iMyanmarHouse.com - Best Property Website for Myanmar
×











ဥရောပ အမျိုးသမီး များသည် အမျိုးသား များထက် ပညာပိုတတ် လာကြ၊ အလုပ်ပို ကြိုးစားလာ ကြသည့်တိုင် လုပ်ခ လစာ ရရှိသည့် အပိုင်းတွင် ကားနောက်ကောက် ကျနေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) က ထုတ်ပြန် ပြောကြား လိုက်သည်။

 ဥရောပတိုက်တွင် ကျား/မ ကွာခြားချက်ကြောင့် အမျိုးသမီး များသည် တစ်လလျှင် အမျိုးသား များအောက် ဒေါ်လာ (၁၀၀) မှသည် ဒေါ်လာ ၇၀၀ လောက်ထိ လျော့ပြီးရ နေကြကြောင်း ILO က ပြောသည်။ ဗြိတိန် နိုင်ငံတွင် အမျိုးသမီး များသည် အမျိုးသား များထက် ပျမ်းမျှ အားဖြင့် လစာ (၂၈) ရာခိုင်နှုန်း လျော့ပြီး ရနေကြ ကြောင်းလည်း ILO အစီရင်ခံစာက ဆိုသည်။

ကမ္ဘာတစ်ဝန်း ကျား/မ လစာ ကွာဟချက်များကို သုံးသပ် ကြည့်သည့် အခါ အခြား သိသာသော အကြောင်းပြချက်များ မတွေ့ရဘဲ အမျိုးသမီး များကို စိတ်ခံယူချက် အရကိုက နှိမ်ထားခြင်း၏ ရလဒ်ကြောင့်သာ ယခုကဲ့သို့ လစာများ ကွာဟနေရခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ ILOသည် ကမ္ဘာ့ (၃၈) နိုင်ငံရှိ ကျား/ မ လစာ ကွာဟချက်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ထိုအခါ အမျိုးသမီး များသည် အမျိုးသားများနှင့် ယှဉ်လျှင် လစာ(၄) ရာခိုင်နှုန်းမှသည် (၃၆) ရာခိုင်နှုန်းထိ လျော့နည်း နေကြသည်ကို တွေ့ရကြောင်း ILO ဘောဂဗေဒ ပညာရှင် ခရစ္စတန် ဆိုဘက်ခ်က ပြောသည်။

နှိမ်ထားခြင်းလား
 ဥရောပတွင် ၂၀၁၀ ခုနှစ်၌ လစာ အနည်းဆုံးရသော အမျိုးသမီး(၁၀) ရာခိုင်နှုန်းနှင့် လစာ အနည်းဆုံးရသော အမျိုးသား(၁၀) ရာခိုင်နှုန်းတို့၏ လစာချင်းကို ယှဉ်ကြည့်သည့် အခါ အမျိုးသမီးများက အမျိုးသားများအောက် တစ်လကို ဒေါ်လာ (၁၀၀) လောက် လျော့ပြီးရနေ ကြကြောင်း တွေ့ခဲ့ရ သည်။ တစ်ဖန် လစာ အမြင့်ဆုံး ရသော အမျိုးသား (၁၀) ရာခိုင်နှုန်းနှင့် အမျိုးသမီး (၁၀) ရာခိုင်နှုန်းကို ယှဉ်ကြည့်သည့် အခါ တွင်လည်း အမျိုးသမီးများ သည် တစ်လကို ဒေါ်လာ(၇၀၀) လောက်ထိ လျော့ပြီး ရနေ ကြကြောင်း တွေ့ခဲ့ရသည်။

 ILO သည် ကျား/မ ပညာရေး အဆင့်အတန်း၊ လုပ်ငန်း အတွေ့အကြုံ၊ ရာထူး အနိမ့်အမြင့်၊ အလုပ်အကိုင် တည်နေရာ၊ အလုပ်ခွင် အခြေ အနေ များကို စနစ်တကျ ထည့်သွင်း တွက်ချက် ထားခြင်း ဖြစ်သည်။ လေ့လာမှု စစ်တမ်းတွင် ပါဝင်သော နိုင်ငံ ထက်ဝက် ကျော်တွင် အမျိုးသမီးများ သည် အထက်ပါ အချက်များတွင် အမျိုးသားများ ထက်သာ လွန်ကြသည့်တိုင် လစာ ကျတော့ နည်းပြီး ရနေ ကြကြောင်း ILO အစီရင်ခံစာတွင် ဖော်ပြထားသည်။

 ဥပမာအားဖြင့် ဆွီဒင်ကို ကြည့်နိုင်သည်။ ဆွီဒင် အမျိုးသမီး များသည် ပျမ်းမျှအားဖြင့် အမျိုးသား များအောက် လစာ (၄) ရာခိုင်နှုန်း လျော့နည်း နေသည်။ ကျား/မ ကွာခြားချက်ကို ဖယ်ပြီး လုပ်နိုင်ကိုင်နိုင်ပုံ၊ ပညာတတ်ပုံ၊ အလုပ် ကြိုးစားပုံများ ကိုချည်း ကြည့်ပြီး လစာ သတ်မှတ်မည် ဆိုပါက ဆွီဒင် အမျိုးသမီး များသည် အမျိုးသား များထက် လစာ (၁၂) ရာခိုင်နှုန်းထိ ပိုရစရာ ရှိကြောင်း ILO အစီရင်ခံစာတွင် ဖော်ပြထားသည်။

 ဗြိတိန်ကဲ့သို့ နိုင်ငံမျိုးတွင်လည်း လစာချင်း ကွာဟနေ ရခြင်း အကြောင်းရင်းများ အနက် သုံးပုံတစ်ပုံမှာ အမျိုးသားများက အတွေ့အကြုံပို ရှိခြင်း၊ ပို၍ စီနီယာကျခြင်း ဟူသော အယူအစွဲ များကြောင့် ဖြစ်ကြောင်း စစ်တမ်း ပြုစုရေး အဖွဲ့ထဲတွင် ပါဝင်သော မစ္စ ဆိုဘက်ခ်က ပြောသည်။ ကျား/မ လစာ ကွာခြားခြင်းကို တိုက်ဖျက်နိုင်မည့် အကြံပြုချက် များလည်း ILO အစီရင်ခံစာတွင် ဖော်ပြထားသည်။ လုပ်ခ ဆိုင်ရာ မူဝါဒများ ချမှတ် ထားခြင်း၊ ကျား/မ တန်းတူ ညီမျှစေရေး ဥပဒေကောင်းများ ရှိစေရေးသည် အဓိက အသက်ဖြစ်ကြောင်း ILO က ဆိုသည်။ 

Credit : Messenger

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...   
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top