iMyanmarHouse.com - Best Property Website for Myanmar
×

ကျနော် အထက်တန်းကျောင်းသားဘ၀တုန်းက အတန်းထဲမှာ သူများတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျစရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာ အိမ်ကိုငိုပြီးပြန်လာရတဲ့အထိ ခံစားရတဲ့အခါ အရမ်းကို စိတ်ကုန် သွားပြီး ကျနော်အိပ်ခန်းထဲက whiteboard မှာ “အနိုင်ကျင့်တတ်သူတွေ ကို မုန်းတယ်၊ သူတို့ကြောင့် ငါအရမ်းစိတ်ညစ်ရတယ်” လို့ရေးလိုက်ပါတယ်။
နောက်တစ်နေ့ ကျောင်းသွားတဲ့ အချိန်မှာ ကျနော့်ရဲ့အဘွားက အဲဒီစာကို ဖျက်ပြီး “ ပစိဖိတ် သမုဒ္ဒရာထဲက များပြားလှတဲ့ရေတွေကို အသုံးချပြီး သွားလာတဲ့သင်္ဘောဟာ လိုရာခရီးကို ရောက်နိုင်ပေမဲ့ အဲဒီရေ တွေကို သင်္ဘောထဲဝင်စေမိသွား ရင်တော့ လိုရာခရီးမရောက်တဲ့အပြင် နစ်မြုပ်ပျက်စီးသွားကြတာပါပဲ။ အဲဒီလိုပဲ အဆိုးမြင်အတွေးတွေ၊စကားလုံးတွေဟာ ကိုယ့်ပတ် ၀န်းကျင်မှာ ဘယ်လောက်ပဲရှိနေပေမဲ့ ကိုယ်က အ၀င်မခံရင် ကိုယ်လည်းမနစ်မြုပ်နိုင်ပဲ လိုရာခရီးကို တည့်မတ်စွာရောက်ရှိမှာပဲ” လို့ ရေးထားခဲ့ပါတယ်။

အဲဒီနေ့ကစပြီး ကျနော်ဟာ ပျော်ပျော်ရွှင်ရွှင်ဖြစ်လာခဲ့ပြီး အနိုင်ကျင့်တတ်သူတွေရဲ့ မကောင်း တဲ့ အပြုအမူတွေကို စိတ်ထဲကို မထည့်တော့ပါဘူး။ အနိုင်ကျင့်တတ်တဲ့ အတန်းဖော်ကို အရင် က ကျနော့်ဘ၀မှာ အရေးပါသလို ထည့်စဉ်းစားနေခဲ့ပေမဲ့ အခုတော့ အရေးမပါတဲ့နေရာကို ရွှေ့လိုက်နိုင်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ ဘေးပတ်ဝန်းကျင်မှာ အဆိုးမြင်တွေ၊ ဖြစ်ရပ်ဆိုးတွေ၊ စိတ်သဘောဆိုးတာတွေ ရှိနေတဲ့အချိန်မှာ အကောင်းမြင်စိတ်လေးနဲ့ အေးချမ်းနေနိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကိုယ်ယုံကြည်ချက်ကို စွဲမြဲစွာ လက်ခံထားဖို့ အမြဲသတိရနေရင်တော့ လုပ်နိုင်သွားပါလိမ့်မယ်။
အကောင်းမြင်စိတ်နဲ့ နေ့စဉ်ဘ၀မှာ အကျိုးရှိတဲ့အလုပ်ကိုပဲလုပ်၊ အကျိုးရှိတဲ့အတွေးကိုပဲတွေး ပြီး အချိန်ကုန်ဆုံးချင်ရင်တော့ မှတ်သားလိုက်နာရမဲ့ အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။

(၁) အဆိုးမြင်သမားရဲ့ ဝေဖန်ချက်ကို အလေးထားဖို့မလိုပါဘူး။
အဆိုးမြင်တတ်တဲ့လူဆိုတာ ကိုယ့်ကိုသာမဟုတ်ပဲ သူများတွေကိုလည်း အပြစ်မြင်ဝေဖန်တတ် ကြတာပါပဲ။ ပြစ်တင်ဝေဖန်ခြင်း၊ ညည်းညူခြင်းကို အလွန်လုပ်တတ်သူတွေဟာ များသော အားဖြင့် သူတို့ရဲ့အဆိုးမြင်စိတ်ကြောင့်သာ ဖြစ်တတ်တာကြောင့်  သင့်ကိုဆိုးဆိုးဝါးဝါး ဝေဖန်ခဲ့ရင်တောင် သင်နဲ့မဆိုင်တတ်ကြပါဘူး။ ကိုယ့်အပေါ်မှာ အကျိုးရှိတဲ့အကြံဥာဏ် ပေးခြင်းမျိုးကိုဆိုရင် နားထောင်ပြီး စဉ်းစားပေးသင့်ပေမဲ့ အဆိုးဝေဖန်ချက်သက်သက် ဆိုရင်တော့ အလေးထားဖို့မလိုအပ်ပါဘူး။
  
  (၂) သင်ဟာ ဘယ်သူနဲ့မှ တူနေဖို့မလိုပါဘူး။
သင် လူ့ဘ၀ထဲရောက်လာကတည်းကနေ ခုထိ သင်ဟာ ဘယ်လိုလူမျိုးဖြစ်ဖို့ရောက်လာတာ ဖြစ်ကြောင်း တပ်အပ်ပြောနိုင်သူကို တွေ့ဖူးပါသလား။ ကိုယ့်ကိုကိုယ် သူများနဲ့ ယှဉ်ပြီး မြင်နေသမျှကာလပတ်လုံး ပျော်ရွှင်မှုအစစ်ကို တွေ့ဖို့မလွယ်ပါဘူး။ ကိုယ်ပိုင်အရည်အချင်း အစစ်ကို ထုတ်ပြနိုင်ဖို့လည်း မလွယ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူတစ်ဦးချင်း တစ်ယောက်ချင်း စီဟာ တစ်ဦးနဲ့တစ်ဦး မတူညီကြတာ သဘာဝပဲဆိုတော့ မိသားစုဝင်၊ လေးစားရသူတွေ ကိုတောင် အလွန်အကျွံအတုယူအားကျပြီး တူညီချင်တဲ့စိတ်ကို ဖျောက်ဖျက်ပါ။

(၃) ဘ၀ဆိုတာ အမြဲမပြည့်စုံဘူး၊ အခက်အခဲဟာလည်း အလှတရားတစ်ခုပါ။
မနက်အိပ်ရာနိုးတာနဲ့ အရာအားလုံးဟာ အကောင်းဖြစ်ဖြစ် အဆိုးအဖြစ် ကြိုတင်ပူပန်မနေပဲ ပျော်ပျော်ရင်ဆိုင်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါ။ ဘ၀အနိမ့်အမြင့်ဆိုတာ ပင်လယ်ပြင်က လှိုင်းလုံး လိုပဲ တစ်လှည့်စီ လာနေမှာပါပဲ။ အောင်မြင်တဲ့အခါ ပျော်ရွှင်ရတယ်ဆိုတာ မအေင်မြင်ခဲ့တဲ့ အချိန်တွေရှိခဲလို့ပါပဲ။ ဘယ်လောက်ပဲ ရုန်းကန်နေရပါစေ၊ ရင်ဆိုင်နိုင်ဖို့ အင်အားတွေနဲ့ ကိုယ်လက်အင်္ဂါတွေရှိနေသေးတာဟာ ကျေးဇူးတင်စရာပါ။ ဒီမနက်နိုးထလာခြင်းဟာ မနေ့က ရှိခဲ့တဲ့အင်အားတွေရဲ့ကျေးဇူးတရားကြောင့်ပဲဆိုတာ အမြဲ သတိတရရှိပေးပါ။ ဒီတော့ အောင်မြင်မှုနဲ့ ကျရှုံးမှုရောမွှေထားတဲ့ ဘ၀လေးကို ပြည့်ပြည့်၀၀ချစ်လိုက်ပါ။

(၄) အခက်အခဲ၊ စိတ်နာကျင်ဖွယ်ကိစ္စ ဒါတွေဟာ သင်ခန်းစာရပ်တွေပါ။
အတွေ့အကြုံတိုင်းဟာ ဘ၀ရဲ့ သင်ခန်းစာတွေပါ။ စိတ်ပျက်အားလျော့ဖွယ်ကောင်းခြင်းနဲ့ ရှုံးနိမ့်ခြင်းတွေဟာ အောင်မြင်မှုကိုသွားနေတဲ့ လှေကားထစ်ရဲ့ အဖုအထစ်လေးတွေပါ။ ဒီတော့ အဖုအထစ်တွေဘယ်လောက်ပဲရှိရှိ ဒါဟာ အောင်မြင်မှုကို သွားတဲ့လမ်းပေါ်ရောက်နေကြောင်း ယုံကြည်လိုက်ပါ။ အမှားတစ်ခုခု သို့မဟုတ် အခက်အခဲတစ်ခုခုဖြစ်လာတိုင်း အဲဒီကရရှိတဲ့ သင်ခန်းစာကိုမြင်အောင် အရင်ကြည့်ပါ။ ပြီးရင်တော့ ဒီသင်ခန်းစာကို ယူထားလိုက်ပြီး စိတ်ပျက်ခြင်းနဲ့ အမှားတွေကို မေ့ပစ်လိုက်ပါ။ အကောင်းဆုံးသင်ခန်းစာတွေဟာ အဆိုးဆုံး အတွေ့အကြုံတွေကနေ ရရှိနိုင်ပြီး ဘ၀ကိုတဆစ်ချိုးပြောင်းလဲမြင့်တက်သွားစေတတ်ပါတယ်။ ကောင်းတဲ့အရာတွေ ပျက်စီးသွားတတ်တာဟာ ပိုကောင်းတဲ့အရာတွေအတွက် နေရာဖယ် ပေးခြင်း ဖြစ်ကြောင်းယုံကြည်လိုက်ပါ။

(၅) အရာအားလုံးဟာ မပြောင်းမလဲတည်မြဲဖို့ မဖြစ်နိုင်ပါဘူး။
အပြောင်းအလဲဆိုတာ ကြောက်စရာကိစ္စပါ။ ခွဲခွာရခြင်းကတော့ ပိုပြီးကြောက်စရာကောင်း ပါတယ်။ ဥပမာ - ချစ်တဲ့သူတစ်ဦးနဲ့ ကာလအတန်ကြာဖြစ်စေ ထာဝရဖြစ်စေ ခွဲခွာရတဲ့အခါ ကြေကွဲ ရခြင်းနဲ့အတူ သူမရှိတော့တဲ့ပတ်ဝန်းကျင်မှာ စိတ်မချမ်းမြေ့ဖွယ် အပြောင်းအလဲ များစွာကို ရင်ဆိုင်ရတတ် ပါတယ်။ ဒါပေမဲ့ အတိတ်ဟာ ပစ္စုပ္ပန်မှာနေရာယူနေရင် လွဲမှားမှုဟာ ဖြစ်နေမှာပဲဆိုတာကို သတိချပ်သင့်ပါတယ်။ ဒီတော့ တစ်ခုခုဖြစ်လာတိုင်း ကြံ့ကြံ့ခံရင်ဆိုင်ပြီး တတ်နိုင်သမျှ ရှေ့ဆက်လျှောက်ပါ။ ခြေလှမ်းသေးသေးလေးပဲ လျှောက်နိုင်ရင်တောင် ဒါဟာရှေ့ဆက်နေတာပဲမို့ မကြာခင်ဖြေသိမ့်သွားနိုင်ပါလိမ့်မယ်။ နားမလည်နိုင်တဲ့ အခြေအနေမျိုးမှာတောင် ဘ၀ခရီးဆိုတာ ဒီလိုပဲလို့ ယုံကြည်ပေးပြီး ကိုယ့်ကို နောက်ပြန်ဆွဲနေမဲ့ကိစ္စတွေကို ဖယ်ချကာ ဆက်လျှောက်လိုက်ပါ။

(၆) နေ့စဉ်တိုင်းမှာ ပျော်ရွှင်အောင်နေဖို့ ဆုံးဖြတ်ပါ။
ပျော်စရာရှိလို့ ပျော်တာဟာ သဘာဝဖြစ်စဉ်ပါ။ စိတ်ညစ်စရာရှိနေခဲ့ရင်တောင် ပျော်နိုင်ဖို့ လေ့ကျင့်နိုင်မှသာ အကောင်းမြင်သမားတစ်ယောက်ဖြစ်လာနိုင်မှာပါ။ “ပျော်နေလို့ သီချင်းဆိုတာ မဟုတ်ပဲ ပျော်နေဖို့ သီချင်းဆိုပါ”ဆိုတဲ့စကားလိုပဲ ပျော်တတ်တဲ့စိတ်ကို ကိုယ်တိုင်ဖန်တီးပါ။ ပျော်စရာရှိသည်ဖြစ်စေ စိတ်ညစ်စရာရှိသည်ဖြစ်စေ ပျော်တတ်အောင် လေ့ကျင့်ထားပါက နေ့စဉ်နေ့တိုင်းပျော်ရွှင်နေပြီး စိတ်ညစ်စရာကိစ္စတွေကိုလည်း ရင်ဆိုင်ဖြေ ရှင်းဖို့ ပိုမိုလွယ်ကူသွားတာကို မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်။ ဒီတော့ ဒီနေ့ငါဟာ ပျော် အောင်နေမယ်။ ဘာကိစ္စပဲရှိရှိ ငါ့ရဲ့ဆုံးဖြတ်ချက်မပျက်စေရဘူးလို့ မနက်နိုးတိုင်းရေရွတ်ပါ။

(၇)ကြိုတင်ပူပန်တတ်ခြင်းဖြင့် ပစ္စုပ္ပန်ကာလကို မညစ်ညူးပါစေနဲ့။
လူတော်တော်များများဟာ ပြည့်စုံကောင်းမွန်ချင်လွန်းတဲ့စိတ်နဲ့ မဖြစ်သေးတာတွေအတွက် ကြိုတင်ပူပန်တတ်၊ ပြင်ဆင်တတ်ပါတယ်။တကယ်တော့ ကြိုတင်ပြင်ဆင်ခြင်းနဲ့ ကြိုတင်ပူပန်ခြင်းဟာ မတူပါဘူး။ ကြိုတင်ပြင်ဆင်ခြင်းဟာ လက်တွေ့ဆန်တဲ့အတွက် အကျိုးရလဒ်ကောင်း ထွက်လာနိုင်ပေမဲ့ ကြိုတင်ပူပန်ခြင်းကတော့ ဘယ်နည်းနဲ့မှ အကျိုးမရှိနိုင်တာ အသေအချာပါပဲ။ ဒါကြောင့် အနာဂတ်ပူပန်ခြင်းနဲ့ ပစ္စုပ္ပန်ကာလကို မညစ်ညူးစေသင့်ပါဘူး။ မိမိက စိတ်ညစ်ညူးနေရင် မိမိဘေးက မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ လက်အောက်ငယ်သားတွေကို ပျော်ရွှင်အောင်ဖန်တီးပေးဖို့ မလွယ်ပါဘူး။ ဒီတော့ ကြိုတင်ပူပန်တတ်ခြင်းအကျင့်ကို ပစ်ပယ်လိုက်ခြင်းဖြင့် မိမိရဲ့ပတ်ဝန်းကျင်လေးကို ပျော်အောင် ထားပေးနိုင်သူအဖြစ် နေ့စဉ်ကုသိုလ်ယူလိုက်ပါ။

(၈) သူတပါးကို အကျိုးမပြုတဲ့ဝေဖန်ချက်ကို မပြုလုပ်မိအောင် ရှောင်ပါ။
မိမိက အကောင်းမြင်ဝါဒီဖြစ်ဖို့ ရှေးရှုနေတာဆိုရင်တော့ သူတပါးကို မဝေဖန်မိဖို့ အရေးကြီးပါ တယ်။ အကြံဥာဏ်တောင်းခံလာတဲ့အခါမျိုးမှာ အကျိုှးရှိမဲ့ အကြံဥာဏ်မျိုးကို အေးဆေးချိုသာ စွာပြောဆိုပေးသင့်ပေမဲ့ မဝေဖန်မိပါစေနဲ့။ သူတပါးကို ဝေဖန်မိတဲ့အခါ မိမိကိုယ်တိုင်လည်း စိတ်မသက်မသာဖြစ်မိနိုင်ပါတယ်။ ဥပမာ- ဆူညံတတ်တဲ့သူကို ဆူညံလိုက်တာလို့ မပြောပဲ တိတ်တိတ်လေးနေပေးတဲ့အခါ ဘယ်လိုကျေးဇူးတင်မိကြောင်း သွယ်ဝိုက်ပြောလိုက်တာမျိုး ပေါ့။ သူတပါးရဲ့အဆိုးမြင်စကားကို အလေးမထားပဲနေတတ်ဖို့လိုသလိုပဲ သူတပါးကို အဆိုးမြင်စကား မပြောမိဖို့ အလွန်အရေးကြီးကြောင်း သတိပြုပါ။
အထက်ပါ အချက်တွေဟာ အကောင်းမြင်ဝါဒသမားတွေ အမှန်တကယ်ကျင့်သုံးတဲ့အရာတွေ ပါ။ အခု မိတ်ဆွေဖတ်ပြီးပြီဆိုရင်တော့ စိတ်လက်ပေါ့ပါးစွာနဲ့ အကောင်းမြင်သမားလေးအဖြစ် ကိုရောက်ဖို့ စတင်ခြေလှမ်းလိုက်ပြီမို့ ကုသိုလ်တရားအပြည့်နဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင် တော့မှာပါ။

Credit : YangonLife

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top