iMyanmarHouse.com - Best Property Website for Myanmar
×










လမ်းလျှောက်ခြင်းဖြင့် ပိုနေသောကိုယ်အလေးချိန် လျှော့ချရန်ကူညီနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်စေကာ ကောင်းစွာ ပုံသွင်းပေးနိုင်သည်။ အထူးသဖြင့် ခန္ဓာကိုယ်အောက်ပိုင်းပုံစံကျလှပစေမည့် လေ့ကျင့်ခန်းတစ်မျိုးလုပ်ရန် ကြိုးစားနေပါက လမ်းလျှောက်ခြင်းထက် ပိုကောင်းသည့် လေ့ကျင့်ခန်းမရှိဟု ခန္ဓာကိုယ်ကြံ့ခိုင်မှု ပညာရှင်အယ်လ်သီယာရှာက ပြောသည်။

လေ့ကျင့်ခန်းလုပ်ခြင်းမှာ သင့်အတွက် အစိမ်းသက်သက် ဖြစ်နေပါက လမ်းလျှောက်ခြင်းမှာ လေ့ကျင့်ခန်း စလုပ်ရန် အကောင်းဆုံးပုံစံဖြစ်သည်။ လမ်းလျှောက်ခြင်းမှာ ကြွက်သားများကို ကောင်းမွန်စေပြီး အထူးသဖြင့် လမ်းလျှောက်နေစဉ် ခန္ဓာကိုယ်ကြွက်သားများ ကျုံ့သွား စေသည်။ လမ်းလျှောက်သည့် လေ့ကျင့်ခန်းစလုပ်ချိန်တွင် သင်၏ခန္ဓာကိုယ်မှာ လေ့ကျင့်ခန်းလုပ်သည့် အလေ့အထမရှိသောကြောင့် အနည်းငယ်နာကျင်သည့် ဝေဒနာကို ခံစားရလိမ့်မည်။ သို့သော် လမ်းလျှောက်သည့် လေ့ကျင့်ခန်း ဆက်လုပ်ခြင်းဖြင့် ကောင်းသောအကျိုးကျေးဇူးများကို လက်တွေ့ရရှိလာလိမ့်မည်။

လမ်းလျှောက်ခြင်းမှာ နှလုံးသွေးကြော ကျန်းမာရေးအတွက် ကောင်းသည်။ နေပူဆာလှုံရင်း လမ်းလျှောက်ထွက်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ အကယ်၍ လမ်းမြန်မြန်လျှောက်ရန် ဒူးအခြေအနေ မကောင်းပါက အေးအေးဆေးဆေး လမ်းလျှောက်ပါ။

တင်ပါးနှင့် ပေါင်ကျစ်လျစ်စေမည့် အကောင်းဆုံးလေ့ကျင့်ခန်းမှာလည်း လမ်းလျှောက်ခြင်းပင် ဖြစ်သည်ဟု ခန္ဓာကိုယ်ကြံ့ခိုင်မှုပညာရှင် ဆာဂါပက်နီကာက ပြောသည်။ လမ်းမြန်မြန်လျှောက်ပေးခြင်းက ကြွက်သားများကို ကျစ်လျစ်စေပြီး လမ်းလျှောက်စဉ် တစ်မှတစ်ဆယ်ထိ ရေတွက်ကာ တင်ပါးကို ညှစ်ပေးရန် အမှတ်ရပါ။

အသက်ရှူခြင်းဆိုင်ရာ ပြဿနာရှိပါက လမ်းလျှောက်ခြင်းဖြင့် ဖြေရှင်းသင့်သည်။ လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်အတွက် အောက်စီဂျင်ထောက်ပံ့မှုကို ပိုမိုအားကောင်းစေသည်။ သင်လမ်း လျှောက်နေစဉ် လတ်ဆတ်သော လေနှင့်ထိတွေ့ရပြီး အဆုတ်များ၏လုပ်ဆောင်ချက် ချော့မွေ့လွယ်ကူစေရန် ကူညီပေးနိုင်သည်။

ကိုယ်အလေးချိန် လျှော့ချရန် အားစိုက်ပြီး လမ်းလျှောက်ပါ။ ယင်းကဲ့သို့ အားသွန်ခွန်စိုက်လမ်းလျှောက်ပေးခြင်းကြောင့် အပြေးလေ့ကျင့်၍ လောင်ကျွမ်းမည့် ပမာဏအတိုင်း ကယ်လိုရီများ လောင်ကျွမ်းစေသည်။

အသက်အရွယ်မရွေး လမ်းလျှောက်နိုင်ပြီး ထိခိုက်ဒဏ်ရာရမူ အန္တရာယ်လည်း အလွန်ပင်နည်းပါးသော လေ့ကျင့်ခန်းဖြစ်သည်။ လမ်းလျှောက်ခြင်းမှာ ကျောရိုးအတွက်လည်း အထူးကောင်းမွန်သည်။ အသက်(၅၀)ကျော်အရွယ်များ လမ်းလျှောက်ပေးခြင်းဖြင့် တစ်သျှူးများကို သန့်ရှင်းသွားစေနိုင်သည်။ လမ်းလျှောက်သည့် လေ့ ကျင့်ခန်းလုပ်မည်ဆိုပါက သက်သောင့်သက်သာ စီးနိုင်မည့် လမ်း လျှောက်ဖိနပ်ကောင်းကောင်းတစ်ရန် ၀ယ်ထားပါ။ ချောင်ချောင်ချိချိဝတ်ဆင်ပြီး လမ်းလျှောက်ပါ။

လမ်းလျှောက်သည့် လေ့ကျင့်ခန်းကို တစ်နေ့လျှင် အနည်းဆုံးနာရီဝက်ဖြင့် တစ်ပတ်လျှင် ငါးကြိမ်ပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက ညွှန်ကြားထားသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top