iMyanmarHouse.com - Best Property Website for Myanmar
×









ပျင်းတတ်တဲ့ တို့လူငယ်တို့ အတွက် အနုပညာမြောက် ပျင်းရိတတ်ဖို့ ပျင်းတတ်ခြင်း အနုပညာ အကြောင်း ပြောပါဦးမယ်။ ပျင်းတာက ပျင်းတာပေါ့.. ဘာကြောင့် အနုပညာမြောက် ဖြစ်ရမှာလဲလို့ ပြောကြလိမ့်မယ် ထင်တယ်။ ပျင်းတာနဲ့ အနုပညာက တခြားစီပါ။ ဘာကြောင့် တွဲစပ်ပြောတာလဲလို့လည်း စောဒက တက်ကြမယ် ထင်တယ်။

ကဲ ပျင်းတတ်ခြင်းအနုပညာအကြောင်း ရှင်းပါမယ်။ ပျင်းတတ်ခြင်းနဲ့ အနုပညာဆိုပြီး တွေ့နိုင်တယ်။ ပျင်းရိခြင်းဟာ မိုက်မဲတာ မဟုတ်သလို မိုက်ရူးရဲဆန်တာလည်း မဟုတ်ဘူး။ သက်သောင့်သက်သာနဲ့ စိတ်လွတ် ကိုယ်လွတ် နေလိုတာဟာ ပျင်းရိတာ ဖြစ်တယ်။ အနုပညာ ဆိုတာက မျှတခြင်း ညီညွတ်ခြင်း ပြေပြစ်ခြင်း ဘက်ညီခြင်း ဖြစ်တယ်။ တနည်းအားဖြင့် အနုပညာ ဆိုတာ အစွန်းတဖက် မရောက်ဘဲ ပေါင်းစည်း ပေါင်းစပ် ထားခြင်းလို့ ဆိုနိုင်တယ်။ ကမ္ဘာပေါ်မှာ အနုပညာ အမျိုးမျိုး ဆင့်ပွား ဆက်စပ် ပေါ်ပေါက်လာနေတာ တွေ့နိုင်ပါတယ်။

ပျင်းတတ်ခြင်း အနုပညာဆိုတာ ပျင်းရိခြင်းနဲ့ ဘ၀အောင်မြင်လိုခြင်းကို ညီညွတ်မျှတစွာ ပေါင်းစပ်ပြီး အောင်မြင်အောင် စိတ်အတွေး အကြံဖြည့်ဆည်း ကျင့်ကြံတာပဲ ဖြစ်တယ်။

တကယ်လို့သာ တို့လူငယ်တွေ အနေနဲ့ ပျင်းလို့ ဆိုပြီး ဘာမှ မလုပ်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်သလို၊ ဘာကိုဘယ်လို ရည်ရွယ်တယ် ဆိုတာ မသိဘဲ အလုပ်တွေ အများကြီး သိမ်းကျုံးလုပ်နေရင်လည်း အောင်မြင်မှုဆိုတာ ရမှာ မဟုတ်ဘူး။ ပျင်းလို့ဆိုပြီး ဘာမှမလုပ်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ရည်ရွယ်ချက် မရှိဘဲ အလုပ်တွေ အများကြီးလုပ်နေပြန်ရင်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ လေးလေးနက်နက် သတိပြုရမယ်။ ဒါကြောင့် ပျင်းရိခြင်းနဲ့ ဘ၀အောင်မြင်လိုလားမှုကို မျှတညီညွတ်စွာ ပေါင်းစပ် ကျင့်ကြံဖို့ ပျင်းတတ်ခြင်း အနုပညာလို့ အမည်ပေး လိုက်တာ ဖြစ်တယ်။

ကဲ အနုပညာမြောက် ပျင်းရိတတ်ဖို့ အပြည့်အစုံ ပြောပါဦးမယ်။ ပထမဆုံး ပျင်းတတ်တဲ့ တို့လူငယ် အနေနဲ့ ဘ၀မှာ ဘာဖြစ်ချင်တာလဲဆိုတာ သိအောင်စဉ်းစားပါ။ ဥပမာ.. အဆိုတော်ဖြစ်ချင်တယ်၊ တက္ကဆီ အုံနာ ဖြစ်ချင်တယ်၊ မော်ဒယ်ဖြစ်ချင်တယ်၊ သရုပ်ဆောင် ဖြစ်ချင်တယ်၊ ဆရာဝန်.. အင်ဂျင်နီယာ စသဖြင့် မိမိလိုလားတာကို တိတိကျကျ စဉ်းစားပါ။ အများအားဖြင့် လူတော်တော်များများဟာ ဟိုဟာလည်း ဖြစ်ချင်၊ ဒီဟာလည်း ဖြစ်ချင်၊ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်း လုပ်ချင် ဖြစ်နေတတ်ကြတယ်။ အဲဒီမှာ ဟိုဟာလည်း မဖြစ်၊ ဒီဟာလည်း မဖြစ်၊ ဟိုဟာလည်း မလုပ်နိုင်၊ ဒီဟာလည်း လုပ်မရ ဖြစ်ပြီး ဘ၀အောင်မြင်မှုနဲ့ ဝေးကွာလှမ်းနေတာ ဖြစ်တယ်။ ဒီတော့ မိမိ ဘ၀မှာ တကယ်လိုလားတာကို ပထမဆုံး သိအောင်စဉ်းစားဖို့ အရေးကြီးတယ်။

ဘ၀မှာ မိမိလိုလား ဖြစ်ချင်တာကို သိမြင်ပြီ ဆိုပါတော့..၊ ဥပမာ ဆရာဝန်၊ လေယာဉ်မှူး..စသဖြင့် တခုခု ကို အသေအချာ သိပြီ ဆိုရင်.. ဒုတိယ အနေနဲ့.. အဲဒီ ဆရာဝန် တယောက်လို၊ လေယာဉ်မှူး တယောက်လို ပြုမှုနေထိုင်ရမှာ ဖြစ်ပါတယ်၊ စိတ်အတွေး အကြံ ရှိရမှာဖြစ်တယ်။ တတိယကလည်း အလွန်အရေးကြီးတယ်။ အဲဒါကတော့ ဆရာဝန်ဖြစ်တဲ့ သူဟာ ဆရာဝန် အတတ်ကို တတ်မြောက်မှ ဆရာဝန် ဖြစ်မှာ မဟုတ်လား။ ဒီတော့ ဆရာဝန် အတတ်ပညာကို မဖြစ်မနေ ဆည်းပူးလေ့လာရမှာ ဖြစ်တယ်။

ထို့အတူ လေယာဉ်မှူးဖြစ်ချင်ရင်လည်း လေယာဉ်မှူး အတတ်ပညာကို တတ်မြောက်မှ ဖြစ်မယ် မဟုတ်လား။ အဲဒီ အချက် ၃ ချက်ကို မျှမျှတတ ဖြစ်အောင်ပေါင်းစပ်ပြီး ဘ၀အောင်မြင်ရေးကို အပြည့်အစုံ ရရှိမှာ ဖြစ်တယ်။ တကယ်လို့ မိမိဘ၀မှာ ဘာဖြစ်ချင်မှန်း မသိဘူး ဆိုရင်.. ဘာမှ ဖြစ်မှာ မဟုတ်။ ထို့အထူ မိမိ လိုလားတဲ့ ဘ၀ အနေအထားနဲ့ အညီ အပြုအမူ အတွေး အကြံ မရှိရင်လည်း အဲဒီ လိုလားတဲ့ ဘ၀ကို မရနိုင်ပါ။ ထို့အထူ မိမိလိုလားတဲ့ ဘ၀ အနေအထားနဲ့ ကိုက်ညီတဲ့ အတတ်ပညာ နဲ့ ကျွမ်းကျင်မှုလည်း ပြည့်စုံရမှာ ဖြစ်တယ်။ တကယ်လို့ ပထမ ၂ ချက်ပဲ ရှိမယ်ဆိုရင် “ဒီကောင် ရူးနေတာ” “ဒီကောင်မ ရူးနေတာ” လို့ အပြောခံရမှာ သေချာတယ်။

Credit : Irrawaddy

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top