iMyanmarHouse.com - Best Property Website for Myanmar
×














ကလေးငယ်များအား ထမင်းပွဲ အသင့်ပြင်ဆင်ပေးခြင်းထက် ၎င်းတို့ကိုယ်တိုင် ထမင်းဟင်း ခူးခပ်ခွင့် ပေးခြင်းက အနာဂတ် ကျန်းမာရေးအတွက် ကောင်းမွန်သည့် အလေ့အထတစ်မျိုး ဖြစ်စေနိုင်ကြောင်း သုတေသီများက ထောက်ခံ ပြောကြားလိုက်သည်။
မိသားစု တစ်ခုတွင် အတန်ငယ်မျှ သိတတ်သည့် အရွယ်ရောက်လာသည့် ကလေးများကို မိဘများက ထမင်းဟင်းထည့်၍ ပြင်ဆင်ပေးခြင်းထက် ကလေးများစိတ်ကြိုက် ထမင်းဟင်း ခူးခပ်စေခြင်းဖြင့် ၎င်းတို့အတွက် လုံလောက်သည့် အာဟာရ ပမာဏကို ကိုယ်တိုင် ချင့်ချိန် တွက်ချက်တတ်လာစေကြောင်း သိရသည်။
ကလေးများက မိမိအတွက် သင့်တော်မည်ဟု ယူဆရသည့် အစားအသောက် ပမာဏကို အလိုအလျောက် အလေ့အကျင့်ရ ချိန်ညှိတတ်လာပြီး ယင်းက အနာဂတ်တွင် အဝလွန်မှု ဖြစ်နိုင်ခြေ အကျိုးဆက်ကို လျော့နည်းသွားစေမည် ဖြစ်သည်။အမေရိကန်နိုင်ငံမှ သုတေသီများက မိဘများ အနေဖြင့် ကလေးများ အစားအသောက် မကုန်သည့်အခါ အတင်းအကျပ် ဖိအားပေးပြီး ဆက်လက်စားသောက်စေရန် တိုက်တွန်းခြင်းသည်လည်း မဖြစ်သင့်သည့် လုပ်ရပ်တစ်ခုဟု မှတ်ချက်ပေးခဲ့သည်။ 
အီလီနွိုက် တက္ကသိုလ်မှ သုတေသန အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဘရန့် မက်ဘရိုက်က အစားအသောက် ပမာဏနှင့် ပတ်သက်လျှင် ကလေးများ၏ ကိုယ်ပိုင်ချင့်ချိန်မှုကိုသာ အားပေးသင့်ပြီး ထမင်းဝိုင်းတွင် ၎င်းတို့အတွက် ပန်းကန်အလွတ်ကိုသာ ပြင်ဆင်ထားပေးခြင်းက အကောင်းဆုံးဟု ပြောကြားခဲ့သည်။ 
“တကယ်တော့ မိသားစု ထမင်းဝိုင်းဟာ ကလေးတွေအတွက် ပရိုတိန်းနဲ့ အစားအသောက်တွေအကြောင်း သဘာဝအလျှောက် အသိပညာယူဖို့ အကောင်းဆုံး နေရာပါပဲ။ မိဘတွေက ကလေးတွေရဲ့ ထမင်းဟင်းကို ကြိုပြင်ဆင်ပေးထားမယ်ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ် အာဟာရပြု စနစ်ကို အလိုအလျောက် နားလည်နိုင်စွမ်းက ဘယ်တော့မှ တိုးပွားလာတော့မှာ မဟုတ်ဘူးလေ။ ဒါဟာ သူ့အတွက် သင့်တော်တဲ့ အာဟာရ ပမာဏ ဟုတ်မှန်း မဟုတ်မှန်း ဒီကလေးက ဘယ်တော့မှ ပြောပြနိုင်စရာ အကြောင်းမရှိတော့ဘူး”ဟု ၎င်းက ရှင်းပြခဲ့သည်။ 
၎င်းကပင် ဆက်လက်၍ ကလေးများ မစားချင်၊ မသောက်ချင်တော့သည့်အခါ မိဘများက အတင်းအကျပ် တိုက်တွန်း၍ ပန်းကန်ထဲမှ အစားအသောက် ကုန်အောင် စားခိုင်းချင်းမျိုးကို ရှောင်ကြဉ်သင့်ကြောင်းလည်း အကြံပြုခဲ့သည်။
“အဲဒီလို ဖိအားပေးမယ့်အစား မိဘတွေ တကယ်လုပ်သင့်တာက ကလေးက စားကောင်းသလား၊ ဒါမှမဟုတ် ဗိုက်ဝသွားပြီလားဆိုတာ မေးဖို့ပါ။ တကယ်လို့ ကလေးတွေက သူတို့ဗိုက်ဆာနေပြီဆိုရင် ကိုယ့်ဖာသာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ တကယ်က မိဘတွေ လုပ်သင့်တာဟာ ကလေးတွေကို အစာများများ ကျွေးနေဖို့ မဟုတ်ပါဘူး။ သူတို့ ဆာလောင်လာချိန်ကို ဂရုစိုက် နားထောင်ပေးဖို့သာ ဖြစ်ပါတယ်”ဟုလည်း ဒေါက်တာမက်ဘရိုက်က ဆွေးနွေးပြောဆိုသွားသည်။
 
Credit : Planet

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top