မကွာတဲ့အခါကျတော့ အဖော်ပိုရတာပေါ့။ သူတို့ပိုပြီး close ဖြစ်တာပေါ့။ ၂နှစ်ပဲ ကွာတာဆိုတော့ သူတို့သူငယ်ချင်းလိုလဲပေါင်းလို့ရသလို မောင်နှမလိုလဲပေါင်းလို့ရတယ်။ တွေးကြည့်ရင်အကောင်းဖက်ကပါပဲ။ ကျေနပ်ပါတယ်" လို့ သူမက ဆိုပါတယ်။
ကိုယ့်ရင်သွေးကို သမီးလေးဖြစ်ဖြစ် သားလေးဖြစ်ဖြစ် ချစ်မယ်ဆိုတဲ့ သက်မွန်မြင့်က သူမရဲ့အမျိုးသားရဲ့ ဒုတိယရင်သွေးလေးအပေါ် ပီတိဖြစ်မှုနဲ့ပတ်သက်ပြီးတော့လည်း "သူကတော့ပျော်တာပေါ့။ သူလဲအဲ့ဒီလိုပဲ မိသားစုသိုက်သိုက်ဝန်းဝန်း လိုချင်တဲ့သူ၊ ကလေးချစ်တဲ့သူဆိုတော့ သူကတော့ပျော်နေတာပါပဲလို့ ပြောပြသွားတဲ့ပြင် ဒုတိယရင်သွေးလေးနဲ့ပတ်သက်ပြီး မိခင်ကျန်းမာရေးအပိုင်းကိုတော့ ခုလို ဖွင့်ဟပြန်ပါတယ်။  "လူကနုံးနေတယ်။ အားမရှိဘူး။။ မူးနေတယ်။ အဲ့ဒီလိုဆိုတော့ ရိုက်ရတာ ပိုပင်ပန်းတယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေရတဲ့အခါကျတော့ စိတ်နှစ်ပြီး အလုပ်လုပ်တဲ့အခါကျတော့ ဒီအတိုင်းပဲစိတ်ပြန်ပါသွားတာပါပဲ။ အိမ်ရောက်တဲ့အခါကျမှ နားပေါ့။ သက်မွန်အခုဆိုအစားအသောက်တွေ သတိထားရပါတယ်။ အသွားအလာတွေလဲ သတိထားရပါတယ်။ မိုးရွာနေတော့ ပိုပြီး ဂရုစိုက်ရတာပေါ့။ ဒေါက်ဖိနပ်စီးတဲ့အခါမျိုးကျရင်ပိုပြီးသတိထားရပါတယ်"တဲ့။

ရင်သွေးလေးရှိနေပေမဲ့ ဇာတ်ကားတွေကိုလဲ ပြန်ရိုက်စေချင်ကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒကိုတော့ သူမက "သူတို့နားလည်ပါတယ်။ ကိုယ်ဖန်တီးလို့ရတဲ့အရာလဲ မဟုတ်ဘူး။ ကိုယ်လိုချင်တိုင်းရတဲ့အရာလဲမဟုတ်ဘူး။ သူ့အချိန်အခါ သူ့ကံ ကိုယ့်ကံကြောင့် အချိန်ကျလာလို့ရောက်လာတာ အဲ့ဒီအပေါ်မှာ ကိုယ်ကဘယ်ဟာကိုရွေးချယ်မလဲပေါ့။ ဒါကို သူတို့နားလည်ပေးမှာပါ။ သူတို့ကတော့ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ဇာတ်ကားတွေကိုအဆက်မပြတ်ရိုက်စေချင်တယ်။ အားပေးချင်တယ်ပေါ့။ ကိုယ်ကလဲသူတို့ကအားပေးကြတဲ့အတွက်ကြိုးစားပြချင်တာပေါ့။ ဒါပေမဲ့ ခုနကပြောသလို ကိုယ်ဖန်တီးလို့မရတဲ့အတွက်ဖြစ်လာတဲ့အပေါ်မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားရမှာပဲ။ ရင်သွေးလေးလဲလွယ်ထားတဲ့အတွက် ကိုယ်ကမိခင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်။ ကားရိုက်တဲ့အခါကျရင် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်။ သူ့အချိန်အခါနဲ့သူပေါ့။ ပရိသတ်တွေကိုတော့ ရင်ထဲကနေပဲလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်နားတဲ့အချိန်မှာရော ကိုယ်ဝန်ဆောင်တဲ့အချိန်မှာရော ကလေးမွေးတဲ့အချိန်မှာရော သူတို့တောက်လျှောက် ဂရုစိုက်ကြတယ်။ သူတို့ဆုတောင်းပေးခဲ့ကြတယ်။ ချစ်ကြတယ်။ ကားပြန်ရိုက်တော့လဲ ကိုယ့်ဖက်က အားနည်းချစ်တွေအပေါ် နားလည်ပေးပြီး အားပေးကြတယ်။ ချစ်ပေးကြတယ်။ အခုနောက်ထပ် ရင်သွေးလေးရလာတော့လဲ သူတို့က၀ိုင်းပျော်ပေးကြတယ်။ ကျန်းမာရေးဂရုစိုက်ဖို့ဝိုင်းမှာကြတဲ့အတွက်ကိုယ့်မိသားစုလိုပဲခံစားရတယ်။ ဘယ်အချိန်ပဲပြန်ရိုက်ရိုက်အားပေးမယ်ဆိုတဲ့စကားကလဲ ကိုယ့်ကို အားရှိစေပါတယ်။ အဲ့ဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်"လို့ ဆိုသွားပါတယ်။

သက်မွန်မြင့်ဟာ ခု လက်ရှိမှာ ဒါရိုက်တာညိုမင်းလွင် မင်းသားသစ်သြဘာနဲ့အတူတူ လက်စားချေတဲ့နတ်သမီး ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။



Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top