iMyanmarHouse.com - Best Property Website for Myanmar
×











ဗုဒ္ဓမြတ်စွာသည် အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ် ၀ဏိဇ္ဇသုတ်တော်တွင်
ဗုဒ္ဓဘာသာ ဥပါသကာတစ်ယောက် အနေဖြင့်
“ မရောင်းကောင်းသော ကုန်စည်မျိုး (၅) ပါး ”ကို ဟောကြားတော်မူခဲ့ပါသည်။ ထိုငါးပါးတို့မှာ -

(၁) သတ္ထ၀ဏိဇ္ဇာ = အများသေစေကြောင်း လေး၊ မြား
စသော လက်နက်ပေါင်းအမျိုးမျိုးကို ရောင်းခြင်း၊

(၂) သတ္တ၀ဏိဇ္ဇာ = ဆင်၊ မြင်း၊ လူ စသော အစေခံ
သတ္တ၀ါအပေါင်းကို ရောင်းခြင်း၊

(၃) မံသ၀ဏိဇ္ဇာ = ၀က်၊သမင် စသော
အသားစားကြောင်း သတ္တ၀ါအပေါင်းကို ရောင်းခြင်း၊

(၄) မဇ္ဇ၀ဏိဇ္ဇာ = သေရည်အရက်အမျိုးမျိုးကို ရောင်းခြင်း၊

(၅) ၀ိသ၀ဏိဇ္ဇာ = အများကို သေစေတတ်သော
အဆိပ်အမျိုးမျိုးကို ရောင်းခြင်းတို့ ဖြစ်ပါသည်။



♦ ဗုဒ္ဓမြတ်ဘုရားသည် ဓား၊ လှံ၊ လေး၊ မြား စသော(လူသတ်)လက်နက်တို့ကို မိမိကိုယ်တိုင်
ပြုလုပ်၍လည်းကောင်း၊ တခြားတစ်ပါးသောသူကို ပြုလုပ်ခိုင်း၍လည်းကောင်း၊
သူတစ်ပါး ပြုလုပ်ပြီးသည်ကို တစ်ဆင့်ဝယ်ယူ၍လည်းကောင်းရောင်းဝယ်ခြင်းမပြုလုပ်ရဟု တားမြစ်တော်မူပါသည်။အဘယ်ကြောင့် တားမြစ်ရသနည်းဟူမူ
ဓား၊ လှံ စသော လက်နက်တို့သည် တစ်ပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ်စက်ကြောင်း
ဖြစ်သောကြောင်း ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် "မိစ္ဆာစာရ " ဖြင့် အသက်မွေးသောမိန်းမပေါ့ (ပြည့်တန်ဆာ) ရောင်းဝယ်ခြင်း၊
လူများကို ကျွန်ဖြစ်စေရန် ရောင်းဝယ်ခြင်း စသော ကူးသန်းရောင်းဝယ်ခြင်းကို မပြုလုပ်ရဟု
တားမြစ်တော်မူပါသည်။ အကြောင်းမှာ သူ့ကျွန်၏အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် သားသမင်၊ နွား၊ကြက်၊ ၀က် စသော ဟင်းလျာသတ္တ၀ါတို့ကို မွေးမြူ၍
သားငါးမျိုးကုန် ရောင်းခြင်းကို တားမြစ်တော်မူပါသည်။ အကြောင်းမှာ သတ္တ၀ါတို့ကို သတ်ဖြတ်ရခြင်းဟူသော အကြောင်းကြောင့် ဖြစ်ပါသည်။

♦ ဗုဒ္ဓမြတ်စွာသည် လတ်တလော သေစေတတ်သော အဆိပ်အမျိုးမျိုး၊ ယုတ်စွအဆုံး
ကိုယ်ဝန်ကျစေတတ်သော ဆေးမျိုး ရောင်းစားခြင်းကို မပြုမလုပ်အပ်ဟု တားမြစ်တော်မူပါသည်။
အဘယ်ကြောင့်ဆိုသော် အဆိပ်အမျိုးမျိုးတို့သည် တစ်ပါးသော သတ္တ၀ါတို့ကို သေစေတတ်သောကြောင့်
ဖြစ်ပါသည်။

( လင်္ကာ)
လူနှင့် လက်နက်၊ ကြက်ဝက်၊ ယစ်မျိုး၊
အဆိပ်ဆိုးဟု၊ကောင်းကျိုးမရ၊ အပါယ်ကျသော၊
ဝဏိဇ္ဇငါး၊ မရောင်းစားဘဲ၊
ခုနစ်ပါး ဒုစရိုက်၊ ကြဉ်ဖယ်လိုက်၍၊
အမြိုက်ဘူမိ၊ရောက်ကြောင်းရှိသော၊
သုစရိကျင့်၊ စိတ်ကောင်းမြင့်လျက်၊
သင့်တင့်ညီစွာ၊ ကုန်သွယ်ပါလျှင်၊ မိစ္ဆာဇီဝါ၊
ကင်းလွတ်ပါလျက်၊ သမ္မာဇီဝါ၊ ပြည့်စုံပါသည်၊
ဥပါသကာ ဇီဝတည်း။
(ဥပါသကဂုဏပကာသနီ)

ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်းမပြုဘဲ ရှောင်ကြဉ်သင့်ပါသည်။ ထိုသို့ရှောင်ကြဉ်မှသာလျှင် နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော သုစရိုက်တရားတို့ကို ကျင့်ကြံနိုင်ပါမည်။

သို့မှသာ ကောင်းမြတ်သောစိတ်ထား ပြည့်ဝပြီး သင့်တင့်ညီညွတ်မျှတသောကုန်သွယ်မှုဖြစ်နိုင်ပါမည်။
ကောင်းသောအသက်မွေးမှုပြုခြင်း ဖြစ်နိုင်ပေမည်။

Credit : Young Buddhist Association

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top